တိုင်းရင်းသား ခေါင်းဆောင် အများအပြားအတွက် ဖြေရှင်းရခက်သည့် အကြောင်းတခုရှိနေပါသည်။ သူတို့က စကား တခွန်းကို စာချုပ်တခုလို မှတ်ယူသည့် နိုင်ငံရေး အစဉ်အလာကို လက်ကိုင်ထားကြသည်။ သူတို့က စစ်ပွဲ တွေကို ရပ်ပြီး ဆွေးနွေးညှိနှိုင်းချင်ကြသည်။ သို့သော် သမ္မတဦးသိန်းစိန်ကို ယုံကြည်ပေးဖို့ စိတ်ထဲမှာ မဝံ့မရဲ ဖြစ်နေကြသေး၏။
ဦးသိန်းစိန်၏ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းက ဘာကြောင့် စကားမတည်နိုင်ရသနည်းဟု သူတို့ စောကြောနကြသည်။ ဦးအောင်မင်းသည် တပ်မတော်ကို အမှန်တကယ် မထိန်းချုပ်နိုင်ခြင်းလား သို့တည်းမဟုတ် စကားပရိယာယ် သုံးနေခြင်းလား သူတို့ စဉ်းစားနေကြသည်။ အစိုးရက တပ်မတော်ကို ဘာကြောင့် အပြည့်အ၀ မထိန်းချုပ်နိုင်သည့် အသွင်မျိုးဖြစ်နေရသနည်း ဆိုသည့် မေးခွန်းက သူတို့အတွက် အရေးအကြီးဆုံး မေးခွန်းဖြစ်လာသည်။ သို့သော်လည်း တိုင်းရင်းသားများသည် ဦးသိန်းစိန် အစိုးရနှင့် ဆက်သွယ်ပတ်သက်ဖို့ လိုအပ်ပါသည်။
အဘယ်ကြောင့် ပတ်သက်ဖို့ လိုအပ်ရသနည်း။ ပြည်ထောင်စု မြန်မာနိုင်ငံဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော ဗမာလူမျိုး အမျိုးသားရေးစိတ်ဓာတ်ရှိသူတွေ အားထုတ်မှုသက်သက်ကြောင့် ဖြစ်ပေါ်လာရခြင်း မဟုတ်ပါ။ များစွာသော တိုင်းရင်းသားများမှ ရွေးကောက်ပေးထားသော ခေါင်းဆောင်များနှင့် ပူးပေါင်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ နယ်မြေများကို စုပေါင်း၍ ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်ရန် ပင်လုံတွင် အားလုံး သဘောတူညီခဲ့ကြသည်။ တိုင်းရင်းသားများသည် ပြည်ထောင်စု မြန်မာနိုင်ငံကို ဗမာတွေကဲ့သို့ အတူတူ ပူးတွဲပိုင်ဆိုင်သူများ ဖြစ်ကြသည်။ ထို့အတူ နိုင်ငံ ပြည်လည် ဖွဲ့စည်းတည်ဆောက်ရေး ဗမာတွေနှင့် တန်းတူ အခွင့်အရေးနှင့် တာဝန်တွေ ရှိ သူများ ဖြစ်ကြသည်။ နိုင်ငံတည်ဆောက်ရေး တာဝန်ကို ဗမာတွေချည်းသာ ယူဖို့ မထားနိုင်ကြပါ။ နှစ်ပေါင်း ၅၀ လောက် မူပိုင်ယူထားခဲ့ပြီး ကမောက်ကမ အရှုပ်အထွေးတွေ လုပ်ခဲ့ကြပြီး၍ ဖြစ်သည်။
လွတ်လပ်ရေး ရစဉ်အခါက မြန်မာနိုင်ငံတွင် ပညာတတ်လူတန်းစား အများစုက ရခိုင်နှင့် ကရင်များဖြစ်သည်။ အစောပိုင်း နှစ်များတွင် နိုင်ငံက မတည်မငြိမ်နှင့် ဖရိုဖရဲဖြစ်ခဲ့ရသည်။ သို့သော်လည်း ပြဿနာကို လေ့လာကြည့်မည်ဆိုလျှင် တိုင်းရင်းသား လူမျိုးများက စတင်ခဲ့ခြင်း မဟုတ်သည်ကို တွေ့ရှိရပါလိမ့်မည်။ ပထမဆုံးနှင့် အရေးအပါဆုံးသော အန္တရာယ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အုံကြွတော်လှန်မှုဖြစ်သည်။ ထို့ပြင် ဝန်ကြီးချုပ် ဦးနု၏ နိုင်ငံရေး ပြိုင်ဘက်ရန်သူများလည်း ပါဝင်ကြသည်။
မြန်မာ့တပ်မတော်ပင်လျှင် ပုန်ကန်မှုတွင်ပါဝင်ခဲ့ပြီး ဦးနု၏ အစိုးရသည် ဆက်လက်သစ္စာခံကြသည့် ချင်း၊ ကချင်နှင့် ကရင် သေနတ်ကိုင် တပ်ရင်းများကြောင့်သာ ဆက်လက်ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က နိုင်ငံတော် သမ္မတသည် ရှမ်း လူမျိုးဖြစ်၍ ဝန်ကြီးချုပ်က ဗမာလူမျိုးဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ်တို့က ကရင်လူမျိုးများ ဖြစ်ကြသည်။ တိုင်းရင်သား လူမျိုးပေါင်းစုံပါဝင်သည့် နိုင်ငံတခုကို ဖန်တီးတည်ဆောက်ဖို့ ကြီးကျယ်သော စမ်းသပ်ချက် တခုလည်း ဖြစ်ခဲ့ပါသည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ် နေဝင်းက အာဏာသိမ်းယူလိုက်ပြီးနောက် သူက သမိုင်းကို ပြန်၍ရေးသည်။ ဗမာမဟုတ်သူ များကို အရေးပါသည့် နေရာများမှ ဖယ်ထုတ်ပြီး ဗမာကြီးစိုးရေး လုပ်ငန်းစဉ်များကို စတင်ခဲ့သည်။ သူနှင့် နိုင်ငံရေး အယူ အဆ ကွဲပြားသူများကို လက်နက်ကိုင်တိုက်ခိုက်မှုမှ လွဲ၍ အခြားပြန်လည်လုပ်ဆောင်ရမည့် နည်းလမ်းမရှိအောင် ဖိနှိပ် ပစ်ခဲ့သည်။ လက်နက်မရှိသူများသည် ဒုတိယတန်းစားနိုင်ငံသားများ အဖြစ်သို့ရောက်ရှိသွားနိုင်သည့် အတွက် တောတောင်များထဲတွင် သွားရောက်ပုန်းအောင်းကြရသည်။ ဒုက္ခသည်များ ဖြစ်လာကြသည်။ သို့မဟုတ် နိုင်ငံရပ်ခြားမှာ ဘ၀ အသစ် တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းရှာကြရတော့သည်။
ပထမဆုံးသော အလင်းရောင်ကို ဗိုလ်ချုပ်နေဝင်း အာဏာစွန့်သွားရပြီးနောက် ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြန်လည်မြင်ခွင့်ရခဲ့သည်။ တိုင်းရင်းသားပါတီများ ထိုရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည်။ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခြင်း မခံခဲ့ရသော်လည်း အောင်မြင်မှုက တိုင်းရင်းသား လူမျိုးစုများကို နိုင်ငံရေး အရ စကားပြောနိုင်အောင် လမ်းဖွင့်ပေးနိုင်ခဲ့သည်။ နောက်ပိုင်း နှစ် ၂၀ အတွင်း တိုင်းရင်းသားတို့၏ အရေးကိစ္စများ နှင့် ရည်မှန်းချက်များကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့ကြသည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များသည် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်သူများ၊ သောင်းကျန်းသူများ မဟုတ်ကြဘဲ သူတို့၏ အခွင့်အရေး၊ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်သွင်ပြင်လက္ခဏာများကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံရေးလှုပ်ရှားမှု၏ တစိတ်တပိုင်းအဖြစ် ဆောင်ရွက်နေကြသူများ ဖြစ်ကြောင်း သိရှိနားလည်လာကြသည်။
နောက်ထပ် အခွင့်အရေးတခုက ၂၀၁၀ ရွေးကောက်ပွဲနှင့် အတူရောက်ရှိလာခဲ့သည်။ တိုင်းရင်းသားပါတီများ တိုးတက်မှုကို ရှာဖွေနိုင်ခဲ့သည်။ လွှတ်တော်တွင် တိုင်းရင်းသားအရေးကိစ္စများ ပြောဆိုနိုင်ရန် လုံလောက်သည့်နေရာ ရရှိခဲ့ပြီး သူတို့၏ နေရပ် ပြည်နယ်များတွင် သြဇာလွှမ်းမိုးနိုင်ဖို့ အားထုတ်လာကြသည်။ ထိုရွေးကောက်ပွဲ နှစ်ခုသည် ဗိုလ်ချုပ်နေဝင်း အစပြုခဲ့သည့် လမ်းကြောင်းကို ပြန်လည်၍ ဆန်တက်ခြင်းဟု ယူဆ၍ ရနိုင်ပါသည်။
ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးစကားပြောဖို့ ဖိတ်ခေါ်မှုသည်လည်း လက်နက်ကိုင်ထားသူများကို နိုင်ငံရေးပွဲခင်းသို့ ပြန်လာအောင် ဖွင့်ပေးသည့် လမ်းကြောင်းတခု ဖြစ်ပါသည်။
ကျနော့်ကို အထင်မလွဲစေလိုပါ။ ၁၉၆၀ ကာလများအတွင်းက လက်နက်ကိုင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပါ။ လက် နက်ကိုင် တိုက်ခိုက်မှုသာ မလုပ်ခဲ့လျှင် တိုင်းရင်းသားတို့၏ စရိုက်လက္ခဏာ အမြောက်အများ ကွယ်ပျောက်သွားရတော့မည် ဖြစ်သည်။ ကျနော်၏ မိခင်နှင့် အကို ဖြစ်သူတို့လည်း ထိုလက်နက်ကိုင်တော်လှန်ရေးတွင် အစိတ်အပိုင်းတခုအဖြစ် ပါဝင်ခဲ့ကြပါသည်။ သို့သော်လည်း ယခုအချိန်သည် လက်နက်ကိုင်လှုပ်ရှားခြင်းထက် နိုင်ငံရေးအရ လှုပ်ရှားခြင်းဆီသို့ ပြန်သွားရမည့် အချိန်ဖြစ်သည်ကို သူတို့ ကျနော်နှင့် သဘောတူကြမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးစံနစ်က ဒီမိုကရေစီ ဆန်လာပြီး တိုင်းရင်းသားများက နိုင်ငံရေးနည်း အရ အဖြေရှာဖို့ကြိုးစားသည်နှင့်အမျှ အာဏာကို ရယူ ထိန်းချုပ် ထားနိုင်ရန် မဖြစ်နိုင်မှန်း ဗိုလ်ချုပ်နေဝင်း ကောင်းစွာ သဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူက လုပ်ပိုင်ခွင့်အာဏာကို ရယူ ထိန်းချုပ်ထားနိုင်ရန်အတွက် စနစ်ကို ဖျက်ဆီးလိုက်ပြီး တိုင်းရင်းသားများကို တောကြိုအုံကြားသို့ ပို့ဆောင် ပစ်လိုက်သည်။
အကယ်၍ လိုအပ်သည်ဆိုပါလျှင် တိုင်းရင်းသားများသည် နောက်ထပ် နှစ် ၅၀ကြာသည်အထိလည်း ဆက်လက် တိုက်ခိုက်နိုင်စွမ်းရှိသည် ဆိုသည်ကို ကျနော် သံသယ မရှိပါ။ သို့သော်လည်း တနိုင်ငံလုံး အတွက် အကျိုးမရှိသလို တိုင်းရင်းသားများကိုလည်း အကျိုးမဲ့စေနိုင်ပါသည်။ နောက်သို့ နှစ်ပေါင်း ၅၀ ပြန်၍ကြည့်လိုက်မည်ဆိုလျှင် ပညာရေး အားအနည်းဆုံးနှင့် အဆင်းရဲဆုံးမှာ မည်သူတွေဖြစ်ပါသနည်း။ ဗမာတွေ မဟုတ်ပါ။ နိုင်ငံ၏ အနာဂါတ်အတွက် အရေးပါသော ဆုံးဖြတ်ချက်များ အားလုံးကို မည်သူတွေ ချမှတ်နေကြပါသနည်း။ တိုင်းရင်းသား လူမျိုးတွေ မဟုတ်ကြပါ။
တိုက်ပွဲတွေ ကြာရှည်စွာ ဆက်လက်ဖြစ်ပေါ်နေသည်နှင့် အမျှ တိုင်းရင်းသားတို့၏ အခြေအနေ အဆင့်အတန်းသည် ပို၍ ကျဆင်းလာမည် ဖြစ်သည်။ နောက်ဆုံးတွင် သူတို့ကို မြောက်အမေရိကမှ ရှေးကျသည့် မျိုးနွယ်စုများလို ယဉ်ကျေးမှု အတွက် အထူးသီးသန့်စောင့်ရှောက်ထားသည့် နေရာမျိုးတွင်သာ မြင်နိုင်တော့မည်။
လွန်ခဲ့သော ၆၅ နှစ်က ဆယ်စုနှစ်ပေါင်းများစွာ ကြာသည့် ကိုလိုနီအုပ်ချုပ်ရေးနှင့် ပျက်စီးဆုံးရှုံးမှုများသည့် စစ်ပွဲတခုကို ဖြတ်ကျော်၍ နိုင်ငံအသစ် တခုမွေးဖွားပေါ်ပေါက်လာသည်။ ထိုနိုင်ငံတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတနိုင်ငံ ဖြစ်နိုင်သည့် ကြီးကျယ်သော အလားအလာများလည်း ရှိနေသည်။ သို့သော်လည်း ထိုအလားအလာကောင်းများသည် မည်သည့် အခါမှ လက်တွေ့ဖြစ်မလာခဲ့ပါ။ နိုင်ငံသည် ပြည်တွင်းစစ်၏ အရှုပ်အထွေးနှင့် ပဋိပက္ခများကြားတွင် ရောက်ရှိနေခဲ့ရသည်။
ကွန်မြူနစ်တို့၏ စစ်မှန်သည့် ပြောင်းလဲခြင်းကို တော်လှန်ရေးဖြင့်သာရနိုင်သည်ဆိုသည့် အယူအဆက အရေးပါသည့် သော့ချက် အကြောင်းရင်း တခုဖြစ်သည်။ ကွန်မြူနစ်တို့ ယုံကြည်သော အပေးအယူ ညှိနှိုင်းမှုဆိုသည်မှာ တဖက်ဖက်က သူ့အယူအဆကို စွန့်လွှတ်ပေးဖို့ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီက ဗြိတိသျှတို့ကပေးသော လွတ်လပ်ရေးကို အစစ် အမှန် အဖြစ် လက်ခံပေးဖို့ ငြင်းပယ်ခဲ့သည်။
ကွန်မြူနစ်ပါတီနှင့် လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်သည့် အခြားသော အဖွဲ့များသည် တိုင်းပြည်ကို နှစ် ၅၀ ကြာအောင် စစ်အာဏာရှင်လက်အတွင်း ဆက်လက်ရှိနေစေမည့် စိုးရိမ်စရာလမ်းကို ခင်းခဲ့ကြသူများ ဖြစ်သည်။ နောက်ထပ် အကြောင်းတခုမှာ ဗမာခေါင်းဆောင်များအတွင်းမှ ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှု ကြီးမားခြင်းဖြစ်သည်။ တိုင်း ပြည်အတွက်ဟု ရှုမြင်ရမည့်အစား ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ ဖုံးလွှမ်းခဲ့ကြသည်။
ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ဖိနှိပ်ကန့်သတ်သည့် အာဏာရှင်စနစ်မှ ကျော်လွန်ခဲ့ပြီးသော ယနေ့အချိန်တွင် အလားတူ အဖြစ်မျိုးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ သို့သော်လည်း အများစုက အပြောင်းအလဲသည် တော်လှန်ရေးမှတဆင့် ရရှိလာခြင်း မဟုတ်သည့်အတွက် အစစ်အမှန် မဟုတ်ဟု ယူဆနေကြသည်။ ကျားသစ်သည် ကိုယ်ပေါ်က အစက်အပြောက်များကို ပြောင်းလဲခြင်း မပြုနိုင်သကဲ့သို့ အာဏာရှင်သည် ဒီမိုကရေစီကို လက်ခံမည်မဟုတ်ဟု ဆိုကြသည်။ လွတ်မြောက်ခြင်းကို တော်လှန်ရေးမှသာ ရရှိနိုင်လိမ့်မည်၊ စေ့စပ်ညှိနှိုင်းရန်ဆိုသည်မှာ အခြားသူတယောက်၏ အတွေးအခေါ်ကို စွန့် လွှတ်ဖို့ ညှိနှိုင်းခြင်း ဖြစ်သည် စသည့် အယူအဆများနှင့် ဗမာခေါင်းဆောင်ပိုင်း၏ ပုဂ္ဂိုလ်ရေး ပြိုင်မှုများက ကြီးမားနေဆဲဖြစ် သည်။
ကျနော်တို့၏ အမှားတွေထဲမှ ကျနော်တို့ သင်ခန်းစာ ယူနိုင်ကြပါပြီလား။ ယခုအချိန်အထိ အခြေအနေတွေက အကောင်းဆုံး စံနမူနာပြလောက်စရာဆီ ရောက်မလာသေးပါ။ အကောင်းဆုံး အခြေအနေကို ကျနော်တို့ ထိုင်စောင့်နေရမည်လား။ သို့မဟုတ် အကောင်းဆုံး အခြေအနေကို ကျနော်တို့လုပ်ယူပြီး ပို၍ကောင်းလာအောင်လုပ်နိုင်ဖို့ ကြိုးစားရတော့မည်လား။
(ဟန်ညောင်ဝေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏ သားတဦးဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးဝိုင်းများတွင် ပါဝင်ဆောင်ရွက်နေသော ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပ-မြန်မာရုံး (EBO) ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။ ၎င်း၏ Can President Thein Sein Be Trusted? ကို နိုင်မင်းသွင် ဘာသာပြန်သည်)