မြန်မာနိုင်ငံ ၁၁ ရက် ခရီးစဉ်အတွင်း ဆန္ဒပြမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ်အိုဟေး ကင်တားနား အနေနဲ့ ဒုက္ခသည်များရဲ့ ကြောက်ရွံ့မှုမျိုး ခံစားခဲ့ရတယ်လို့ သူ့ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ပြီး သူ့ရဲ့ ထင်မြင်ယူဆချက်ကို ယမန်နေ့ ညနေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားရာမှာ သူက အထက်ပါအတိုင်း ထည့်သွင်းပြောဆို လိုက်တာ ဖြစ်ပါတယ်။
အခု ခရီးစဉ်မှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ အဓိကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးနဲ့ မန္တလေးတိုင်းက မိတီ္ထလာမြို့တွေကို သွားရောက်ခဲ့ပြီး ဘာသာရေး ခေါင်းဆောင်တွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ တဲ့အပြင် ဆန္ဒပြမှုများနဲ့ မစ္စတာကင်တားနား ကြုံတွေ့ခဲ့ရပါတယ်။
မိတ္ထီလာကို ကြုံတွေ့ခဲ့ရတဲ့ အဖြစ်နဲ့ ပတ်သက်လို့ “လူ ၂၀၀ လောက်က စီးလာတဲ့ကားအနားကို ဝိုင်းလာပြီး ကားမှန်နဲ့ တံခါးတွေကို ထုရိုက် အော်ဟစ်နေကြတာ။ ဒါကြောင့် မွတ်စလင် ၁၆၀၀ လောက်ရှိတဲ့ ဒုက္ခသည်စခန်းတခုကို သွားဖို့ အစီအစဉ်ကို ဖျက်လိုက်ရတယ်” လို့ ကင်တားနားက ပြောပြပါတယ်။
သူ့ကို ဆန္ဒပြနေတဲ့ အချိန်က အနားမှာ ရဲတွေ ရှိနေရဲ့သားနဲ့ ဒီလိုဖြစ်ရတာဟာ အကာအကွယ်ကင်းမဲ့ သလို ခံစားရတယ်လို့လည်း ဆိုပါတယ်။
“ဒီအဖြစ်အပျက်ကြုံတော့ ကျနော် ခံစားခဲ့ရတဲ့ ကြောက်ရွံ့မှုအကြောင်း ခင်ဗျားတို့ကို ပြောပြချင်တယ်။ အနားမှာရှိနေတဲ့ ရဲတွေက အကာအကွယ် မပေးဘဲ လုံးလုံး ပစ်ထားခံရတဲ့ အခြေအနေပေါ့။ အဲဒီအခြေအနေက ကျနော့်စိတ်ကို ပြီးခဲ့တဲ့ မတ်လတုန်းက လူ ၄၃ ယောက် သေဆုံးသွားအောင် ရိုက်နှက် ခုတ်ထစ် မီးရှို့ သတ်ဖြတ်မှုတွေကို ကျူးလွန်ကြတဲ့ လူအုပ်က ဝိုင်းလိုက်တာ ခံရတော့ ရဲက ရပ်ကြည့်နေတဲ့အခါ ကြုံရသူတွေ ခံစားကြရမယ့် ကြောက်လန့်စိုးထိတ်မှုတွေဆီ ရောက်သွားစေခဲ့ပါတယ်” လို့ ကင်တားနားက ပြောပါတယ်။
မြန်မာနိုင်င်ငံတော်အစိုးရအနေနဲ့ သံတမာန်တယောက်အပေါ် လုံခြုံရေးတာဝန်ယူပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ် ကိုသွားခဲ့စဉ်ကလည်း ဆန္ဒပြမှုတွေနဲ့ ကင်တားနား ကြုံခဲ့ရပါတယ်။ သူ့ကို ဘင်္ဂါလီ အကျိုးဆောင် ထွက်သွားလို့ ဆိုင်းပုဒ်ကိုင် ဆန္ဒပြကြပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူက“ကျနော်က ကျနော့်ရဲ့ ချဉ်းကပ်ပုံနဲ့ အမြင်သဘောထားကို သဘောမတူတဲ့ သူတွေနဲ့ စကားပြောဖို့ အမြဲအသင့် ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဆိုရင် ကားပေါ်ကနေ ဆင်းပြီးတော့ ဆန္ဒပြသူတွေနဲ့ ကျနော် စကား သွားပြောခဲ့ပါတယ်” လို့ ရှင်းပြပါတယ်။
စခန်း ၇၆ ခုမှာ လူပေါင်း ၁၄၀၀၀၀ ကျော်ဟာ ဒုက္ခရောက်နေကြရပြီး အများစုဟာ မွတ်စလင်တွေဖြစ်ပါတယ်။
၁၁ ရက်ကြာမြင့်တဲ့ သူ့ ခရီးစဉ်ဟာ ၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ရာထူးကို စတင်ဆောင်ရွက်ခဲ့တဲ့ မစ္စတာ ကင်တားနားအတွက် ၈ ကြိမ်မြောက် မြန်မာပြည် ခရီးစဉ်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ မစ္စတာ ကင်တားနားက ပြောကြားသွားခဲ့ပါသေးတယ်။
မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်အတွင်း ကချင်ပြည်နယ်မှာ အစိုးရတာဝန်ရှိသူတွေ၊ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပေမယ့် (KIO) ရဲ့ ပင်မအခြေစိုက် စခန်းဖြစ်တဲ့ လိုင်ဇာကို သွားရောက်ဖို့ကိုတော့ အစိုးရ တာဝန်ရှိသူတွေက လုံခြုံရေးကို အကြောင်းပြပြီး ခွင့်မပြုခဲ့ပါဘူး။
“အစိုးရထိပ်ပိုင်း အဆင့်က အပစ်အခတ် ရပ်စဲဖို့ လုပ်နေကြတာကို အောက်ခြေအဆင့်က လိုက်နာဖို့ လိုအပ်တယ်။ အောက်ခြေ အဖွဲ့အစည်းတွေက အခြေအနေတွေကို နားလည်မှ ငြိမ်းချမ်းရေး ဖော်ဆောင်လို့ ရမှာပါ” လို့ မစ္စတာ ကင်တားနားက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
လက်ရှိ အခြေအနေမှာတော့ လူ့အခွင့်အရေးကလည်း တိုးတက်လာနေတာ ဖြစ်လို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အစိုးရ အနေနဲ့ လွှတ်ပေးတော့မယ်ဆိုတာ ယုံကြည်နေတယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီးတော့ ငြိမ်းချမ်းစွာ ဆွေးနွေးရမယ့် အခြေအနေ ဖြစ်ပါတယ်လို့လည်း သူက ဆိုပါတယ်။
မစ္စတာ ကင်တားနားဟာ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဝန်ကြီးဌာန အသီးသီးက ရှေ့နေတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကော်မရှင်၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အခု ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ အပြည့်အစုံကို အောက်တိုဘာလထဲမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းမယ်လို့လည်း သိရပါတယ်။