မြိတ်မြို့တွင် အကြမ်းဖက်သမားများနှင့် ပက်သက်ပြီး ထုတ်ပြန်ကြေညာ ထားပြီးသည့် နောက်ပိုင်း ရန်ကုန်မြို့တွင်းရှိ မြို့နယ် တချို့တွင် ည ၉ နာရီ နောက်ပိုင်း စီးပွားရေး လုပ်ငန်းတချို့ ပိတ်သိမ်းရန် ဒေသန္တရအမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရပ်ကွက်အသီးသီးတွင် ည ၉ နာရီနောက်ပိုင်း အချိန်အထိ ဖွင့်လှစ်သည့် စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းများ၊ ကာရာအိုကေဆိုင် (KTV) များ၊ စင်တင်တေးဂီတ ဆိုင်များ၊ ဂိမ်းဆိုင်များ၊ အင်တာနက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ လမ်းဘေး ဈေးဆိုင်များ အားလုံးကို ပိတ်သိမ်းရန် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ သြဂုတ်လ ၂၁ ရက်နေ့မှ စတင် အမိန့်ထုတ်ပြန်ထားကြောင်း မြောက်ဒဂုံမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့မှ တဆင့် ဝင်ရောက်လာနိုင်သော အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၃ ဦး၏ အမည်နှင့် ဓာတ်ပုံများကို မြိတ်မြို့ရှိ ရဲတပ်ဖွဲ့အတွင်း ဖြန့်ဝေထားကြောင်း၊ ထိုသူ ၃ ဦး နယ်စပ်မှ တဆင့် နိုင်ငံတွင်း ဝင်ရောက် လာပါက ဖမ်းဆီးနိုင်ရန် လမ်းကြောင်းများ ပိတ်ဆို့စစ်ဆေးလျှက်ရှိကြောင်း မြိတ်မြို့ မြို့မရဲစခန်းမှ သိရသည်။
“မြိတ်ကိစ္စကြောင့် ထပ်ထုတ်တာမျိုးတော့ မဟုတ်ပေမယ့် လုံခြုံရေးအရ၊ အဲဒါကြောင့် သတိတော့ ထားရတဲ့ အနေအထားပါ။ လုံခြုံရေး တိုးမြှင့်လိုက်တဲ့ အနေအထားပါ။ ဒီလိုကြေညာတာလည်း ပုံမှန်အတိုင်းပါပဲ။ အရင်ကလည်း ဒီလို ကြေညာခဲ့ဖူး ပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုအမိန့် ကြေညာချက်သည် ရက်ကန့်သတ် သတ်မှတ် ထားခြင်းမရှိသော်လည်း လူမှုရေးအရ အချိန်အတိုင်းအတာ တခုတွင် ဖြေလျော့ သွားမည်ဖြစ်ကြောင်း၊ အဆိုပါအမိန့်ကိုမူ ပြင်ဆင်ပေးသွားမည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
တချို့ မြို့နယ်များတွင် ထိုသို့ သီးခြားအမိန့် ထပ်မံ ထုတ်ပြန်ထားခြင်း မရှိသော်လည်း အုပ်ချုပ်ရေးပိုင်း အနေဖြင့် ညပိုင်း အချိန်များတွင် မော်တော်ယာဉ် များကို စစ်ဆေးခြင်း၊ ရပ်ကွက်အလိုက် ဧည့်စာရင်းစစ်ခြင်း စသော လုံခြုံရေးပိုင်း တိုးမြှင့် ဆောင်ရွက်ထားကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာအုန်းက ဧရာဝတီသို့ ပြောသည်။
ထိုသို့ စစ်ဆေးမှုများကို ယခင်က လုပ်ဆောင်ခဲ့ဖူးသော်လည်း ယခုနောက်ပိုင်းတွင် သြဂုတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ထပ်မံ ဆောင်ရွက်လျှက် ရှိကြောင်း၊ တချို့သတင်းများကို ရဲတပ်ဖွဲ့ကသာ အတိအကျ သိနိုင်ပြီး အုပ်ချုပ်ရေးပိုင်းမှ အတိအကျ မရရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“ယာဉ်စစ်၊ ဧည့်စစ်ဆိုတာမျိုးမှာက အခုနောက်ပိုင်းမှာ အရက်သေစာ သောက်စားမူးယစ်ပြီး မောင်းလာတာကြောင့် ယာဉ်တိုက်မှုတွေ များလာတယ်၊ နောက်ပြီး တချို့က အုပ်စုဖွဲ့ပြီး ရိုက်တာနှက်တာတွေ၊ ကားပေါ်မှာ တုတ်၊ ဓား၊ လက်နက် တွေ ကိုင်ဆောင်ထားတာမျိုးတွေ၊ စုဖွဲ့ ရမ်းကားတာမျိုးတွေ ရှိတော့ ကျနော်တို့က အဲဒါမျိုးမဖြစ်အောင် အဓိကထားပြီး ကာကွယ် စစ်ဆေးတာမျိုးပါ” ဟု ဦးဇေယျာအုန်းက ဆိုသည်။
မြိတ်မြို့တွင် ဓာတ်ပုံနှင့် တကွ ဖော်ပြထားသကဲ့သို့ မိမိတို့ထံသို့ ဓာတ်ပုံများနှင့်တကွ အကြောင်းကြား စစ်ဆေးခိုင်းခြင်းမျိုး မရှိသေးကြောင်း၊ တိကျသေချာသော အချက်အလက်များ၊ ဓာတ်ပုံများနှင့်တကွ အကြောင်းကြား လာလျှင်မူ မိမိတို့ အုပ်ချုပ်ရေး ပိုင်းမှ သက်ဆိုင်ရာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများကို အကြောင်းကြားသည့် အပြင် ဒေသခံပြည်သူများပါ သိရှိစေရန် လူစည်ကားသည့် နေရာများတွင် ထုတ်ပြန် ကြေညာလေ့ရှိကြောင်း၊ ပုံကြမ်းများနှင့် တိကျသေချာသော အချက် အလက်များ မဟုတ်လျှင် ထင်ယောင်ထင်မှား မဖြစ်စေရေးအတွက် လျှို့ဝှက်စွာ ဆောင်ရွက်ကြောင်း ၎င်းက ရှင်းပြသည်။
ထိုသို့ ထုတ်ပြန်ခြင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိမြို့နယ်အလိုက် လိုအပ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ မြိတ်မြို့ တွင် ထုတ်ပြန်ထားသကဲ့သို့ ဓာတ်ပုံနှင့် အချက်အလက် များကိုလည်း မြို့နယ်ရဲစခန်းနှင့် လိုအပ်သော ရက်ကွက်များ ထံသို့ ပေးပို့ အကြောင်းကြားထားကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော့်ရပ်ကွက်တော့ မပေးသေးဘူး။ ရဲစခန်းကိုတော့ ဒီအကြောင်းတွေ ဖြန့်ထားပြီးပြီ။ တချို့ရပ်ကွက်က အုပ်ချုပ်ရေးမှူး တွေကိုလည်း ဖြန့်ထားတယ်လို့ ကြားတယ်။ မြို့နယ်မှူးက သူ့မြို့နယ် လိုအပ်ချက်အရ သူ့စီမံခွင့်ရှိတဲ့အတိုင်း စီမံတာပါ။ ရန်ကုန်တိုင်း တခုလုံးတော့ မဟုတ်ပါဘူး။ ဒေသန္တရ အမိန့်ထုတ်တာ ကလည်း ပုဒ်မ ၁၈၈ လိုမျိုးပေါ့” ဟု ၎င်းက ဆိုသည်။
ညပိုင်း အချိန်တွင် အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများနှင့် အတူ ည ၁၀ နာရီမှ နံနက် ၃ နာရီအထိ ယာဉ်စစ် ကိစ္စများကို လုံခြုံရေးအရ ဆောင်ရွက်သော်လည်း မြိတ်မြို့ ကိစ္စနှင့် ပက်သက်ပြီး သီးခြား ညွှန်ကြားချက်မျိုး မရရှိသေးကြောင်း သင်္ဃန်းကျွန်း မြို့နယ်ရဲမှူးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် နိုင်ငံတဝန်း အကြမ်းဖက်မှု ဖြစ်စဉ်များ မဖြစ်ပွားစေရန်နှင့် ကာကွယ်ရန် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် သတင်းအချက်အလက် ဖလှယ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် မိထီ္ထလာ၊ တာချီလိတ်၊ မဲဆောက်၊ မြဝတီ ကဲ့သို့သော နယ်စပ်ဝင်ပေါက်များ၊ လေဆိပ်များ အားလုံးတွင် လုံခြုံရေး အထူးသတိပြု စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။