သတင်း

အီထရောနစ် ဥပဒေ ပြင်ဆင်ရန် လွှတ်တော် ဆွေးနွေးမည်

This article has been converted from Zawgyi One to Unicode

ယခင်စစ်အစိုးရ လက်ထက်ပြဋ္ဌာန်းခဲ့သော အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြု ပြစ်ဒဏ်ပေးမှုများ အဆုံးသတ်နိုင်ရေး ပြင်ဆင်ချက်အဆိုတခုကို ယနေ့ နေပြည်တော်တွင် ကျင်းပနေသော ပြည်သူ့ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ လက်ခံလိုက်ကြောင်း သတင်းရရှိသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံတော် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ဥပဒေ အမှတ် ၅/၂၀၀၄ ဖြင့် ပြဋ္ဌာန်းခဲ့သော အီလက် ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ယနေ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်း လိုက်ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ သဘောတူညီလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

စစ်အစိုးရ ပြဋ္ဌာန်းခဲ့သော အီလက်ထရောနစ် ဥပဒေ၏ ရည်ရွယ်ချက်မှာ ကောင်းမွန်သော်လည်း စစ်အစိုးရက နိုင်ငံရေးသမား၊ ကျောင်းသားခေါင်းဆောင်များကို ပြစ်ဒဏ်ပေးသော ဥပဒေတရပ် အဖြစ် အသုံးပြု ခဲ့ကြောင်း ၊ ထို့ကြောင့် ဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး အထူးသဖြင့် ပြစ်မှု ပြစ်ဒဏ်ပိုင်းတွင် နိုင်ငံရေးလက်နက်အဖြစ် အသုံးပြု ပြစ်ဒဏ်ပေးမှု မပြုလုပ်နိုင်ရန် ကင်းလွတ်ခွင့် ထည့်သွင်းမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့်က ပြောသည်။

” ဥပဒေရဲ့ ရည်ရွယ်ချက် က အင်မတန် ကောင်းပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အီလက် ထရောနစ် ဆက်သွယ်ရေး နည်းပညာဖြင့် ထောက်ကူ ပြုစေရန်ဖြစ်ပါတယ်။ သို့သော် လက်တွေ့မှာ ပြစ်မှု ပြစ်ဒဏ် ပြဋ္ဌာန်းချက် မှာတော့ အဲဒီရည်ရွယ်ချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဒီဥပဒေပြဋ္ဌာန်းတဲ့ကာလက ပြည်သူ့ လွှတ်တော် ပေါ်ပေါက် ခြင်းမရှိတဲ့ အချိန်ကာလ ပြဋ္ဌာန်းတဲ့ဥပဒေဖြစ်တယ်။ ဒုတိယက အဲဒီအချိန်ကာလက အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အလှမ်း ကာဝေးနေတဲ့အချိန်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ တကယ်တော့ ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့မှာ နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်းဆောင် တွေကို နိုင်ငံရေးအရ ပြစ်ဒဏ်ပေးတဲ့ဥပဒေ တရပ်ဖြစ်လာခဲ့တာ ကိုတော့ စီရင်ချက်တွေအရ ပွင့်ပွင့်လင်းလင်းလက်ခံပြီးတော့ ဆွေးနွေးဖို့ လိုအပ်တဲ့ ဥပဒေဖြစ်ပါတယ်” ဟု ဦးသိန်းညွှန့်က ပြောသည်။

အီလက် ထရောနစ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြစ်မှု ပြစ်ဒဏ်များကို လျော့ချလိုက်ပြီး ဥပဒေသည် နိုင်ငံသားတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့် တို့ကို မထိခိုက်စေရ ဆိုသော ကင်းလွတ်ခွင့်ကို လည်း ထည့်သွင်းပြဋ္ဌာန်းရန် ဦးသိန်းညွှန့်က အဆိုပြုထားကြောင်း သိရှိရသည်။

“ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်က အင်မတန်ကျယ်ပြန့်ပြီးတော့ လိုရင် လိုသလို နိုင်ငံရေး အရ သုံးရင်သုံးနိုင်တဲ့၊ တကယ်လည်း ဖြစ်ခဲ့တဲ့ သုံးခဲ့တဲ့ ဥပဒေလည်းဖြစ်တယ်။ အဲဒါကြောင့် ကင်းလွတ်ချက် တခုကို ထည့်သွင်းထားပါတယ်။ အဲဒီကင်းလွတ်ချက် ကတော့ ဤဥပဒေပြဋ္ဌာန်းချက်သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အလို့ငှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်သော မိမိ၏ ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ရေးသားပြောဆိုခွင့်တို့နှင့် မသက်ဆိုင်ဆိုတဲ့ ကင်းလင်းခွင့် ထည့်ထားပါတယ်”ဟု ဦးသိန်းညွှန့်က ဆိုသည်။

အီလက်ထရောနစ် ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကို လျော့ချရာတွင် ပုဒ်မ ၃၃ အရ ထောင်ဒဏ် ၇ နှစ် ၁၅ နှစ်အထိချမှတ် ရမည်ဆိုသော ပြဋ္ဌာန်းချက်အစား ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်နှင့် ငွေဒဏ်ကိုလည်းကောင်း၊ ပုဒ်မ ၃၄ အရ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ရမည်ဆိုသော ပြဋ္ဌာန်းချက်အစား ငွေဒဏ် ကျပ် ၅ သိန်းမှ သိန်း ၁၀၀ အထိ ချမှတ်ရမည်ဖြစ်ပြီး ဒဏ်ငွေ မဆောင်ပါက ထောင်ဒဏ် ၆ လ ချမှတ်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၃၅ အရ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ရမည် ဆိုသော ပြဋ္ဌာန်းချက်အစား ငွေဒဏ် ၁၀ သိန်း မှ သိန်း ၅၀ အထိချမှတ်နိုင်ပြီး ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် ၃ လချမှတ်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၃၆ အရ ထောင်ဒဏ် ၁ နှစ် အထိ ချမှတ်ရမည်ဆိုသော ပြဋ္ဌာန်းချက်အစား ငွေဒဏ် ၁ သိန်းမှ ၃ သိန်းအထိ ချမှတ်ရမည်ဖြစ်ပြီး ဒဏ်ငွေ မဆောင်ပါက ထောင်ဒဏ် ၃ လ ချမှတ်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၃၇ အရ ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ရမည်ဆိုသော ပြဋ္ဌာန်းချက်အစား ငွေဒဏ် ၁ သိန်းမှ ၃ သိန်းအထိ ချမှတ်ရမည်ဖြစ်ပြီး ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် ၃ လ ချမှတ်ရမည်ဟု လည်းကောင်း ပြင်ဆင်ရန် ဦးသိန်းညွှန့်က အဆိုပြုထားကြောင်း သိရှိရသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ဦးသိန်းညွှန့်၏ အဆိုသည် နိုင်ငံသားတို့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ရရှိရေး ဆောင်ရွက်ချက် ဖြစ်သဖြင့် ကန့်ကွက်ရန်မရှိဘဲ ဥပဒေ ပြင်ဆင်ရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ အပါအဝင် အားလုံးနှင့်ညှိုနှိုင်းဆောင်ရွက်သင့်သည်ဟု ပြောဆိုသည်။

“ဦးသိန်းညွှန့်ရဲ့ အဆိုက Freedom of Expression ကိုရရှိအောင် တင်ပြခြင်းဖြစ်တဲ့အတွက် သင့်လျော်ကြောင်း တွေ့ရှိရပါတယ်” ဟု ဦးသောင်းတင်က ပြောသည်။

စစ်အစိုးရက ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်သော သံဃာတော်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များကို အီလက်ထရောနစ် ဥပဒေချိုးဖောက်သည်ဟု ဆိုကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

Loading