မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ချပေးသည့် တန်ဖိုးနည်း ဖုန်း Sim ကတ်များကို မဲဖောက် ရောင်းချ ပေးခြင်းသည် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အတွက် လုပ်ကွက်အခွင့်အရေး ပေးထားသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။
“ပြည်သူတွေ ပေါပေါများများ သုံးရဖို့ ကျပ် ၁၅၀၀ နဲ့ ဖုန်းကတ်ကို ချပေးပေမယ့် အဆင့်ဆင့် ဖြစ်နေပြီး ကြားမှာ တဆင့် ရနေတဲ့ အခွင့်အလမ်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အတွက် ဖန်တီးပေးနေသလို ဖြစ်နေတယ်။ ဒါတွေဟာ လုံးဝကို မရှိသင့်ဘူး” ဟု လှည်းကူး မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းက ချပေးသည့် ၁၅၀၀ ကျပ်သာ တန်ဖိုးရှိသော တန်ဖိုးနည်း ဖုန်း Sim ကတ်များသည် လက်ရှိ ပြင်ပပေါက်ဈေးတွင် ကျပ် ၉ သောင်းကျော်မှ ၁ သိန်း ၅ သောင်းအထိ ဖြစ်နေကြောင်း ဖုန်းဝယ်ရောင်း ဈေးကွက်မှ သိရသည်။
၁၅၀၀ ကျပ်သာ ပေးရသည့် တန်ဖိုးနည်း ဖုန်းကတ်များကို ပြင်ပ ဈေးကွက်တွင် ငွေကျပ် ၁ သိန်းကျော်ဖြင့် အရောင်း အဝယ် ပြုလုပ်နေကြခြင်းမှာ ဈေးကွက် ဝယ်လိုအားထက် ပစ္စည်းအရေအတွက် နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက တန်ဖိုးနည်း ဖုန်းကတ်များကို ၎င်းတို့ အကျိုးစီးပွားအတွက် အသုံးချနေကြကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
“Sim ကတ်တွေကို ပေါပေါများများ ထုတ်ပေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဆီမှာသာမက၊ လမ်းဘေး ဆိုင်လေးတွေမှာပါ ဝယ်လို့ရတဲ့အထိ ပေါပေါများများ ရောင်းလို့ရအောင် လုပ်ပေးမယ် ဆိုရင်တော့ အခုလို ကိစ္စတွေ ရှိမလာ နိုင်တော့ပါဘူး။ အခုက ပြည်သူကို ပေါပေါများများ သုံးစေချင်လို့ ချပေးပေမယ့် ၈ သောင်း ၁ သိန်း ကျော်နေတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒါဟာ လုပ်စားဖို့ အခွင့်အရေး ပေးထားသလို ဖြစ်နေတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။
တန်ဖိုးနည်း ဖုန်းကတ်များ ယခုကဲ့သို့ ၁ သိန်းကျော်အထိ ပေါက်ဈေး ရှိနေသောကြောင့် ၁ လ တကြိမ် မဲနှိုက်၍ ဖုန်းကတ် ဝယ်ရသူများသည် မိမိတို့ မဲပေါက်လျှင် အသုံးပြုရန် မထားတော့ဘဲ ဖုန်းကတ် အမျိုးအစားပေါ် လိုက်၍ ဈေးမြင့်မြင့်ဖြင့် ပြန်လည် ရောင်းချနေကြကြောင်း သိရသည်။
“အစကတော့ ဖုန်းကတ်ကို လိုချင်လို့ မဲနှိုက်တာပါပဲ။ ပေါက်လာတော့လည်း အပြင်မှာ ပြန်ရောင်းရင် ၁ သိန်း ကျော်ကျော် လောက် ရနေတာဆိုတော့ ပြန်ရောင်းလိုက်တယ်။ ကိုယ်ရောင်းမယ်ဆိုရင် ဝယ်မယ့်သူတွေက အဆင်သင့် ရှိနေတာလေ။ သူတို့ကလည်း သုံးဖို့ ဝယ်တာမဟုတ်ဘူး၊ ပြန်ရောင်းဖို့ ဝယ်တာ။ ကျမ သိသလောက်တော့ အဲဒီလို လိုက်ဝယ်နေတဲ့ သူတွေက ဖုန်းဆိုင်ဖွင့်ထားပြီး ပြန်ရောင်းနေကြတာ” ဟု တာမွေမြို့နယ်တွင် နေထိုင်သူ မမာလာဆွေက ပြောသည်။
တန်ဖိုးနည်း ဖုန်းကတ်များကို လကုန်ခါနီး ရက်ပိုင်းများအတွင်း ကံစမ်းမဲနှိုက် ရောင်းချပေးလေ့ရှိပြီး ရပ်ကွက်အတွင်း နေထိုင်သည့် လူဦးရေအပေါ် မူတည်၍ ချပေးလေ့ရှိကြောင်း၊ ထိုသို့ ချပေးရာတွင် အစပိုင်းက တိတိကျကျဖြင့် မဲနှိုက် ရောင်းချ ပေးသော်လည်း နောက်ပိုင်းတွင် မသမာမှုများကို တာဝန်ရှိသူများကပါ ပြုလုပ်ကြလျှက် ရှိကြောင်း သိရသည်။
“ကျမတို့ ရပ်ကွက်မှာ ဒီလ ၆၃ ကတ် ချပေးတယ်။ မဲပေါက်တဲ့သူက ၆၀ ပဲရှိတယ်။ ၃ ယောက်က ပျောက်နေတယ်။ အဲဒီမှာ အမျိုးသမီး တယောက်က နာမည်ခေါ်ပြီး မဲနှိုက်တဲ့ အထဲမှာ သူ့နာမည်လည်း မပါသေးဘူး ဆိုပြီး ထပြောရော။ ပြီးတော့ ကျမတို့က အရင်လို မဟုတ်တော့ဘူး၊ ဘယ်နှကတ် ချပေးတယ်၊ ဘယ်နှကတ်ပဲ မဲပေါက်တယ် ဆိုတာကို စောင့်ကြည့် နေတာလို့ ပြောတော့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကဲ … ဒါဆိုလည်း အခုမဲနှိုက်သွားဆိုပြီး မဲပြန်နှိုက်ခိုင်းတယ်” ဟု မင်္ဂလာဒုံ မြို့နယ်တွင် နေထိုင်သူ မမေသဇင်က ဆိုသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ထိုကဲ့သို့သော မသမာသည့် နည်းလမ်းများ ပြုလုပ်သည့်အပြင် လူမနေသည့် တိုက်ခန်းများမှ အိမ်ရှင်များ၏ အမည်ဖြင့် မဲနှိုက်ကာ ထိုသူများက မဲပေါက်သွားသည်များလည်း ရှိကြောင်း ရပ်ကွက်နေ ပြည်သူတဦး၏ ပြောကြားချက် အရ သိရသည်။
တချို့သော ရပ်ကွက်များတွင် အထက်ပါ အဖြစ်အပျက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြုလုပ်နေသော်လည်း တချို့ရပ်ကွက်များတွင် ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များကလည်း သန့်ရှင်းသော နည်းဖြင့်သာ ဆောင်ရွက်ကြကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးက ဆိုသည်။
တချို့ ရပ်ကွက်များတွင် တန်ဖိုးနည်းဖုန်းများ မဲနှိုက်၍ ဝယ်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှာ မဲနှိုက် ဝယ်ယူခွင့် မရှိကြောင်း၊ မဲနှိုက်၍ ဖုန်းကတ် ရောင်းချသည့်နေ့တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တဦးဦးက လာရောက် စောင့်လျှက်ရှိကြောင်း၊ တန်ဖိုးနည်း ဖုန်းကတ်များ မဲနှိုက် ရောင်းချသည့်နေ့တွင် ရပ်ကွက်အတွင်း နေထိုင်သူ များကို ဖိတ်ခေါ်၍ မိမိတို့ ဆန္ဒပါလျှင် လာရောက် ကြည့်ရှုနိုင်စေရန် အသိပေးထားကြောင်း ရန်ကုန် ကျောက်တံတား မြို့နယ်တွင် နေထိုင်သော အမည်မဖော်လိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။
“၁၅၀၀ တန် ဖုန်းကတ်တွေက အခုလို အချိန်ဆို ဈေးပိုကြီးတတ်တယ်။ မဲနှိုက်ပြီးပြီးချင်း ရက်တွေမှာ ဆိုရင်တော့ လက်ရှိ ပေါက်ဈေးထက် ၁ သောင်းခွဲ၊ ၁ သောင်းလောက် ဈေးသက်သာတယ်။ အခုအချိန်က ဝယ်လိုအား များပြီး ရောင်းလိုအား နည်းနေတဲ့ ကာလဖြစ်နေလို့ ဈေးနည်းနည်း ပိုများတာ” ဟု ယုဇနပလာဇာရှိ ဖုန်းကတ်မျိုးစုံနှင့် ဟန်းဆက် အရောင်းဆိုင်မှ မန်နေဂျာ မမေမျိုးက ဆိုသည်။
၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းကတ်များကို မဲနှိုက်ရောင်းချသည့် နေ့များတွင် ဖုန်းဆိုင်များမှ ဝန်ထမ်းများသည် ၎င်းတို့ ကိုယ်တိုင် တချို့ မြို့နယ်များသို့ ဆင်းဝယ်ကြကြောင်း၊ ဖုန်းကတ်များကို ၉ သောင်းနှင့် ဝယ်လာခဲ့ပါက ၅ ထောင်ခန့် ဈေးပိုရလျှင် ၎င်းတို့ဆိုင်၌ ပစ္စည်းမထားတော့ဘဲ ရောင်းချလျှက်ရှိကြောင်း၊ တချို့သော ဖုန်းဆိုင်များတွင်မူ တန်ဖိုးနည်း ၁၅၀၀ တန် ဖုန်းကတ်များကို ပေါ်ပေါ်ထင်ထင် ရောင်းချနေလျှက် ရှိသော်လည်း တချို့ဆိုင်များတွင်မူ ထိုသို့မဟုတ်ကြောင်း တွေ့ရသည်။
၁၅၀၀ ကျပ်တန် တန်ဖိုးနည်း ဖုန်းကတ်များနှင့် ပတ်သက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးတချို့က အလွဲသုံးစား လုပ်နေခြင်း ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့နှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို ဖမ်းဆီးထားခြင်းခြင်းများ နေပြည်တော်တွင် ဖြစ်ပေါ်နေကြောင်း ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။
“တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လက်ထဲ လုပ်ပိုင်ခွင့် ပေးလုပ်ရင်တော့ ဒီလိုကိစ္စတွေက ရှိနေဦးမှာပါပဲ။ သူတို့က ဘယ်ခေတ် ဘယ်အခါ ဘယ်အချိန်ပဲဖြစ်ဖြစ် ယခုအချိန်ထိကို လုပ်ပိုင်ခွင့်ကို အကြောင်းပြု၊ အာဏာကို အကြောင်းပြုပြီး အခုလို လုပ်နေဦးမှာပဲ။ သူတို့လက်ထဲ ထည့်နေသမျှတော့ ဒါမျိုးတွေ ရှိနေဦးမှာပါ။ ဒါကြောင့် ဖုန်းကတ်တွေကို သူများနိုင်ငံ တွေမှာလို လမ်းဘေးမှာ ဝယ်နိုင်တဲ့အထိ ပေါပေါများများ လုပ်ပေးသင့်တယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ပြည်သူများအနေဖြင့် မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လာဘ်စားမှုများ၊ ကိုယ်ကျိုးအတွက် စီးပွားရှာ အလုပ်လုပ် နေသည် များကို တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများသို့ တိုင်ကြားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
“တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ မှန်မှန်ကန်ကန် လုပ်နေကြပါတယ်။ တချို့ကတော့ ရာထူးကိုအကြောင်းပြပြီး စီးပွားရှာနေကြတယ်။ ၁၅၀၀ တန် ဖုန်းကတ်ကို အပြင်မှာ ပြန်ရောင်းရင် ဖမ်းဆီး အပြစ်ပေးမယ်ဆိုတဲ့ ဥပဒေတော့ မရှိပါဘူး။ ရောင်းတာဝယ်တာ ကတော့ ကာယကံရှင်တွေရဲ့ ဆန္ဒပဲလေ။ အပြင်မှာ တန်ဖိုးနည်း ဖုန်းကတ်တွေကို ရောင်းလို့ ဖမ်းမယ်လည်း မပြောထားဘူး၊ မဖမ်းဘူးလည်း မပြောထားဘူး” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဆိုသည်။
တန်ဖိုးနည်း ဖုန်းကတ်များကို ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရောင်းချပေးခဲ့ကာ၊ ယခုလအထိ ၄ ကြိမ် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း၊ တန်ဖိုးနည်း ဖုန်းကတ် များသည် ပြင်ပ ဈေးကွက်တွင် CDMA ဆိုပါက ကျပ် ၉ သောင်း၊ GSM ဖြစ်ပါက ၁ သိန်း ၄ သောင်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။