ရခိုင်ပြည်နယ်ရှိ ဟိုတယ်ဇုန် ၄ ခုသို့ လာလည်သော ဧည့်သည်များကို ဝင်ကြေးကောက်ခံပြီး အများပိုင် ရန်ပုံငွေ ထူထောင်ကာ ကျေးလက်အခြေပြု ခရီးသွား လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လာမည့် စက်တင်ဘာတွင် စတင်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်သည့် ဒေသများတွင် ဟိုတယ်များ လာရောက်ဖွင့်လှစ်သည့် အတွက် လုပ်ငန်းရှင်များ ဝင်ငွေတိုးတက်သော်လည်း ဒေသခံများအတွက် တိုက်ရိုက်ဖွံ့ဖြိုးမှု တစုံတရာမကျန်ခဲ့သဖြင့် ဒေသခံများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ရိုးရာလက်မှု ပညာလုပ်ငန်းများကို ဖော်ထုတ်ပြသနိုင်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် အထက်ပါ အစီအစဉ်ကို အကောင်အထည် ဖော်သွားမည်ဟု ရက္ခိတ သဘာဝပတ်ဝန်းကျင်နှင့် လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းဖေက ဧရာဝတီသို့ ပြောသည်။
“ဟိုတယ်ဇုန်တွေကို ဝင်ကြေးအဖြစ် နိုင်ငံခြားသား တယောက်ကို ၅ ဒေါ်လာ၊ မြန်မာ တယောက်ကို ကျပ် ၁ ထောင်နှုန်းနဲ့ ကောက်ခံသွားမယ်လို့ မှန်းထားတယ်။ ဒီငွေတွေနဲ့ ဟိုတယ်ဇုန် သာယာရေးတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်မယ်။ စိတ်ပါဝင်စားတဲ့ ဒေသခံတွေ ကိုယ်တိုင်ပါဝင်တဲ့ ကော်မတီနဲ့ လုပ်သွားမယ်” ဟု ဦးမောင်မောင်သိမ်းဖေက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မြောက်ဦးဟိုတယ်ဇုန်၊ ငပလီဟိုတယ်ဇုန်၊ ကျောက်ဖြူ ဟိုတယ်ဇုန်နှင့် စစ်တွေ ဟိုတယ်ဇုန်တို့တွင် ယင်းသို့ ဇုန်ဝင်ကြေး သတ်မှတ်ခြင်း၊ ရရှိလာသော ရန်ပုံငွေများကို သုံးစွဲကာ ကျေးရွာပိုင်သစ်တောစိုက်ခင်းများ ပြန်လည်စိုက်ပျိုးခြင်း၊ ကျေးလက်အခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေခြင်း စသည့် ဒေသအလိုက် ကော်မတီများဖွဲ့ကာ ပွင့်လင်းမြင်သာမှု ရှိစွာ လုပ်ဆောင်သွားမည်ဟု သူက ရှင်းပြသည်။
“ဒီဘက်က လူတွေကတော့ အတွေ့အကြုံမရှိကြဘူး။ အတွေ့အကြုံရှိတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်နိုင်တဲ့ အဖွဲ့တွေတော့ ရှိတယ်။ ကျနော်တို့ ဘက်မှာတော့ သစ်တောတွေ စိုက်ဖို့ဆိုရင် ဒေသခံတွေပိုင်တဲ့ မြေလွတ်တွေတောင် မရှိတော့ပါဘူး” ဟု ငပလီ ဟိုတယ်ဇုန်မှ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဦးကျော်စိုးထွန်းက ဧရာဝတီသို့ ပြောသည်။
ငပလီဟိုတယ်ဇုန်တွင် ဒေသခံများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်မည်ဆိုပါက ဟိုတယ်လုပ်ငန်းဆိုင်ရာ အကြိုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းကို ဦးစားပေး ပြုလုပ်သင့်ကြောင်း သူက ဆိုသည်။
“ကျနော်တို့ဆီမှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်မသွားနိုင်တဲ့ သူတွေရှိတယ်။ အဲဒီလူငယ်တွေက ဟိုတယ်လုပ်ငန်း တွေမှာ အလုပ်ဝင်လုပ်တာ များတယ်” ဟု ဦးကျော်စိုးထွန်းက ဆက်ပြောသည်။
ထို့အပြင် ဒေသထွက် လက်မှုလုပ်ငန်းများ တွင်ကျယ်လာစေရန် နည်းပညာ အကူအညီများလည်း ရှိသင့်ကြောင်း ၎င်းက ဆိုသည်။
ဟိုတယ်လုပ်ငန်းများကြောင့် ဒေသခံများ၏ နေ့စဉ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရာတွင် လုပ်ငန်းရှင်များနှင့် ပဋိပက္ခများ ရှိကြောင်း ငပလီဟိုတယ်ဇုန်ရှိ ဒေသခံများထံမှ သိရသည်။
ဟိုတယ်ဇုန်များ ဝင်ကြေးသတ်မှတ်ကာ ရန်ပုံငွေတရပ် ထူထောင်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဒေသ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဟိုတယ်လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်လာရေး အတွက် အစိုးရတွင်လည်း အစီအစဉ် များရှိပြီး ညွှန်ကြားခြင်း၊ စည်းရုံးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဆင့်အလိုက် လုပ်ကိုင်သွားမည်ဟု နိုင်ငံတော် သမ္မတရုံးမှ ဦးစိုးသိမ်းက ပြီးခဲ့သည့် ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကောင်စီရုံး၌ ပြောခဲ့ကြောင်း သိရသည်။
“ဟိုတယ်လုပ်ငန်းရှင်တွေဟာ နှစ်ပေါင်းများစွာကတည်းက ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ ဒေသခံတွေရဲ့ နယ်မြေတွေ၊ မြေယာနဲ့ လုပ်ငန်းတွေ ဆုံးရှုံးခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် ဘာမှ ပြန်လုပ်ပေးတာ မရှိခဲ့ဘူး။ လောလောဆယ်မှာတော့ ဒီအစီအစဉ် အတွက် ဟိုတယ်လုပ်ငန်းရှင်တွေ အိတ်ထဲက တပြားမှမကုန်ဘူး။ နောက်ပိုင်းမှာ ဟိုတယ်အမြတ်ငွေထဲက ဒေသဖွံ့ဖြိုးရေး အတွက် ရာခိုင်နှုန်းအလိုက် ပြန်ပေးဖို့ ဆိုတာမျိုး လုပ်သွားမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ဟိုတယ်ဇုန်များရှိ ဒေသခံများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်နိုင်ရန် ဒေသခံ လူထုကိုယ်တိုင် ပါဝင်သည့် ဒေသသာယာ လှပရေးနှင့် ဖွံ့ဖြိုးရေးကော်မတီများ ဖွဲ့စည်းကာ၊ ငွေကြေး စီမံခန့်ခွဲမှုကိုလည်း ဒေသခံများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့များအား အသိပေးသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။