မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ ကျင်းပရန် နီးကပ်လာချိန်တွင် အကြမ်းဖက် သမားများ၏ အန္တရာယ်မှ ကာကွယ်ရေးနှင့် အကြမ်းဖက်သမားများ နိုင်ငံတွင်း ဝင်မလာနိုင်ရေး အတွက် နိုင်ငံတဝန်း လုံခြုံရေး အမြင့်ဆုံး တိုးမြှင့် တပ်လှန့် သတိပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ဝင်းခေါင်က ပြည်တွင်း၌ အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်မည်ဆိုသော သတင်းများ ထွက်ပေါ် နေသောကြောင့် အကြမ်းဖက်သမားများ ပြည်တွင်းသို့ ဝင်မလာနိုင်စေရန် လေဆိပ်၊ နယ်စပ်ဒေသများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော နေရာများနှင့် ကမ္ဘာလှည့် ခရီးသည်များ အများဆုံး ရှိရာဒေသများတွင် လုံခြုံရေးအဆင့်ကို သိသိသာသာ တိုးမြှင့်ထားကြောင်း ဧရာဝတီသို့ ပြောသည်။
“တချို့နေရာတွေက လုံခြုံရေး တိုးမြှင့်တာ၊ တချို့နေရာတွေက လုံခြုံမှု အဆင့်ကို မြှင့်တင်ပြီးတော့ Alert လုပ်ထားတာပေါ့။ Security Alert လုပ်တယ်ဆိုတာ ရဲတပ်ဖွဲ့တခုလုံးကို Alert လုပ်ထားတာ။ အိန္ဒိယမှာ ဗုံးခွဲခံရတဲ့ ပြဿနာတွေ ဖြစ်ခဲ့တယ်။ ပြင်ပဘက်မှာ ဒီလိုလှုပ်ရှားမှုတွေ ရှိနေတော့ ဒီလိုလူတွေကြောင့် ပြည်တွင်းမှာ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ မဖြစ်အောင် ပြင်ဆင်ထားတယ်” ဟု ရဲမှူးချုပ် ဝင်းခေါင်က ဆိုသည်။
မကြာမီ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် နိုင်ငံတကာမှ ဧည့်သည်များ လုံခြုံစိတ်ချမှု ရှိစေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အထူးဂရုစိုက် ဆောင်ရွက်နေရပြီး လုံခြုံရေး တိုးမြှင့်ရာတွင် လူအင်အား တိုးမြှင့်ခြင်း သာမက လိုအပ်သော နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်း၊ လုံခြုံရေး လိုအပ်ချက် ရှိသော နေရာ မျိုးစုံကို လုံခြုံရေး တပ်လှန့်ထားခြင်း ကဲ့သို့သော လုံခြုံရေး စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိသည်ဟု သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြို့မရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်တဦးက မြိတ်မြို့မှ တဆင့် ဝင်ရောက်လာနိုင်သော အကြမ်းဖက်သမား အဖြစ် သံသယရှိသူ ၃ ဦး၏ အမည်နှင့် ဓာတ်ပုံများကို ရဲတပ်ဖွဲ့အတွင်း ဖြန့်ဝေထားကြောင်း၊ ထိုသူ ၃ ဦး နယ်စပ်မှ တဆင့် နိုင်ငံတွင်း ဝင်ရောက်လာပါက ဖမ်းဆီးနိုင်ရန် လမ်းကြောင်းများ ပိတ်ဆို့စစ်ဆေးလျှက် ရှိကြောင်း မြိတ်မြို့ မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်တဦးက ဧရာဝတီသို့ ပြောသည်။
“ဓာတ်ပုံ ထုတ်ထားတာက ဝင်လာရင် ရုပ်ကို ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဖမ်းမိဖို့ပါ။ အများပြည်သူ သိအောင် ထုတ်ပြန်တာမျိုး မလုပ်သေးပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေ အကြားမှာပဲ ဝေထားတာပါ” ဟု အဆိုပါ ဒုရဲအုပ်က ဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတဝန်း အကြမ်းဖက်မှု ဖြစ်စဉ်များ မဖြစ်ပွားစေရန်နှင့် ကာကွယ်ရန် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ တို့နှင့် သတင်းအချက်အလက် ဖလှယ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် မိထီ္ထလာ၊ တာချီလိတ်၊ မဲဆောက်၊ မြဝတီ ကဲ့သို့သော နယ်စပ် ဝင်ပေါက်များ၊ လေဆိပ်များ အားလုံးတွင် လုံခြုံရေး အထူးသတိပြု စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
“ပြည်တွင်းမှာဆိုရင် နိုင်ငံခြားသားတွေ အဝင်အထွက်များတဲ့ နေရာတွေမှာ လုံခြုံရေး မြှင့်ထားတယ်။ မိထ္ထီလာ ဘက်မှာလည်း လုံခြုံရေး မြှင့်ထားတယ်။ နယ်စပ်ဒေသတွေက တဆင့် အကြမ်းဖက်သမားတွေ အဝင်အထွက် မလုပ်နိုင်အောင် တာချီလိတ်၊ မဲဆောက်၊ မြဝတီတို့ စတဲ့ အဲဒီဧရိယာတွေမှာလည်း လုံခြုံရေး မြှင့်လိုက်တယ်။ လေဆိပ်တွေ အပါအဝင် အကုန်လုံးမှာတော့ လုံခြုံရေးကို အတတ်နိုင်ဆုံး တင်းတင်းကျပ်ကျပ် လုပ်ထားတယ်။ တဘက်က ဧည့်သည်တွေလည်း ငြိုငြင်စိတ် မဖြစ် သွားအောင် လုပ်နေတယ်” ဟု ရဲမှူးချုပ် ဝင်းခေါင်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကမူ ရန်ကုန်မြို့တွင် သင်္ဃန်းကျွန်းနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်များသည် သတိထား စောင့်ကြည့်ရမည့် နေရာများ ဖြစ်ကြောင်း၊ ထိုနေရာများတွင် အကြမ်း ဖက်ချင်သူများ ခိုအောင်းနိုင်ကြောင်း သုံးသပ်သည်။
“ဆိပ်ကမ်းမှာဆိုရင် ရခိုင်ကလာတဲ့ စက်လှေတွေကို သတိထားရမယ်။ နယ်စပ်မှာဆိုရင် လှေဝင်လို့ ရတဲ့နေရာတွေမှာ CCTV ကင်မရာတွေ တပ်ထားရမယ်။ ရပ်ကွက်တိုင်းမှာ ဆိုရင် လူစိမ်း မသင်္ကာဖွယ်ရာ လူတွေ့ရင် ပြည်သူတွေက သတင်းပို့ရမယ်။ လူထု ကူညီမှရမယ်” ဟု ဦးဇော်အေးမောင်က ဆိုသည်။
လတ်တလော ရန်ကုန်မြို့တွင် အာဏာပိုင်များက လုံခြုံရေး အထူးတင်းကျပ်ထားပြီး လှည့်ကင်းများကို နေ့ညမပြတ် စက်ဘီး၊ ဆိုင်ကယ် မျိုးစုံဖြင့် စောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ညပိုင်းတွင် ကားများကို ပိတ်ဆို့ စစ်ဆေးရေးများ ပြုလုပ်နေရပြီး ဧည့်စာရင်း စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။