ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ်တွင် မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ခိုးဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦးနှင့် ရခိုင်ပြည်နယ် မောင်တောဒေသမှ မွတ်စလင် ၁၇ ဦးကို သက်ဆိုင်ရာ ဖမ်းဆီးရမိကြောင်း ဧရာဝတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
ဘင်္ဂလား ပင်လယ်အော်နှင့် ဆက်စပ်ပြီး ပင်လယ်ကမ်းခြေ ဘေးတွင် တည်ရှိသည့် ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ငရုတ်ကောင်း မြို့နယ်ခွဲ နံ့သာပု ကျေးရွာ အုပ်စု ဂေါ်ရင်ဂျီကျွန်းအနီးတွင် သြဂုတ်လ ၁၉ ရက်နေ့က မသင်္ကာဖွယ်ရာ စက်လှေတစီး လှည့်လည် မောင်းနှင်နေသည့်အတွက် ဒေသခံများက သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားခဲ့ရာ ငရုတ်ကောင်း မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး အရာရှိနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း စစ်ဆေးခဲ့ ကြပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးနှင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ မွတ်စလင် ၁၇ ဦး စုစုပေါင်း ၅၂ ဦးကို ဖမ်းဆီးရမိကြောင်း သိရှိရသည်။
“ဂေါ်ရင်ဂျီကျွန်းနားမှာ စက်လှေက တဝဲလည်လည် လှည့်ပတ်မောင်းနေတာ။ သူတို့စက်လှေက အနက်ရောင်ဆိုတော့ ဒေသခံစက်လှေ မဟုတ်ဘူးဆိုတာ သိကြတယ်။ အဲဒီသတင်းကို အုပ်ချုပ်ရေးပိုင်းက သိသွားပြီး နယ်မြေခံရဲနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေ စောင့်ကြည့်နေချိန်မှာ သူတို့တွေက စက်လှေပေါ်ကနေ ရေထဲခုန်ချပြီး ကမ်းပေါ်ကို ရေကူးပြီး တက်လာတာ။ အဲဒီမှာ အုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းဆီးလိုက်တာ” ဟု ဒေသခံ နံ့သာပုကျေးရွာသားတဦးက ဧရာဝတီကို ပြောသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက ခိုးဝင်လာသူ ၅၂ ဦးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ပွဲစား ဒူလ်အာလောင်ဆိုသူက မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ လူ ၁ ဦးလျှင် မြန်မာငွေကျပ် ၂ သိန်းနှုန်း တောင်းယူပြီး စက်လှေဖြင့် ခေါ်ဆောင် လာခဲ့ခြင်းဖြစ်ကြောင်း၊ စက်လှေပေါ်တွင် လူ ၃၀၀ ကျော် ပါရှိသည်ဟု သိရှိရကြောင်း၊ ဖမ်းဆီးရမိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှဖြစ်ပြီး မွတ်စလင် ၁၇ ဦးမှာ မောင်တောမြို့၊ နယ်မြေ ၂ ရွက်ညိုတောင်ဒေသမှဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများကို ငရုတ်ကောင်းမြို့နယ်ခွဲတွင် ထိန်းသိမ်းထားကြောင်း ငပုတော မြို့နယ်မှ ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။
“သူတို့ကို ပွဲစားက မလေးရှား ကိုပို့ပေးမယ်ဆိုပြီး စက်လှေနဲ့ခေါ်လာတာ။ ဘင်္ဂလားဒေ့ရှ်က လူတွေကို အရင်ခေါ်တယ်။ ပြီးတော့မှ မောင်တောက ၁၇ ယောက်ကို ဝင်ခေါ်တယ်။ ပြောတာတော့ သူတို့က ရေထဲခုန်ချတာ မဟုတ်ပါဘူးပေါ့။
ကန်ချခံရလို့ရေထဲပြုတ်ကျပြီး ကမ်းပေါ်ကို ရေကူးလာတာပါဆိုပြီး ထွက်ဆိုသွားတယ်။ အဲဒီအဖွဲ့ထဲမှာ ဗမာစကားတတ်တာ ဆိုလို့ ၂ ယောက် လောက်ပဲပါတယ်။ စက်လှေကတော့ သူတို့ရေထဲကျပြီးတာနဲ့ ပင်လယ်ထဲ မောင်းထွက်သွားတယ်” ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်က ဧရာဝတီသို့ ရှင်းပြသည်။
ရခိုင်ပြည်နယ်မှ မွတ်စလင်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတချို့မှာ ပင်လယ်လမ်းကြောင်းကို အသုံးပြုပြီး ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲနှင့် ငရုတ်ကောင်း မြို့နယ်ခွဲ ဒေသများမှတဆင့် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လေ့ရှိကြောင်း၊ နှစ်စဉ် မော်တင်စွန်း ဘုရားပွဲ ကာလများ၌ စက်လှေများဖြင့် လာရောက်ကာ ဘုရားဖူးများသဖွယ် အယောင်ဆောင်၍ မော်တင် – ပုသိမ် ကားလမ်းအတိုင်း မြို့ပြဒေသများသို့ ဝင်ရောက်လေ့ ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။