မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း ရေဝင်ရောက်ခဲ့ရာ စားသောက် ကုန်စည်များ ပျက်စီးမှုရှိကြောင်း ဘုရင့်နောင် အဝေးပြေးကုန်စည်ယာဉ် ရပ်နားစခန်းမှ လုပ်ငန်းရှင်များက ပြောသည်။
“ဒီနှစ်မှာ မနှစ်တုန်းက မြစ်ရေချိန်အောက် လျော့ပေမယ့် ရေမြောင်းတွေက ပိတ်နေတော့ ပွဲရုံထဲကို ရေတွေဝင်လာတယ်။ ရေမြောင်းဘေးမှာ ၁ ပေခွဲလောက်ရှိတဲ့ ရေကာတာလေး လုပ်ထားတာကိုကျော်ပြီး ဝင်လာတာ အခုပဲ ပက်ထုတ် နေရတယ်” ဟု ဘု ရင့်နောင်ပွဲရုံ စိန်ပန်းလမ်းရှိ ဆန်းမစ် ဆီလုပ်ငန်းမှ ဦးစောလှမြင့်က ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်က မြစ်ရေမြင့်တက်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကုန်စည်ဒိုင် လမ်းမများထက်တွင် ရေလွှမ်းခဲ့ပြီး ရန်ကုန်မြို့ရှိ လမ်းမများတွင် နေရာအတော်များများ၌ ရေလွှမ်းကာ၊ ယနေ့နံနက် တွင်လည်း မိုးသည်းထည်စွာ ဆက်တိုက် ရွာသွန်းခဲ့ခြင်းသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။
“အာလူး၊ ကြက်သွန်၊ ဆန်နဲ့ လက်ဖက်လုပ်ငန်း သမားတွေ ပျက်စီးကြတယ်။ ဦးလေးတို့ကတော့ ဆီတွေကို ပေပါနဲ့ထည့်ထား တာဖြစ်လို့ အပျက်အစီးမရှိဘူး” ဟု ဦးစောလှမြင့်က ပြောသည်။
ရန်ကုန်မြစ်ရေ မြင့်တက်မှုနှုန်းနှင့် ပတ်သက်၍ နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ (မိုး/ ဇလ – နေပြည်တော်) သို့ ဧရာဝတီက ဆက်သွယ်မေးမြန်း ခဲ့ရာ ရန်ကုန်တွင် မိုးအလွန် များနေကြောင်း၊ မနက်ဖြန်လည်း ဆက်လက် ရွာဦးမည် ဖြစ်ကြောင်း ဖြေကြားသည်။
“ဒီရေကတော့ လပြည့်ကျော်တဲ့အထိ ရှိနေဦးမယ်။ မြစ်ရေမြင့်တက်တာနဲ့ ပတ်သက်ပြီးကျတော့ တိုင်းတာရေး စခန်း မရှိတဲ့အတွက် အတိအကျတော့ မသိဘူး။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဘက် ကိုမေးကြည့်လိုက်ပါ” ဟု နေပြည်တော် မိုး/ ဇလ မှ တာဝန်ရှိသူတဦးက ပြောသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ တိုင်းတာရေး ဋ္ဌာနမှ တာဝန်ရှိသူတဦးကမူ သြဂုတ် ၁၆ ရက်နေ့ သတင်းစာများတွင် လာမည့် ၂၅ ရက်နေ့ အထိ ခန့်မှန်းချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ရေစစ်မျဉ်း အထက်အထိ မြင့်တက်မည်ဟု သတိပေးချက် ထုတ်ပြန်ထားကြောင်း၊ စိုးရိမ်စရာ မရှိကြောင်း ဧရာဝတီသို့ ပြန်လည် ဖြေကြားသည်။
ယမန်နေ့ညနေက မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတိုးမှုကြောင့် ရန်ကုန်မြို့ နေရာအများစုတွင် ရေလျှံပြီး ယာဉ်ကျော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ အလုပ်ခွင်မှ အိမ်ပြန်ကြသည့် ရန်ကုန်တိုင်းအတွင်းနေ ပြည်သူအများစု အိမ်အပြန်နောက်ကျခြင်း၊ ငွေကြေး အကုန်အကျ များခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
“လိုင်းကားတွေလည်း တစီးမှ တက်လို့မရဘူး၊ တက္ကစီငှားစီး ပြန်တော့လည်း မလိုက်ကြဘူး၊ လိုက်တဲ့ တက္ကစီကျတော့လည်း ခါတိုင်းထက် ဈေးက နှစ်ဆလောက် ပေးရတယ်” ဟု ရန်ကုန် လမ်း ၃၀ မှ ကျောက်မြောင်းသို့ ပြန်ရသူ တဦးက ပြောသည်။
ရန်ကုန်မြို့တွင်းမှ လှည်းတန်း၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ တာမွေ၊ တောင်ဥက္ကလာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင် အစရှိသည့် မြို့နယ်များသို့ ပြန်ရသည့် ပြည်သူများလည်း အလားတူ ပြဿနာများ ကြုံတွေ့ရကြောင်း သိရသည်။
ထို့အပြင် မြောက်ဥက္ကလာ ဆေးရုံကြီးအတွင်း ရေများ ဝင်ရောက်ခဲ့သေးသဖြင့် ဝန်ထမ်းများ၊ လူနာများမှာ ရေများအကြား သွားလာနေရသည်ဟု သတင်းများက ဆိုသည်။