တပ်နေရာဖယ်ခိုင်းရေး ပြေလည်မှုမရှိသရွေ့ကေအိုင်အေဘက်ကို ဆက်လက် ထိုးစစ်ဆင်သွားမှာ ဖြစ်ကြောင်း ပြည်သူ့စစ်ခေါင်းဆောင် ကချင်ပြည်နယ် အမျိုးသား လွှတ်တော်အမတ် ဦးစက်ခုံတိန်ယန်းက ပြောဆိုလိုက်သည်။
“သူတို့က နိုင်ငံတော်ကို အနှောင့်အယှက် ပေးတဲ့လူတွေ၊ အုပ်ချုပ်မယ့်သူတွေ မဟုတ်ဘူး။ တပ်မတော်က လက်ပိုက်ကြည့်နေပေမယ့် ပြည်သူတွေကတော့ မနေနိုင်ဘူး။ မဆုတ်ရင် တုန့်ပြန်မှာပေါ့။ ထပ်ပြီး လုပ်ရမှာပဲ။ ဘာလို့ မဖြစ်နိုင်ရမှာလည်း ပြည်သူ့အင်အားက ပိုကြီးတယ်။ မောင်းထုတ်မှာပဲ”ဟု အမျိုးသား လွှတ်တော်အမတ် ဦးစက်ခုံတိန်ယန်းက
ဧရာဝတီသို့ ပြောကြားသည်။
ကချင်ပြည်နယ် ပန်ဝါအခြေစိုက် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ အကြား သြဂုတ် ၁၇ ရက်နှင့် ၁၉ တို့တွင် တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ဖြစ်သူ အမျိုးသားလွှတ်တော်အမတ် ဦးစက်ခုံတိန်ယန်းအားမေးမြန်းစဉ် ယခုကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးစက်ခုံတိန်ယန်းက မိမိဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က ယခုကဲ့သို့ ကေအိုင်အေဘက်ကို တပ်နေရာဖယ်ခိုင်းရေးမှာ ပြည်သူများ လုံခြုံရေး အတွက် တိုက်ရခြင်းသာဖြစ်ကြောင်း ဖြေကြားသည်။
“နိုင်ငံတော်က ငြိမ်းချမ်းရေးကို လိုချင်လို့ အပစ်ခတ်ရပ်တာ နားလည်ပါတယ်။ ဒါပေမယ့် သူတို့က အဲဒါကိုအခွင့်ကောင်းယူပြီး ဒေသခံတွေကို ဖမ်းတာတွေ၊ နှိပ်စက်တာတွေ လုပ်နေတာတွေ ရှိတယ်။ အမြတ်ထုတ်တာတွေ ရှိတယ်။ ဒီတော့ပြည်သူတွေက လက်မခံနိုင်တော့ဘူး။ သူတို့တပ်တွေ ရုတ်ရင်တော့ ဘာပြဿနာမှ မရှိဘူး။ သွားမတိုက်လို့ ရှိနေတာပါ။ တိုက်ရင် စောစောစီးစီး ဘယ်နေနိုင်မလဲ။ ပြည်သူတွေမှာ အိမ်မပြန်နိုင်ဘူး။ ကျောင်းမတက်ရဘူး။ အလုပ်မလုပ်ရဘူး။ ဒါကြောင့် တိုက်ရတာပါ” ဟုလည်း ပြောသည်။
ဦးစက်ခုံတိန်ယန်းက တိုက်ပွဲစတင်မဖြစ်ပွားမှီ ၁၀ရက် အလိုခန့်က ကေအိုင်အေဘက်သို့ ပန်ဝါရှိ တပ်စခန်းများကို ဆုတ်ပေးရန် အိတ်ဖွင့်ပေးစာ ပို့ခဲ့ကြောင်း၊ ထိုသို့ပို့အပြီးတွင် ယခုကဲ့သို့ တိုက်ပွဲဖြစ်ရခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာထံမှ သိရသည်။
“စာမှာက ပန်ဝါမှာရှိတဲ့ ကေအိုင်အေတပ်တွေကို ရုတ်သိမ်းပေးပါ။ သိက္ခာကျတော့ မခံဘူး၊ မဆုတ်ပေးဘူးဆို သူတို့ လုပ်မယ်ဆိုတဲ့ ရာဇသံ စာမျိုး ပေးလာခဲ့တယ်။ ဒီတော့ ဒီလိုလုပ်ချင်လို့ စာအရင်ပို့ သွေးတိုးစမ်းတဲ့ပုံစံမျိုးတွေ လုပ်တယ်လို့ သုံးသပ်ရတယ်။ ခုက နှစ်ဘက် မတော်တဆမဟုတ်ဘဲ ကေအိုင်အေစခန်းကို လာဝိုင်းပြီးမှ တိုက်တဲ့ပုံစံ ဖြစ်နေတယ်။ ပြည်သူ့စစ်က တပ်မတော်လက်အောက်မှာပဲ ရှိတော့ မ.ပ.ခ တိုင်းမှုးဆီ ကျနော်တို့ပြောတယ်” ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
စတင်စစ်ဖြစ်ပွားသည့် သြဂုတ် ၁၇ ရက်နေ့က နှစ်ဦးနှစ်ဖက် ထပ်မံ တိုက်ပွဲများ မဖြစ်စေရန်အတွက် မြောက်ပိုင်းတိုင်း တိုင်းမှုးက နှစ်ဖက်စလုံးကို မေတ္တာရပ်ခံထားသော်လည်း သြဂုတ်လ ၁၉ ရက်က ထပ်မံဖြစ်ပွားခဲ့ကြောင်း ကချင်ဒေသခံများထံမှ သိရသည်။
“ဦးစက်ခုံထိန်ယန်းအနေနဲ့က လွှတ်တော်အမတ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှာ အမျိုးသားလွှတ်တော်အမတ်အနေနဲ့ ပါတယ်။ အရင်ကလို အမျိုးသားလွှတ်တော်အမတ်အနေနဲ့ ပြည်သူ့စစ်ကို ခုလို ဖွဲ့စည်းပြီး စစ်ပွဲဖန်တီး လုပ်လာတာကိုတော့ စဉ်းစားရမှာပါ။ ကျနော်တို့က သူတို့ပြောသလို နယ်မြေ ကျူးကျော်ထားတာ မဟုတ်ဘူး။ အရင်ထဲက ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ထားတဲ့ နေရာတွေပါ။ ပြည်သူတွေကိုနှိပ်စက်တာလည်းမရှိဘူး”ဟု ကေအိုင်အေမှ စစ်ဦးစီးမှုး ဗိုလ်မှုးကြီး မရန်ဇော်တောင်က ဧရာဝတီသို့ ပြောသည်။
ပြည်သူ့စစ်နှင့် ကေအိုင်အေတပ်တို့သည် သြဂုတ် ၁၇ ရက်နေ့ မနက် ၇ နာရီမှ ၉ နာရီခန့် တွင်တကြိမ်၊ အဆိုပါ ည ၁၀ နာရီတွင် တကြိမ်၊ သြဂုတ် ၁၉ မနက် ၆ နာရီခန့်တွင် တကြိမ် ပေါင်း ၃ကြိမ် ထိတွေ့မှုဖြစ်ခဲ့ကြောင်း၊ အဆိုပါ ထိတွေ့မှု အရ ကချင်တပ်တွင် ထိခိုက်မှုမရှိခဲ့ဟု ဗိုလ်မှုးကြီး မရန်ဇော်တောင်က ဆိုပြီး ပြည်သူ့စစ်ဘက်မှမူ ၁ ဦးကျဆုံး ကြောင်း ပန်ဝါအခြေစိုက် ပြည်သူ့စစ်အဖွဲ့မှ သိရသည်။
“မ.ပ.ခ တိုင်းမှုးဆီ ကျနော်တို့ ပြောတော့ သူတို့ဘက်ကလည်း ပြည်သူ့စစ်တွေကို ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာ ခုလို မဖြစ်စေချင်ဘူး။ ထိန်းထိန်းသိမ်းသိမ်းနေဖို့ ပြောထားတယ်လို့
သိရတယ်”ဟုငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့(PCG)မှ ဦးလမိုင်ဂွမ်ဂျာက ဧရာဝတီသို့ဖြေကြားသည်။
အဆိုပါ တိုက်ပွဲဖြစ်ရာနေရာမှာ ကေအိုင်အေ တပ်မတော်၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၁၀ လက်ခွဲ တပ်စခန်းငယ်တစ်ခုရှိရာ ချီဗွေနှင့်လောက်ခေါင်ကြား မိုင်တိုင် ၆ အနီး မြောင်ဂျောင်အနီးတွင်ဖြစ်ကြောင်း သိရသည်။