နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ ကျရာနေရာမှ နောက် မဆုတ် တမ်း ကြိုးပမ်းသွားမည်ဟု အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး တို့က ကတိပေး ပြောဆိုလိုက်သည်။
ယခုလ ၂၀ ရက်နေ့က မြဝတီခရိုင် ရွှေကုက္ကို ကျေးရွာ အထက်တန်းကျောင်း တိုးမြှင့် ဖွင့်လှစ်ပွဲ အခမ်းအနား၌ တက်ရောက် လာ သည့် လက်နက်ကိုင်အဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များနှင့် ဒေသခံလူထုရှေ့တွင် ကျောင်းဖွင့်ပွဲ အခမ်းအနား ဂုဏ်ပြု အမှာစကား ပြောကြားရာ၌ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ယင်းသို့ ထည့်သွင်း ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
“တည်ငြိမ်အေးချမ်းဖို့ ဆိုရင် ထာဝရငြိမ်းချမ်းရေးကို သွားရမှာ ဖြစ်ပါတယ်၊ ဒီနေ့ တက်ရောက်လာတဲ့ ဧည့်ပရိသတ်အပေါင်းကို တိုင်းမှူး အနေနဲ့ ထာဝရငြိမ်းချမ်းရေးကို ဦးလည်မသုံသွားပြီးတော့မှ နောက်မဆုတ်တမ်းသွားမှာ ဖြစ်တယ်လို့ ပြောကြားလို ပါတယ်”ဟု အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း က ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများထဲတွင် မကြာခဏ ပြောကြားလေ့ရှိသော “တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မယ်” ဆိုသည့် အချက်အား ၎င်းအနေဖြင့် လမ်းညွှန်ချက်တခုကဲ့သို့ ခံယူလျက် လိုက်နာ ဆောင်ရွက်နေကြောင်းလည်း ပြောသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း က လက်နက်ကိုင်အဖွဲ့များနှင့် ၂၀၁၂ ခုနှစ်မှ စ၍ ငြိမ်းချမ်းရေး အတွက် ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှုများ ရရှိနေပြီဟုလည်း တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း က ဆိုသည်။
“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကလည်း တည်ငြိမ်အေးချမ်းမှုတွေ ရရှိလာတဲ့ ဒေသမှာ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ ဒေသ ဖံွ့ဖြိုးရေး ဆောင်ရွက်ကြဖို့ မကြာခဏပဲ လမ်းညွှန် မှာကြားပါတယ်၊ ကျနော့် အနေနဲ့ နယ်စပ်ဒေသ အသီးသီးကို ရောက်တဲ့ အခါမှာလည်း ဒါကိုပဲ လမ်းညွှန်မှာကြား လက်ကိုင်ထားပြီးတော့မှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု တိုင်းမှူး က ဆက်လက် ပြောဆို သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း ကလည်း နိုင်ငံတိုးတက် ဖွံ့ဖြိုးရန်အတွက် စီး ပွားရေး ကောင်းမွန်ရန်၊ နိုင်ငံရေး တည်ငြိမ်ရန် လိုအပ်သကဲ့သို့ ဒေသတည်ငြိမ်ရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရန်လည်း မပါမဖြစ် လိုအပ်ကြောင်း ပြောသည်။
“နယ်မြေတည်ငြိမ်ရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိဖို့ အင်မတန် အရေးကြီးပါတယ်၊ ဒီထာဝရ ငြိမ်းချမ်းရေးသာ မရရှိဘူး ဆိုရင် ကျန် တဲ့ အလုပ်တွေဟာ ဘယ်လောက်ပဲ လုပ်လုပ် သဲထဲရေသွန်သလိုဖြစ်ဖို့ ရှိပါတယ်”ဟု ဗိုလ်ချုပ် မောင်မောင်အုန်း က ဆိုသည်။
လက်ရှိအစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံသစ်ကို သွားနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ အပါအဝင် ပါတီများ အားလုံးနှင့် လက်တွဲဆောင်ရွက်နေသကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုများသည်လည်း များစွာ ခရီးရောက်နေပြီ ဖြစ်ကြောင်း ပြောသည်။
ထို့အတူ နိုင်ငံတကာနှင့်လည်း ချစ်ကြည်ရင်းနှီးမှုများရရှိနေပြီး ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနေပြီဖြစ်သကဲ့သို့ အမေရိကန်နိုင်ငံ အနေနှင့်လည်း မြန်မာအစိုးရ အပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း အခမ်းအနား တက်ရောက်လာသူများကို ဗိုလ်ချုပ် မောင်မောင်အုန်း က ရှင်းပြသည်။
ယခုအခါတွင် နိုင်ငံတော် အစိုးရနှင့် လွှတ်တော်များထဲတွင် ထာဝရငြိမ်းချမ်းရေး အပါအဝင် ဖက်ဒရယ်နှင့် ပတ်သက်၍လည်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးနေကြကြောင်း၊ အစိုးရအနေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဖြစ်သည့် အတွက် အားလုံးညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ကြရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
“ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ အခါမှာ ငြိမ်းချမ်းချင်တဲ့ စိတ်ရှိဖို့ လိုပါတယ်၊ ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေအားလုံးဟာ နှစ် ပေါင်း ၄၀၊ ၅၀ လောက် စိတ်ဝမ်းကွဲခဲ့တဲ့ ညီအစ်ကိုတွေ ဖြစ်ပါတယ်၊ ယနေ့ ကျနော်တို့ဟာ သမ္မတကြီး ပြောတဲ့အတိုင်း ပြောရရင် တော့ နောက်လှည့်မကြည့်စတမ်း ရှေ့ကိုသွားဖို့လိုပါတယ်၊ တူတာတွေကို ကျနော်တို့ လုပ်ကြပြီးတော့မှ မတူတာတွေကို ညှိနှိုင်းဖို့ဖြစ်ပါတယ်၊ ဒီလိုသွားမှသည် ကျနော်တို့မျှော်မှန်းတဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် မောင်မောင်အုန်း က ပြောဆိုသွားသည်။
ဗိုလ်ချုပ် မောင်မောင်အုန်း၊ ဗိုလ်ချုပ် တင်မောင်ဝင်း တို့သည် သြဂုတ် ၂၀ ရက်က ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကို ကျေးရွာ တွင် ကျင်းပသော နယ်ခြားစောင့်တပ်(BGF) ၃ နှစ်မြောက်နေ့ နှစ်ပတ်လည် အခမ်းအနားကိုလည်း တက်ရောက် လာကြသူများ ဖြစ်သည်။
ယင်း အခမ်းအနားသို့ တိုင်းရင်းသား တပ်ဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ အပါအဝင် ရာနှင့်ချီသော ဒေသခံ ပြည်သူများလည်း တက်ရောက်ကြသည်ကို တွေ့ရသည်။
အဆိုပါ နယ်ခြားစောင့် တပ်ဖွဲ့(BGF)သည် ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ် မတော် (DKBA) မှ အသွင်ပြောင်းခဲ့ခြင်း ဖြစ်သည်။
DKBA သည် နယ်ခြားစောင့်တပ်(BGF) ဖွဲ့စည်းရန် ၂၀၁၀ ပြည့် ဇူလိုင်လတွင် လက်ခံခဲ့ပြီး တပ်ဖွဲ့စည်းခြင်း အခမ်းအနားများကို သြဂုတ် လ အတွင်း လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြဝတီ မြို့နယ် မဲပလဲ့ဒေသ၊ ကော့ ကရိတ် မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေး ဒေသများတွင် ယခင် စစ်အစိုးရက ဦးဆောင် ပြုလုပ်ခဲ့သည်။
၁၉၉၅ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာ သည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။