[irrawaddy_gallery]
အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူ က ၎င်းတို့ အနေဖြင့် နယ်ခြေားစောင့်တပ် အဖြစ် အသွင်းပြောင်းခဲ့ရပုံကို ယနေ့ ရှင်းလင်း ပြောဆိုလိုက်သည်။
ဗိုလ်မှူးချုပ် စောချစ်သူ သည် ကရင်ပြည်နယ် နယ်ခြားတပ်များ၏ ဗဟို ကွပ်ကဲရေး၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည်။
“DKBA ဘဝကနေ နယ်ခြားစောင့်တပ် ပြောင်းရမယ့်အချိန်မှာ ကျနော်တို့ရဲ့DKBA အကြီးအကဲများ အကြီးမားဆုံး အခက်အခဲ တခုကို ရင်ဆိုင်ရပါတယ်၊ ကျနော်တို့လည်း မြိုင်ကြီးငူ ဆရာတော်ဘုရားကြီး(ဦးသုဇန)ရဲ့ သြဝါဒ ခံယူပြီးတော့ ကျနော်တို့ရဲ့ ခေါင်း ဆောင်တွေအားလုံး စောဘဦးကြီးရဲ့ မူ ၄ ချက် အတိုင်း ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမယ်၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီး ရမယ်၊ ကရင်ပြည်နယ် ကရင် အုပ်ချုပ်ရမယ်၊ လက်နက်ချတဲ့ စကား ဘယ်တော့မှ မပြောနဲ့ ဆိုတဲ့ အတိုင်း အဲဒီ မူ ၄ ချက်နဲ့ ညီမျှတဲ့အတွက် ကျနော်တို့ လက်ခံခဲ့တာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် စောချစ်သူ က ပြောသည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) မှ (BGF) အဖြစ် ပြောင်းလဲခဲ့ရခြင်းနှင့် ပတ်သက်သော အဆိုပါ ရှင်းလင်းချက်ကို ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကို ကျေးရွာတွင် ယနေ့ ကျင်းပသော BGF အမှတ် (၃) တပ်နယ် အမှတ် (၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀) နယ်ခြားစောင့်တပ် ၃ နှစ်မြောက်နေ့ နှစ်ပတ်လည် အခမ်းအနား၌ ပြောကြားလိုက်ခြင်းဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသား လွတ်မြာက်ရေး တပ်မတော် (KNLA) တွင် ၎င်းအနေဖြင့် ဆယ်ကျော်သက် အရွယ်မှ ၁၉၉၄ ခုနှစ်အထိ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး မြိုင်ကြီးငူဆရာတော် ဦးသုဇန ၏ အရိပ်အာဝါသ အောက်၌ ခိုလှုံကာ DKBA သို့ ပြောင်းလဲခဲ့ကြောင်းကိုလည်း ယနေ့ အခမ်းအနားတွင် ဗိုလ်မှူးချုပ် စောချစ်သူ က ရှင်းပြသွားသေးသည်။
အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်၊ နယ်ခြားတပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ဖာနွီး၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင် အုန်း (ယခင် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး)နှင့် လက်ရှိ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် တင်မောင်ထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း တို့ တက်ရောက်ကြသည်။
ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး(KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA)၊ ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA)၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်(PNLO) အပါအဝင် တိုင်းရင်းသား တပ်ဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ ၁၂ ဖွဲ့ အပါအဝင် ရာနှင့်ချီသော ဒေသခံ ပြည်သူများလည်း တက်ရောက်ကြသည်ကို တွေ့ရသည်။
ထူးခြားချက်မှာ အဆိုပါပွဲကို ကရင်လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သော ဗိုလ်ထိန်မောင်၏ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) အဖွဲ့များ တက်ရောက်သည်ကို မတွေ့ရပေ။
ဗိုလ်မှူးချုပ် စောချစ်သူက ၎င်းတို့အနေဖြင့် DKBA အဖြစ်ရပ်တည်ခဲ့စဉ် ကာလနှင့် BGF သို့ ကူးပြောင်းလာသော ကာလများတွင် စိုက်ပျိုးရေး၊ သတ္တု တူးဖော်ရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းမီဒီယာများနှင့် သီးသန့်တွေ့ဆုံစဉ်မှာ ပြောသည်။
“ခနောက်စိမ်း၊ ရွှေ စတဲ့ သတ္တု တူးဖော်ရေး လုပ်ငန်း၊ ရော်ဘာ၊ ပြောင်းဖူး စိုက်ခင်းတွေနဲ့ ကုမ္ပဏီတွေတည်ထောင်ပြီး သွင်းကုန်၊ ထုတ်ကုန် လိုင်စင် အခွန်တွေနဲ့ ဆောင်ရွက်နေပါတယ် ရရှိတဲ့ အကျိုးအမြတ်တွေကို မိမိ အဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေးသာ မက ဘဲ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေး ဘက်မှာလည်း ၅၀ ရာခိုင်နှုန်းထက် မနည်း ကျခံ သုံးစွဲပါတယ်”ဟုလည်း ဗိုလ်မှူးချုပ် စောချစ်သူ က ပြောဆို သွားသည်။
DKBA သည် နယ်ခြားစောင့်တပ်(BGF) ဖွဲ့စည်းရန် ၂၀၁၀ ပြည့် ဇူလိုင်လတွင် လက်ခံခဲ့ပြီး တပ်ဖွဲ့စည်းခြင်း အခမ်းအနားများကို သြဂုတ် လ အတွင်း လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြဝတီ မြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေး ဒေသ များတွင် ယခင်စစ်အစိုးရက ဦးဆောင် ပြုလုပ်ခဲ့သည်။
၁၉၉၅ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမား လာ သည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။