၂၀၁၃ သြဂုတ်လ ၂၈ ရက်နေ့ ဆိုရင် အမေရိကန် လူမည်းခေါင်းဆောင် မာတင် လူသာကင်းရဲ့ “ကျနော့်ဆီမှာ အိပ်မက်တခု ရှိတယ်” သမိုင်းဝင် မိန့်ခွန်း ရွှေရတု ပြည့်ပါပြီ။ အမေရိကန် ပြည်ထောင်စုမှာ ပထမဆုံး လူမည်းသမ္မတ ဘားရတ် အိုဘားမားရဲ့ ဒုတိယသက်တမ်းနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းမှာ ထူးခြားတဲ့ တိုက်ဆိုင်မှု ဖြစ်သလို တရားမှျှတမှုနဲ့ လွတ်လပ်မှုအတွက် ရုန်းကန် တိုက်ပွဲဝင်သူတွေ အတွက်လည်း အဓိပ္ပါယ် ရှိတဲ့ တိုက်ဆိုင်မှုလို့ ဆင်ခြင်မိပါတယ်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်မှုတွေ အပေါ် ပြန်လည် ဆင်ခြင်ဖို့ အချိန်ကောင်းပါပဲ။
မာတင်လူသာကင်းက “ဂန္ဒီရဲ့ အကြမ်းမဖက် အာခံနည်းဟာ ကျွနု်ပ်တို့ လှုပ်ရှားမှုရဲ့ လမ်းပြ အလင်းရောင်” ဖြစ်တယ်လို့ ဆိုခဲ့ဖူးသလို သမ္မတ အိုဘားမားက “ဂန္ဒီသာ မပေါ်ခဲ့ရင် သူလို လူမည်း တယောက် အမေရိကန် သမ္မတဖြစ်လာမှာ မဟုတ်ဘူး”လို့ ပြောခဲ့တဲ့အတိုင်း ဂန္ဒီလမ်းစဉ်အကြောင်း အရင်ဆုံး ဆင်ခြင်ကြည့်မိပါတယ်။ ကမ္ဘာကြီးမှာ ဖက်ဆစ်ဝါဒ၊ စစ်ပွဲတွေနဲ့ ဝရုန်းသုန်းကား ကာလမျိုးမှာ ဂန္ဒီက အကြမ်းမဖက်လမ်းစဉ်၊ ငြိမ်းချမ်းရေးတရားတွေကို သင်ကြားပေးခဲ့တယ်။ ဂန္ဒီက “အမုန်းတရားက နောက်ထပ် အမုန်းမီးကိုပဲ ပွားစေလိမ့်မယ်၊ အကြမ်းဖက်မှုဟာလည်း နောက်ထပ် အကြမ်းဖက်မှုကိုပဲ မွေးဖွားလိမ့်တယ်၊ အမုန်းအင်အားကို နှလုံးရည်နှင့် ရင်ဆိုင်ရမယ်” လို့ ဆိုခဲ့တယ်။ မာတင်လူသာကင်းကလည်း ဂန္ဒီရဲ့ သစ္စာဂြဟ လှုပ်ရှားမှုကို နည်းယူပြီး အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး တိုက်ပွဲမှာ လက်တွေ့ အကောင် အထည် ဖော်တယ်။ တနေ့ကျရင် “ ကျွန်ဖြစ်ခဲ့သူတွေရဲ့ သားသမီးတွေနဲ့ ကျွန်ပိုင်ရှင်ဖြစ်ခဲ့သူတွေရဲ့ သားသမီးတွေ မောင်ရင်းနှမလို ချစ်ကြည်ရင်းနှီးစွာ အတူတူ နေထိုင်နိုင်ကြလိမ့်” လို့ အိပ်မက်ခဲ့တယ်။ သူတို့ှနှစ်ယောက်စလုံး အကြိမ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းချခံခဲ့ရ၊ နောက်ဆုံးမှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတယ်။
သိက္ခာမဲ့တဲ့ သူတွေနဲ့ ရင်ဆိုင်ရတာဟာ သိက္ခာစောင့်ထိန်းတဲ့ သူတွေနဲ့ ရင်ဆိုင်တာလောက် မလွယ်ဘူးဆိုတာ ယုံမှားစရာ မရှိပါဘူး။ ပြည်တွင်းနဲ့ နိုင်ငံတကာကို အလေးမထားတဲ့ အစိုးရမျိုးတွေနဲ့ ရင်ဆိုင်ရတာ မလွယ်ပါဘူး။ ဒီနေ့ခေတ်မှာ ဂန္ဒီနဲ့ မာတင်လူသာကင်းတို့ လမ်းစဉ်ကို လေးစား အားကျသူတွေထဲမှာ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်၊ တရုတ်ပြည်က လူရှောင်ဘိုကနေ ပါကစ္စတန်က မာလာလာအထိ ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင်ကို စနစ်ကို ရင်ဆိုင်နေသလို၊ လူရှောက်ဘိုက ကွန်မြူနစ် အာဏာရှင်၊ မာလာလာက အကြမ်းဖက် ဝါဒကို အာခံနေတယ်။ ဒေါ်အောင်ဆန်းစုကြည်က သိက္ခာမဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေကို ဂန္ဒီလမ်းစဉ်နဲ့ ရင်ဆိုင်ရင်း နှစ်ပေါင်းများစွာ အကျဉ်းချခဲ့ရတယ်။ လူရှောင်ဘိုလည်း လွတ်လပ်မှုကို တန်ဖိုးမထားတဲ့ ကွန်မြူနစ် အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ အခုအချိန်အထိ လှောင်ပိတ်ခံနေတယ်။ အသက် ၁၆ နှစ်အရွယ် မာလာလာကို တာလီဘန်တွေက ဦးခေါင်းကို သေနတ်နဲ့ပစ်လို့ သေလုမျောပါး ဖြစ်ခဲ့ရတယ်။
ဂန္ဒီလမ်းစဉ်ဟာ သူ့ခေတ်နဲ့သူ၊ ထူးခြားတဲ့ အခြေအနေ၊ ထူးခြားတဲ့ သမိုင်းနောက်ခံမှာ အသုံးဝင်မှုကို မှတ်ကျောက်တင်ခံခဲ့တာမှန်ပေမယ့် ယနေ့ကမ္ဘာမှာ ဂန္ဒီရဲ့ ကြီးကျယ်မှုမျိုးကို လိုက်မှီဖို့ မလွယ်တော့တာ အမှန်ပါပဲ။ ဂန္ဒီလမ်းစဉ်ကလည်း အခါခပ်သိမ်း အောင်မြင်နေတာတော့ မဟုတ်ပါဘူး။ ဂန္ဒီကွယ်လွန်ချိန် နောက်ပိုင်း နှစ်တွေမှာ လူသန်း ၂၀ ဟာ စစ်ပွဲတွေ၊ ဆူပူအုံကြွမှုတွေ အတွင်းမှာ အသက်ဆုံး သွားကြတယ်။ အိန္ဒိယမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာ မွန်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှုလို၊ အမေရိကန် ပြည်ထောင်စုမှာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုလို ကမ္ဘာကြီးမှာ အကြမ်းဖက်ဝါဒ၊ စစ်ပွဲတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အနာမကျက် သွေးမတိတ်သေးပါဘူး။ အစိုးရတွေဟာ လက်နက်တွေကို နျူးကလီယား လက်နက်တွေ အပါအဝင် လက်နက်တွေ အပြိုင်အဆိုင်တပ်ဆင်နေကြ၊ စစ်အသုံးစရိတ်ကို ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍထက် ဦးစားပေး နေကြတုန်းပါပဲ။
မြန်မာပြည်က စစ်အာဏာရှင်တွေကို ရင်ဆိုင်တဲ့ နေရာမှာလည်း ဂန္ဒီနည်းက တကယ် ထိရောက်ပါ့မလားလို့ သံသယရှိသူတွေ မနည်းပါဘူး။ တာလီဘန် အကြမ်းဖက်သမားတွေကို ရင်ဆိုင်တဲ့နေရာမှာရော အကြမ်းမဖက်နည်းလမ်းက လက်တွေ့ထိရောက်ပါ့ မလားဆိုတာ မေးခွန်းထုတ်တာတွေက သဘာဝကျပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်မှောက်ခေတ် အကြမ်းမဖက်နည်းရဲ့ အရှုံးတွေဟာ ဂန္ဒီတို့ခေတ်မှာ ဟစ်တလာရဲ့ ဂျူးသုတ်သင်ရေးကို မကာကွယ်နိုင်ခဲ့တာလောက် ဆိုးရွားမယ်လို့ မထင်ပါ။ ဂန္ဒီကို အမြဲတမ်း လေးစားအား ကျခဲ့သူတွေထဲမှာ တောင်အာဖရိက ခေါင်းဆောင် နယ်ဆင်မန် ဒဲလားလည်း ပါဝင်ပါတယ်။ ဒါပေမယ့် နယ်ဆင်မန်ဒဲလားက တောင်အာဖရိကရဲ့ အသားရောင်ခွဲခြားမှု တိုက်ဖျက်ရေးမှာ အကြမ်းမဖက်နည်းက ထိရောက်မှု မရှိဘူးလို့ ဆိုခဲ့ဖူးတယ်။ မန်ဒဲလား ကိုယ်တိုင်လည်း အနှစ် ၃၀ နီးပါး ထောင်သွင်း အကျဉ်းချခံခဲ့ရတယ်။ တောင်အာဖရိကရဲ့ အသားအရောင်ခွဲခြားမှုစနစ်ဟာ နှစ်ပေါင်း တစ်ရာနီးပါး ကြာခဲ့ပြီး မျိုးဆက်တွေ တဆက်ပြီး တဆက် တရားမျှတမှုအတွက် နည်းလမ်းပေါင်းစုံသုံးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ သမတ ရာထူး လက်ခဲ့တဲ့နေ့မှာ မန်ဒဲလားက သူဟာ “ရှေ့က လျှောက်သွားခဲ့တဲ့ အာဖရိက မျိုးချစ်တွေ အားလုံးရဲ့ ပေါင်းလဒ်မျှသာ ဖြစ်တယ်” လို့ ခံစားရတဲ့ အကြောင်း လွတ်လပ်ရေးသို့ခရီးရှည် (Long Walk to Freedom) စာအုပ်မှာ ရေးထားတယ်။
မာတင်လူသာကင်းရဲ့ အမေရိကန် ပြည်ထောင်စုကို ကြည့်ရင်လည်း ကျေးကျွန်စနစ်ကို ဖျက်သိမ်းလိုက်တာနဲ့ အသားအရောင် ခွဲခြားတဲ့ ဥပဒေတွေကို ဖျက်သိမ်းတဲ့ကြားမှာ အနှစ် ၁၀၀ ဝန်းကျင် ကြာခဲ့တယ်။ အသားအရောင်ခွဲခြားတဲ့ ဥပဒေကို ဖျက်သိမ်းတာနဲ့ ဘားရတ် အိုဘားမား ဆိုတဲ့ လူမည်းသမ္မတ တစ်ယောက် ပေါ်ပေါက်လာဖို့ နောက်ထပ် အနှစ် ၅၀ နီးပါးကြာခဲ့တယ်။ ဆိုလိုတာကတော့ ဘယ်လောက်ပဲ အချိန်ကြာကြာ၊ တရားမျှတမှုအတွက် တိုက်ပွဲဟာ နောက်ဆုံးမှာတော့ အောင်ပွဲခံတာပါပဲ။
မြန်မာပြည်ရဲ့ မျက်မှောက်သမိုင်းမှာလည်း တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့နေရာမှာ ဂန္ဒီရဲ့ နှလုံးရည် တိုက်ပွဲနည်းသာမက တခြားနည်းလမ်းတွေကိုလည်း တွေ့ရပါတယ်။လွတ်လပ်ရေးရတဲ့ အချိန်က စရေတွက်ရင် အချိန်ကာလအားဖြင့် ရာစုနှစ်တဝက်ကို ကျော်လာပါပြီ။ ဘယ်လိုပဲ ဖိနှိပ်မှုတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူတွေရဲ့ တရားမျှတမှုအတွက် တိုက်ပွဲဟာ ဘယ်တုန်းကမှ နောက်ဆုတ်မသွားတဲ့ သာဓကတွေ အမြောက်အများ ရှိပါတယ်။ အခုဆိုရင် တရားမျှတမှု ရုန်းကုန်မှုရဲ့ အောင်ပွဲ အသီးအပွင့်တွေကို စတင်မြင်နေရပါပြီ။ နောက်ထပ် ရုန်းကန်ရမှာတွေ ကျန်ပါသေးတယ်။
ဒီလိုပဲ ပါကစ္စတန်က မာလာလာနဲ့ တရုတ်ပြည်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူရှောင်ဘိုတို့ ဦးဆောင်တဲ့ တရားမျှတမှု အတွက်တိုက်ပွဲဟာလည်း တနေ့မှာ မုချအောင်ပွဲခံရမှာပါပဲ။ ဖိနှိပ်မှုတွေဟာ ယာယီ အခိုက်အတန့်အနေနဲ့ အနိုင်ရကောင်းရနိုင်ပေမယ့် ရေရှည်တိုက်ပွဲမှာ ကျဆုံးတာပါပဲ။ တရားမျှတမှုအတွက် ရုန်းကန်မှုတွေဟာ ယာယီအခိုက်အတန့်အနေနဲ့ ကျဆုံးသယောင် ထင်ရပေမယ့် နောက်ဆုံးမှာတော့ အောင်ပွဲခံတာ ဓမ္မတာပါပဲ။
ဂန္ဒီသေပါပြီ၊ မာတင်လူသာကင်း သေပါပြီ။ ဒါပေမယ့် ကမ္ဘာကြီးမှာ ဂန္ဒီဝါဒမသေသလို၊ မာတင်လူသာကင်းဝါဒလည်း မသေ။ မသေရုံသာမက သူတို့ ကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာ ဆက်ပြီး အောင်ပွဲခံနေတုန်းပါပဲ။ ဒီလိုပဲ ကမ္ဘာကြီးမှာ ဟစ်တလာရဲ့ နာဇီဝါဒ၊ နယ်ချဲ့ကျူးကျော်ရေးဝါဒတို့ ခေါင်းမထောင်နိုင်သလို လက်ကျန် ဖိနှိပ်တဲ့ အကြမ်းဖက်တဲ့ အာဏာရှင်ဝါဒတွေ အားလုံးလည်း တနေ့မှာ မုချ ကျဆုံးသွားရမှာ မလွဲပါ။