မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာသောမတ်အိုဟေး ကင်တာနား၏ မိတ္ထီလာခရီးစဉ်အတွင်း ၎င်း၏ ကားကို ထုရိုက်ခြင်းမှာ ရဲက ကားကို အမြန်ထွက်ခွာစေလို၍ အချက်ပေးခြင်းသာဖြစ်၍ အထင်အမြင်လွဲမှာခြင်းသာဖြစ်ကြောင်း မိတီ္ထလာမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
“သူက နားလည်မှုလွဲသွားတာပါ ။ လူထုက အိပ်ဖွင့်ပေးစာ ပေးဖို့ပဲ ကြိုးစားတာပါ။ လူထုက ရန်မလိုပါဘူး။ ယာဉ်ပိတ်ဆို့မှု ဖြစ်သွားတာကလည်း ၃ မိနစ်လောက်ပါပဲ။ လူအုံလာလို့ အရပ်ဝတ်ရဲတွေက ကားထွက်ဖို့ ကားသမားကို အချက်ပြပြီး ထုလိုက်တာပါ”ဟု မိတီ္ထလာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။
ကင်တားနားကို ဆန္ဒပြရန် သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် မိတ္ထီလာမြို့ပေါ်တွင် စတင်လှုပ်ရှားခဲ့ကြပြီး ညနေ ၇ နာရီ ဝန်းကျင်တွင် လူ တထောင်ကျော်မျှ ရှိခဲ့ကြောင်း၊ မစ္စတာ ကင်တားနား မိတ္ထီလာမြို့သို့ ရောက်လာချိန် ည ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် လူ ၂၀၀ ဝန်းကျင်အထိ မစ္စတာ ကင်တားနား လိုက်ပါလာမည့် ကားတန်းကို ဆိုင်းဘုတ်များ ကိုင်ကာစောင့်ဆိုင်းခဲ့ကြသည်။
မစ္စတာ ကင်တားနားထံသို့ ပေးအပ်လိုက်သော အိတ်ဖွင့်ပေးစာတွင် မိတ္ထီလာမြို့ခံ ပြည်သူများအနေဖြင့် ဘင်္ဂါလီများအား အားပေးအားမြှောက် သွေးထိုးလှုံ့ဆော်မှုပြုနေသော မစ္စတာ ကင်တားနားအား မြန်မာနိုင်ငံမှ အမြန်ဆုံး ထွက်ခွာသွားရန်၊ မြန်မာနိုင်ငံသို့ နောက်နောင် လာရောက်ခြင်း မပြုရန်နှင့် ကုလသမဂ္ဂအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၏ လုပ်ပိုင်ခွင့်ဖြင့် ကင်တားနားအား မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်မှ အမြန်ဆုံး ရုပ်သိမ်းပေးရန်၊ အထူး ဆောင်ရွက်ရမည့် ရာထူးနှင့် တာဝန်အား အလွဲသုံးစားပြု၍ ကမ္ဘာ့အဖွဲ့အစည်းအား သိက္ခာမဲ့စေသော ကင်တားနားအား ပြတ်သွားစွာ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်း စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။
မစ္စတာကင်တားနားကို ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မိတီ္ထလာမြို့ခံ ကိုဒီမော်စိုးကလည်း မိတ္ထီလာလူထုအနေဖြင့် ကင်တာနားကို အန္တရာယ်ပြုလိုစိတ် လုံးဝမရှိဘဲ သူ၏ လူ့အခွင့်အရေး စာတမ်းကို ကန့်ကွက်ကြောင်း သိစေချင်သော စိတ်ဆန္ဒသာရှိကြောင်း၊ တချို့လူများမှာ “အရမ်းတက်ကြွ” နေသောကြောင့် အချင်းချင်း ထိန်းသိမ်းလိုက်ရသေးကြောင်း ပြောဆိုသည်။
“ကျနော်တို့က အေးအေးဆေးဆေးပဲ ဆန္ဒပြတာပါ။ သူ့ကို ဘာမှ မလုပ်ပါဘူး။ လုပ်ချင်ရင် သူအခုလိုပြန်နိုင်မှာတောင် မဟုတ်ဘူး။ လူအုံလာလို့ နည်းနည်းကြောက်သွားတဲ့ သဘောပါ။ ဒေသခံတွေက သူကို မထောက်ခံဘူးဆိုတာ သိသွားစေချင်တာ”ဟု ကိုဒီမော်စိုးက ဆိုသည်။
မစ္စတာ ကင်တာနားကမူ မိထ္တီလာ ခရီးစဉ်တွင် လုံခြုံရေးရဲများရှိနေသော်လည်း ၎င်း၏ကားကို ဒေသခံ ဆန္ဒပြသူများက ထုရိုက်ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မနေ့က ရန်ကုန်လေဆိပ်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသည်။
”အစိုးရက ကျနော်ကို ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်”ဟု ကင်တာနားက သတင်းထောက်များကို ပြောသည်။
ကင်တာနားထံသို့ လူအုပ်ကပ်လာခြင်းမှာ စာတစ်စောင်နှင့် အကျီတစ်ထည်ပေးရန် ကြိုးစားခြင်းသာ ဖြစ်ပြီး ” ကင်တာနား ပြောတာ လက်တွေ့အခြေအနေနဲ့ လုံး၀ ကွဲလွဲနေပါတယ်”ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုကြောင်း အေပီသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ ၁၁ ရက်အကြာ မြန်မာပြည် ခရီးစဉ်တွင် ရခိုင်ပြည်နယ် အပါအဝင် ဘာသာရေး အဓိကရုဏ်းကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ရာ ဒေသများသို့ သွားရောက်ခဲ့ပြီး ယမန်နေ့ ညနေ ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။