သမဝါယမ ဝန်ကြီးဌာန က တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမည်ကို လွှတ်တော်၌ သဘော တူညီမှု ရှိမရှိ မဲခွဲဆုံးဖြတ်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တခြားပါတီ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသော်လည်း အတည်ပြုလိုက်ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် စစ်တပ် ကိုယ်စားလှယ်များမှအပ အတိုက်အခံ ကိုယ်စားလှယ်အများစုက သဘော မတူကြသော်လည်း မတ်တတ်ရပ်၍ မဲခွဲဆုံးဖြတ်ရာ မတ်တတ်ရပ်ပြသူ နည်းပါးသဖြင့် ထိုတရုတ်ချေးငွေ ကိစ္စကို ပြည်ထောင်စု လွှတ် တော်က အတည်ပြု သဘောတူ ပေးခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ ချေးယူမည့် ငွေ၏ အတိုးနှုန်းသည် တခြားနိုင်ငံများ၏ အတိုးနှုန်းထက် များနေကြောင်း၊ ထို့အတူ ဝန်ဆောင်မှု စရိတ် လည်း ကြီးမြင့်ကြောင်း၊ အများပြည်သူ၏ ဘဝမြှင့်တင်ရမည်မှန်သော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် အမှားခံ၍ မရကြောင်း NLD ပြည်သူ့လွှတော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က ယမန်နေ့က လွှတ်တော်၌ ကန့်ကွက် ဆွေးနွေးခဲ့သည်။
“သမ ဝန်ကြီးဌာန လက်အောက်မှာ စီမံကိန်းတရပ် ရရှိဖို့အတွက် ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ဒီလိုစွန့်စားမှုမျိုး မလုပ်သင့်ဘူး၊ ဘတ်ဂျက်လိုငွေပြနေတဲ့ တိုင်းပြည်မှာ နောက်ထပ် ပိုမိုကြီးလေးတဲ့ အခြေအနေမျိုး မဖြစ်ဖို့ ပြည်ထောင်စု ကိုယ်စားလှယ် အားလုံး က စနစ်တကျ စဉ်းစားဆောင်ရွက်သင့်တယ်”ဟု ဦးဖြိုးမင်းသိန်း က ဆိုသည်။
မြန်မာနိုင်ငံ၏ ပြည်ပမှ ချေးငွေရယူသည့် အတိုးနှုန်းများမှာ ဂျပန်နိုင်ငံမှ ၂ ရာခိုင်နှုန်း ဝန်းကျင်၊ ဥပရောပ နိုင်ငံများမှ ၂ ရာ ခိုင်နှုန်း မှ ၃ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပြီး တရုတ်နိုင်ငံမှ ချေးယူသည့် အတိုးနှုန်းမှာမူ ၄ ဒသမ ၅ ရာခိုင်နှုန်း အထိ ပေးရကြောင်း ကိုယ်စားလှယ်များ က ပြောသည်။
“ဒေါ်လာသန်း ၁၀၀ စချေးတာနဲ့ နေ့ပြန်တိုးချေးသလိုမျိုး တရုတ်ကို တသန်းပြန်ပေးခဲ့ရမယ်၊ ပြီးမှ ၄ ဒသမ ၅ ရာခိုင်နှုန်း ပုံမှန် ပေး ရဦးမယ်လေ၊ ဒါဟာ အလွန်များပြားတဲ့ အတိုးနှုန်းပါ၊ ဒီချေးငွေတွေနဲ့ လယ်သမားတွေရဲ့ ဘဝကို ဘာမှ ပြောင်းလဲပေးနိုင်မှာ လည်း မဟုတ်ဘူး”ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဧရာဝတီ ကို ပြောသည်။
မြန်မာနိုင်ငံသည် အကြွေးသံသရာ လည်နေသည့် နိုင်ငံဖြစ်၍ အတိုးနှုန်းကြီးမြင့်သည့် နှုန်းထားဖြင့် ငွေမချေးသင့်ကြောင်း၊ ထိုချေးငွေကိုလည်း မည့်သည့်နေရာတွင် မည်သည့်လုပ်ငန်း လုပ်မည်၊ အကျိုးအမြတ် မည်ကဲ့သို့ရမည် ဆိုသည်ကို တိတိကျကျ ရှင်းပြနိုင်ခြင်း မရှိကြောင်း ကန့်ကွက် ဆွေးနွေးခဲ့သူ တဦးဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး ကလည်း ပြောဆို သည်။
“တရုတ်က စတင်ချေးကတည်းက အတိုးနှုန်းများနေတော့ လယ်သမားတွေ လက်ထဲ ရောင်ရင် ပိုများသွားမယ်၊ အတိုးတွေ လုံးချာလိုက်ပြီး ပြန်မဆပ်နိုင်ရင် ရှိတဲ့ လယ်ယာမြေတွေ ပေါင်နှံရောင်းချမှုတွေ ဖြစ်လာပြီး လယ်ယာမဲ့တွေ ဖြစ်ကုန်ကြမယ်”ဟု ၎င်းက ဆိုသည်။
ပြည်ပနိုင်ငံများမှ ငွေချေးမည်ဆိုပါကလည်း အတိုးနှုန်း သက်သာသည့် ချေးငွေမျိုးကိုသာ ရရှိရန် ကြိုးပမ်းသင့်ကြောင်း၊ မြန်မာနိုင်ငံ သည် လက်ရှိတွင်လည်း ပြည်ပကြွေးမြီများ ရှိနေ၍ အတိုးနှုန်းကြီးမြင့်စွာဖြင့် နောက်ထပ် ချေးငွေများယူပါက နောင်လာမည့် အစိုးရ များသည် အကြွေးဆပ်သည့်အလုပ်ဖြင့် သံသရာလည်နေမည်ဖြစ်၍ ချေးသင့် မချေးသင့် သေချာ စဉ်းစားသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
“ဝန်ကြီး ဦးကျော်ဆန်းကတော့ ပြောတာပေါ့လေ၊ ဝိုင်းကြီးချုပ် စနစ်နဲ့ချေးမယ်၊ ပုံမှန်ပြန်ဆပ်သူကို နောက်ထပ် ၂ ဆ၊ ၃ ဆ ထပ်
ချေးမယ် ဆိုတာမျိုးတွေ ပြောတယ်၊ ပြောမယ်ဆိုရင် ကျမတို့ဆီမှာ ဘယ်တုန်းကများ သမဝါယမ စနစ်က အောင်မြင်ခဲ့ဖူး လို့ လဲ” ဟု ဒေါ်တင်နွယ်ဦး က ပြောသည်။
တရုတ်နိုင်ငံမှ ငွေချေးသူ သမဝါယမ ဝန်ကြီး ဦးကျော်ဆန်းက အတိတ်ကာလ၌ မအောင်မြင်ခဲ့သည့် အားနည်းချက်သည် အနာ ဂတ် ကာလ၏ အဖြေဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ၎င်းဌာန၏ ဝန်ထမ်းများ၊ အသင်းသားများ၊ အမှုဆောင် များကို ၎င်းကိုယ်တိုင် ဦးဆောင်၍ လမ်းမှန်ပေါ်မှ သွားလာနိုင်ရန် ကြပ်မတ် ဆောင်ရွက်ပေးနေကြောင်း ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု အပေါ် ပြန်လည် ရှင်းလင်း ပြောဆိုသည်။
သမဝါယမ စနစ်သည် မြန်မာနိုင်ငံတွင် အောင်မြင်မှု မရှိသော်လည်း နိုင်ငံခြားတိုင်းပြည်များတွင် အောင်မြင်နေသည်ဟုလည်း ဝန်ကြီးက ပြောသည်။
ဝန်ကြီး ဦးကျော်ဆန်းက“နိုင်ငံခြားတိုင်းပြည်တွေမှာ အံ့သြလောက်အောင် အောင်မြင်နေတာပဲ၊ ဒါဟာ ကျနော်တို့အတွက် အဖြေပါပဲ၊ အဲဒီနိုင်ငံမှာ ရှိကြတာလည်း လူတွေပါပဲ၊ ကျနော်တို့လည်း လူတွေပါပဲ”ဟု ဆိုသည်။
နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော ဆင်းရဲမွဲတေမှုလျှော့ချရေး စီမံချက်အရ ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမွဲတေမှုကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချရေး အကောင်အထည် ဖော်မှုအတွက် အထောက်အကူ ဖြစ်မည်ဟုလည်း ဦးကျော်ဆန်း က ပြော သည်။ ဦးကျော်ဆန်း သည် ယခင် စစ်အစိုးရလက်ထက် ပြန်ကြားရေး ဝန်ကြီး နှင့် ဗိုလ်ချုပ်ဟောင်းလည်း ဖြစ်သည်။
ကျေးလက်ဒေသ ပြည်သူများ၊ လယ်သမားများကို ချေးပေးမည်ဟု ဆိုကာ တရုတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကို ချေး ယူမည်ဖြစ်၍ အတည်ပြုချက် ရယူရန် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ သမဝါယမ ဝန်ကြီး ဦးကျော်ဆန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်တို့က လာရောက်တင်ပြကြရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်များမှအပ NLD ပါတီ ကိုယ်စားလှယ်များ နှင့် တခြား ကိုယ်စားလှယ် အများစုက သဘောမတူကြပေ။
လက်ရှိချေးငွေ အဆင်ပြေပါက နောက်ထပ် ဒေါ်လာ သန်း ၆၀၀ ချေးယူနိုင်ရန် တရုတ်နိုင်ငံက သဘောတူထား သေးကြောင်း လည်း သိရသည်။
သမ္မတ ဦးသိန်းစိန်က ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး သမဝါယမအသင်းများနှင့် အသင်းသားများအတွက် လိုအပ်သည့် မတည် ရင်းနှီးငွေများ ပိုမို ထုတ်ချေးပေးနိုင်ရန် သမဝါယမ ဝန်ကြီးဌာနသည် တရုတ် ပို့ကုန်သွင်းကုန် ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးငှားရယူလိုကြောင်း၊ ချေးငွေများ ကို ၁၀ နှစ်အတွင်း ပြန်လည် ပေးဆပ်မည်ဖြစ်ပြီး အတိုးနှုန်းမှာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄.၅ သန်း ကျသင့်မည်ဖြစ်ကြောင်း သြဂုတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။