သတင်း

ရှစ်လေးလုံး အခမ်းအနားနှင့် ဆက်စပ်ပြီး ကျောင်းဆရာမ တဦး အငြိမ်းစားပေးခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနားကျင်းပရေး သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့်အတွက် နေပြည် တော် ဇဗ္ဗူသီရိမြို့နယ်မှ အလယ်တန်းပြ ဆရာမ တဦးအား တာဝန်မှ ရပ်စဲ၍ အငြိမ်းစား ပေးလိုက်ကြောင်း သတင်း ရရှိသည်။

ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲသို့ တက် ရောက်ခဲ့ခြင်း အပါအဝင် အချက် ၃ ချက်ဖြင့် သြဂုတ်လ ၁၅ ရက် နေ့စွဲဖြင့် ပညာရေး ဝန်ကြီးဌာနမှ အငြိမ်းစားပေးလိုက်ခြင်း ဖြစ်ကြောင်း ဒေါ်စိုးစိုးခိုင်က ဧရာဝတီကိုပြောသည်။

“၁၀၊ ၆၊ ၂၀၁၃ မှ ၁၄၊ ၆၊ ၂၀၁၃ တွင် ခွင့်မဲ့ ကျောင်းပျက်ကွက်ခြင်း၊ ကျောင်းအုပ်ကြီးအား ကြိုတင် ခွင့်ပန်ကြားခြင်း မရှိဘဲ ခရီးဝေး ရန်ကုန်သို့ ထွက်ခွာခဲ့ခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းနှင့် ပါဝင် ပတ်သက်ဆောင်ရွက်ခြင်း၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပ ပြုလုပ်ခဲ့သော ၈၈ ကျောင်းသား လှုပ်ရှားမှု ငွေရတု အစီအစဉ်တွင် စာနယ်ဇင်းသမားများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ခြင်း ဆိုတဲ့ ၃ ချက်နဲ့ ပင်စင်ပေး လိုက်တာ”ဟု သူက ဆိုသည်။

လုပ်သက် ၁၈ နှစ်ရှိ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်သည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အ.ထ.က (၅) တွင် သိပ္ပံ ဘာသာရပ် သင်ကြားပို့ချ တာဝန်ထမ်းဆောင်နေခဲ့သူ ဖြစ်သည်။

ဇွန်လ ၁၃ ရက်နေ့က ကျန်းမာရေးမကောင်း၍ ရန်ကုန်မြို့တွင်ရောက်ရှိခိုက် အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် ခဲ့ရာ မြန်မာ့ ပညာရေးနှင့်ပတ်သက်၍ မီဒီယာများ၏ မေးခွန်းတခုကို လက်ရှိ ပညာရေး ဝန်ထမ်းတဦး အနေဖြင့် ဝင်ရောက် ဖြေကြားပေးမှု ရှိခဲ့ကြောင်း ဒေါ်စိုးစိုးခိုင်က ပြောသည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် ယခင်စစ်ထောက်လှမ်းရေး အစား တာဝန်ယူနေသည့် စရဖ အဖွဲ့က မှတ်တမ်းယူကာ နေပြည်တော် အထက ၅ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်ကျော်လှိုင်နှင့် ပညာရေး ဝန်ကြီးဌာနတို့အား ဖိအားပေး ခဲ့သည်ဟု ယုံကြည်ကြောင်းလည်း သူက ဆိုသည်။

ကျန်းမာရေး မကောင်း၍ ဇူလှိုင်လ ၃၁ ရက်နေ့တွင် လစာမဲ့ ခွင့်တင်ခဲ့ရာ စစ်ဆေးစရာ ရှိကြောင်းပြော၍ သြဂုတ်လ ၁ ရက် နေ့တွင် နေပြည်တော် ခရိုင် ပညာရေးမှူးရုံးသို့ ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

နေပြည်တော် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ ဇဗ္ဗူသီရိ မြို့နယ် ပညာရေးမှူး ဦးထွန်းမြင့်အောင်နှင့် ဇဗ္ဗူသီရိ အထက ၇ ကျောင်းအုပ်ဆရာကြီး ဦးသန်းလင်းတို့က သြဂုတ်လ ၁ ရက်နေ့က စစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာတွင် ဆေး စာရေးပေးခဲ့သော ဆရာဝန် ဒေါက်တာ ဦးတင်ထွန်းအောင်နှင့် အခြား အလယ်တန်းပြ ဆရာ၊ ဆရာမ ၂ ဦးလည်းပါဝင်ကြောင်း သိရသည်။

“အဲဒီမှာ စရဖ တွေက ကျောင်းအုပ်ကြီးဆီကို ဖိအားသွားပေးတယ်။ ကျောင်းအုပ်ကြီးကိုလည်း စစ်တယ်။ အခြား ဆရာ၊ ဆရာမ ၂ ဦးကိုလည်း ကျမ နိုင်ငံရေးလုပ်သလား၊ တောခိုတာတွေ ဘာတွေ ရှိသလားဆိုပြီး စစ်တယ်”ဟု သူက ဆိုသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လူထု လှုပ်ရှားမှုတွင် ဒေါ်စိုးစိုးခိုင်သည် ကျောင်းသူဘ၀ အနေဖြင့် ပါဝင်မှုရှိခဲ့ကြောင်း သိရသည်။

ဒေါ်စိုးစိုးခိုင်သည် မန္တလေးမြို့တွင် သြဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲသို့ တက်ရောက်ပြီးနောက် သြဂုတ်လ ၁၅ ရက်နေ့တွင် အမှတ် ၂ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည် က လက်မှတ်ထိုး၍ ဒေါ်စိုးစိုးခိုင်အား တာဝန်မှရပ်စဲကာ အငြိမ်းစား ပေးလိုက်ခြင်းဖြစ်သည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ပညာရေးမှူး ဦးထွန်းမြင့်အောင်က ဒေါ်စိုးစိုးခိုင်အား အငြိမ်းစားပေးလိုက်သည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသော်လည်း အသေးစိတ်ကိုမူ မပြောလိုကြောင်း ဧရာဝတီကို ဖြေကြားသည်။

ဒေါ်စိုးစိုးခိုင်အား မယူမနေရ ပင်စင်ပေးလိုက်ခြင်းအပေါ် နေပြည်တော်ရှိ အမှတ် ၂ အခြေခံပညာဦးစီးဌာန(ရုံးခွဲ) အပါအဝင် မန္တလေးမြို့ အထက်မြန်မာနိုင်ငံ အခြေခံပညာဦးစီးဌာန ရုံးချုပ်များသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ခံ ဖြေကြားမှု မရှိခဲ့ပေ။

“အငယ်ပိုင်းတွေက ဒီမေးခွန်းကို ဖြေခွင့်လည်း မရှိပါဘူး။ အဲဒီကိစ္စကို တိတိကျကျပြောနိုင်ဖို့လည်း မရှိပါဘူး။ အခုဟာ က ဘယ်ဖုန်းကိုမှ သုံးလို့ရမှာ မဟုတ်ပါဘူး။ လူကြီးတွေ အားလုံးကလည်း အစည်းအဝေး ထိုင်နေကြတယ်”ဟု အထက် မြန်မာ ပြည် အခြေခံပညာ ဦးစီးဌာန ရုံးချုပ်မှ ဒု ဦးစီးမှူးက ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့ ပညာရေး ဝန်ထမ်း တဦးကို အထက်ပါ စွဲချက် ၃ ခုဖြင့် မယူမနေရ ပင်စင်ပေးလိုက်ခြင်းအပေါ် ပညာရေး ဝန်ထမ်း များနှင့် နိုင်ငံရေး အသိုင်းအဝိုင်းမှလည်း စိတ်ပျက်စရာ လုပ်ရပ်အဖြစ် ဧရာဝတီကို ပြောဆိုကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ပညာရေး ကွန်ရက်မှ ဒေါက်တာ သိန်းလွင်က“ကျောင်းဆရာမ တယောက်ကို နိုင်ငံရေးပွဲတက်လို့၊ မီဒီယာနဲ့ တွေ့လို့ ကျောင်း ထုတ်တယ် ဆိုတာ ဒါဟာ မလုပ်သင့်ဘူး၊ ဒီပွဲကို တက်တာလည်း သူဟာ နိုင်ငံသား တယောက်အနေနဲ့ တက်ခွင့်ရှိတယ်။ နောက်တခါ ၁၈ နှစ် အတွေ့အကြုံ ရှိတဲ့ ဆရာမကို ဒီလိုမျိုး မလုပ်သင့် မလုပ် ထိုက်တဲ့ ကျောင်းထုတ်လိုက်တဲ့အတွက် ကာယကံရှင်သာမက ပညာရေးမှာလည်း နစ်နာဆုံးရှုံးတယ်”ဟု ပြော သည်။

၈၈ အရေးတော်ပုံကို အစိုးရ ဝန်ကြီးများကိုယ်တိုင် အသိအမှတ်ပြုပြီး ငွေရတု အထိမ်းအမှတ် အခမ်းအနားများသို့ တက် ရောက်ခဲ့ကြကြောင်း၊ အရွယ် ရောက်သူတိုင်း မည်သူမဆို လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ခွင့်ရှိကြောင်းလည်း သူက ဆက် ပြော သည်။ ရှစ်လေးလုံး ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားများကို ပြီးခဲ့သည့် သြဂုတ် ၆ ရက်မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

ယခင် စစ်အစိုးရများလက်ထက်က မြန်မာနိုင်ငံတွင် နိုင်ငံ့ ဝန်ထမ်းများကို နိုင်ငံရေး ကင်းရှင်းရမည်ဟု အမိန့်များ ထုတ်ပြန် ခဲ့သည်။

၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပြီးကာလ ဝန်ထမ်းများအား နိုင်ငံရေးနှင့် ပတ်သက်သည့် အချက် ၃၃ ချက်ပါ မေးခွန်းများ ဖြေဆိုစေခဲ့ပြီး ငြိစွန်းသည်ဟု ယူဆခံရသူ ရာနှင့်ချီသော နိုင်ငံ့ ဝန်ထမ်းများကို တာဝန်က ရပ်စဲခဲ့သည်။

ထို့အပြင် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းကြီးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသားများပါ အသင်းဝင်အဖြစ် သွတ်သွင်းထားခဲ့ရာက နိုင်ငံရေးပါတီ အသွင်ပြောင်းလိုက်သည့် အခါတွင်လည်း နိုင်ငံ့ဝန်ထမ်း အများအပြား ကြံ့ခိုင်ရေး ပါတီဝင်များ အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ကြံ့ခိုင်ရေး ပါတီတွင် နိုင်ငံ့ဝန်ထမ်း များစွာ ပါဝင်နေခြင်းနှင့် ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ပြောဆိုနေခြင်း သည် ရှေ့နှင့်နောက် မညီကြောင်းလည်း အငြိမ်းစားပေးခြင်း ခံရသူ ဒေါ်စိုးစိုးခိုင်က ပြောဆိုသည်။

“ဆရာမတို့ ဝန်ထမ်းတွေ နိုင်ငံရေး မလုပ်နဲ့ ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေကို မဲမပေးခိုင်းနဲ့ပေါ့။ နိုင်ငံ့ ဝန်ထမ်း တယောက်က တိုင်းပြည်ရဲ့ အရေးကို မလုပ်ရဘူးဆိုရင် ဒီ ၂၀၁၅ ရွေးကောက်ပွဲက နိုင်ငံရေးပဲ မဟုတ်ဘူးလား၊ အဲဒီ အခါကျရင် ဝန်ထမ်းတွေကို ခေါ်သုံးပြီး မဲပေးခိုင်းဦးမှာလား”ဟု သူက ဆိုသည်။

၁၉၉၅ ခုနှစ်က မူလတန်းပြ ကျောင်းဆရာမ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည့် ဒေါ်စိုးစိုးခိုင် က သမ္မတနှင့် အစိုးရ အဖွဲ့၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီမိုကရေစီ အင်အာစုများ၊ နိုင်ငံသားများအားလုံးက ယခုအခါ မြန်မာနိုင်ငံအား ဒီမိုကရေစီစနစ်ဖြင့် သွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် မယူမနေရ ပင်စင် ပေးလိုက် သည့်အတွက် အံ့သြမိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အလားတူ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်စေလိုကြောင်းလည်း ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading