ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ရပ်ကွက်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးသွားကြောင်း သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သတင်းရရှိသည်။
သံတွဲမြို့နယ်တွင် သြဂုတ်လ ၁၇ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးမှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက်အချို့ ရေနစ်မြုပ်သွားပြီး ဒုက္ခသည် စခန်းများ ဖွင့်လှစ်ကာ ရေဘေးဒုက္ခသည်များအတွက် ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေရကြောင်း၊ ရေကြီးမှုကြောင့် ဒုက္ခသည် ၆၀၀ ကျော်ကယ်ဆယ်ခဲ့ရပြီး လူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများမှာ တရော်တောကျေးရွာ၊ ရွှေလှော်ကျေးရွာနှင့် ပုစွန်ဖြေ ကျေးရွာများမှဖြစ်ကြောင်း သိရှိရသည်။
“လူတွေက ရေကြီးလို့ သေတာမဟုတ်ဘူး။ ရေစီးနဲ့အတူ မျောလာတဲ့ သစ်တုံးတွေကို ဆင်းဆယ်ရင်းနဲ့ ရေထဲမှာ မျောသွားတာ။ တချို့က ရေကြီးနေတဲ့အချိန် ငါးသွားမျှားရင်း ရေဆင်းကူးပြီး ကမ်းဖက်ကို ပြန်မကူးနိုင်ဘဲ ရေစီးထဲ မျောသွားတာ။ လူ ၃ ဦး သေတယ်”ဟု သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဒုတိယဦးစီးအရာရှိ ဦးကြည်စိုးထွန်းက ပြောသည်။
ရေကြီးမှု စတင်ဖြစ်ပေါ်ချိန်က ဒုက္ခသည်စခန်း ၆ခုအထိဖွင့်လှစ်ခဲ့ရပြီး လူပေါင်း ၆၀၀ကျော်ကို ကယ်ဆယ် ထားခဲ့ရကြောင်း၊ ယနေ့ ရေအနည်းငယ်ပြန်ကျသွားသဖြင့် စခန်း ၂ခု ပိတ်သိမ်းလိုက်ပြီး မြို့တော်ဦးကျောင်း၊ ဆံတော်ဓမ္မာရုံ၊ မြို့နယ်ထွေအုပ်ရုံးနှင့် အံတော်တိုက်ကျောင်းတို့တွင် ဒုက္ခသည် စခန်း ၄ ခု ဆက်လက်ဖွင့်လှစ်ထားပြီး ဒုက္ခသည် ၄၈၆ဦးကို ကူညီကယ်ဆယ်စောင့်ရှောက်ထားကြောင်း သိရှိရသည်။
ရေကြီးမှု ကြုံတွေ့ခဲ့ရသော သံတွဲမြို့၊ အမှတ် (၄)ရပ်ကွက်မှ ဒေသခံတစ်ဦးက “ရေကြီးလို့ ဒုက္ခတွေရောက်လိုက်တာ။ မနေ့က အိမ်က အမေဆုံးလို့ နာရေးပို့ဖို့ ကားတွေစီစဉ်ထားပြီးမှ ရေက အရမ်းတက်လာတော့ လှေနဲ့ချရတယ်။ အခုလည်း ရေက အကုန်ပြန်မကျဘဲ အင့်နေတုန်းပဲ။ တီဗီသတင်းတွေမှာ မိုးထပ်ရွာဦးမယ်လို့ပြောထားလို့ လန့်နေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အမြင့် ၅ပေကျော်မြင့်သည်အထိ ရေကြီးခဲ့သဖြင့် စာသင်ကျောင်းနှင့်ဈေး အချို့ပိတ်ထားခဲ့ရပြီး သက်ဆိုင်ရာနှင့် လူမှုရေး အဖွဲ့အစည်း များက ရေကြီးမှုကြုံတွေ့နေရသူများအတွက် ထမင်းထုပ် ဝေငှခြင်း၊ ခေါက်ဆွဲခြောက်ထုပ် များနှင့် ရေသန့်ဘူးများဝေငှခြင်း များ လုပ်ဆောင်ပေးခဲ့ကြောင်း၊ သံတွဲမြို့တွင် ရေကြီးမှုဆက်လက်ခံစားနေရသော ရပ်ကွက်နှင့် ကျေးရွာများမှာ အမှတ် ၂၊ ၄၊ ၆၊ ၇ ရပ်ကွက်များ နှင့် အံတော်ကျေးရွာ တို့ဖြစ်ကြောင်း၊ သံတွဲမြို့သည် သံတွဲမြစ်နံဘေး တွင်တည်ရှိပြီး နှစ်စဉ်ရေကြီး မှုဖြစ်ပွား လေ့ရှိကာ လူများ ပြောင်းရွှေ့ ရသည်အထိ ရေကြီးမှုမျိုးကို ၄နှစ် ၁ ကြိမ် ကြုံတွေ့ရလေ့ရှိကြောင်း သိရှိရသည်။
“ရေကြီးတာက ဖြစ်ရိုးဖြစ်စဉ်လိုဖြစ်နေတာ။ ပြည်နယ်အစိုးရက ရေကြီးတာအတွက် သုံးဖို့ ဘတ်ဂျက်ချပေးတာမျိုး တော့မရှိသေးပါဘူး။ ရေတွေအားလုံးကျသွားပြီး နေပြန်ပွင့်ရင်တော့ ရေတွင်းရေကန်တွေ ဆေးခတ်တာတွေကို ကျန်းမာရေးဌာနက လိုက်လုပ်မှာပါ” ဟု ဦးကြည်စိုးထွန်းကပြောသည်။
ရေးဘေးကယ်ဆယ်ရေးဒုက္ခသည်စခန်းများရှိ ရေဘေးဒုက္ခသည်များ၏ ကျန်းမာရေး၊ လုံခြုံရေး၊ စားနပ်ရိက္ခာ အတွက် ဒေသခံ အာဏာပိုင်များ က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရှိရသည်။