အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်မှုနှင့် ဆက်စပ် သံသယရှိသူ ၈ ဦးကို အင်ဒိုနီးရှား နိုင်ငံ အကြမ်းဖက်မှု နှိမ်နင်းရေး အထူးတပ်ဖွဲ့က ထပ်မံဖမ်ဆီးလိုက်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့ တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။
မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှုနှင့် ဖမ်းဆီးခံရသူများထဲတွင် ယခင်က အကြမ်းဖက်မှုဖြင့် ပြစ်ဒဏ် ကျခံရဖူးသူ တဦးပါဝင်ပြီး မြန်မာနိုင်ငံတွင် မွတ်စလင်များ အပေါ် ခွဲခြားဆက်ဆံမှု၊ သတ်ဖြတ်မှုများကို ဆန့်ကျင်သည့် အနေဖြင့်ထိုသို့ ကြံစည်ခြင်း ဖြစ်ကြောင်း၊ မေလမှ စတင်ပြီး အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲရန်ကြံစည်သူများကို အင်ဒိုနီးရှား အာဏာပိုင်များက ဖမ်းဆီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ လက်ရှိအချိန် ဗုံးခွဲရန် ကြံစည်မှုအတွက် သံသယရှိသူ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှားမှ လာသော သတင်းများအရ သိရှိရသည်။
မြန်မာ သံရုံး ဗုံးခွဲရန် ကြံစည်မှုနှင့် ဖမ်းခံရသူများတွင် Iqbal Hussaini ဆိုသော အင်ဒိုနီးရှား အမျိုးသားတဦး လည်းပါဝင်ပြီး Iqbal Hussaini သည် သြဇာကြီးသည့် အလယ်အလတ် ဝါဒီ မွတ်စဆလင်အမျိုးသား တဦးနှင့် ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီး တဦးကို သတ်ဖြတ်ရန် ကြံစည်မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာပြီး ယခုတဖန် ပြန်လည် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ Hussaini နှင့်အတူ အခြားသူ ၃ ဦး ကိုလည်း ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုနှင့် ဆက်နွှယ်ခြင်း ရှိ၊ မရှိ စစ်ဆေးမေးမြန်းနေကာ ဖမ်းဆီးခံရသူများနှင့်အတူ သေနတ် ၂ လက်၊ လေသေနတ် ၂ လက်နှင့် လက်နက် ခဲယမ်း တချို့ကို သိမ်းဆည်းရမိထားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ရဲမှူးကြီး Agus Rianto က ပြောသည်။
အလားတူ အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ တခြား စစ်သွေးကြွ ၄ ဦးကို ဂျကာတာမြို့ ဆင်ခြေဖုံးတွင် ဖမ်းမိခဲ့ပြီး ဖမ်းမိသူများထဲတွင် ဝရမ်းပြေးတဦးဖြစ်သည့် Khoirul Ikhwan လည်း ပါဝင်ကြောင်း၊ ၎င်းတို့နှင့်အတူ ပစ္စတို ၂လက်၊ ကျည်ကတ် ၃ ခုနှင့် ကျည်ဆံ ၇၀ သိမ်းဆည်းမိခဲ့ကြောင်း၊ စစ်သွေးကြွ တဦးဖြစ်သူ Muhanmmed Zakaria ကို ဂျကာတာ အနောက်ပိုင်းတွင် သြဂုတ် ၁၈ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး Rikwanto က ပြောသည်။
“သူတို့က မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ အဖွဲ့မှာ ပါဝင်သူတွေဆိုတာ ကျနော်တို့မှာ ခိုင်မာတဲ့ အထောက် အထားတွေ ရှိပါတယ်” ဟု ဒုရဲမှူးကြီး Rikwanto က ဆိုသည်။
ဖမ်းဆီးရမိထားသော စစ်သွေးကြွများသည် အလယ်ဂျာဗားမှ Solo City ရှိ ခရစ်ယာန် ဘုရားကျောင်းတကျောင်းနှင့် အနောက်ဂျာဗားမှ Cirebon မြို့ရှိ ရဲတပ်ဖွဲ့ဌာနချုပ် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ၂ ခုတွင် ပါဝင်ပတ်သက်ခဲ့ သူများ ဖြစ်ကြောင်း သိရှိရသည်။
အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တွင် မေလအတွင်း မြန်မာသံရုံးဗုံးခွဲရန် လက်လုပ်ဗုံး ငါးလုံး သယ်ဆောင်လာသော စစ်သွေးကြွ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ နေအိမ်တွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် အင်ဒိုနီးရှား အာဏာပိုင်များက စစ်သွေးကြွများကို ဆက်တိုက် ဖမ်းဆီးခဲ့ပြီး ယခုသြဂုတ်လ အစောပိုင်းက ဂျကာတာမြို့ရှိ ဗုဒ္ဓဘာသာ ဘာသာရေး အဆောက်အအုံ တခုကို စစ်သွေးကြွများက ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး လူတဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်၍ ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်စလင်များ အကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူသေဆုံး ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
Indonesia Arrests 8 More in Burma Embassy Plot (AP) ကို နိုင်မင်းသွင် ဆီလျော်အောင် ပြန်ဆိုသည်။