အပြောလေးတွေ လျှော့ပြီး ...

ဆူးငှက်

This article has been converted from Zawgyi One to Unicode

ငယ်ငယ်က ကြည့်ခဲ့ရတဲ့ အငြိမ့်ပွဲမှာပါ။ ရှေ့ထွက်မင်းသမီးလေးက သီချင်းတပုဒ်နဲ့က အပြီး လူပြက်တွေက မင်းသမီးကို ပရိသတ်နဲ့ မိတ်ဆက်ပေးပါတယ်။ မင်းသမီးလေးက ပရိသတ်ဘက် မျက်နှာမူကာ လက်အုပ်ချီ ကန်တော့တယ်။ ပြီးတော့ ယပ်တောင်လေးကိုင် မင်းသမီးဟန်လေးနဲ့ရပ် …။

“ဒီဘက်က ဘဘဦးကြယ်နီလားရှင် …”

“ဟုတ်ပါ့။ တူမရေ …”

“ဟော ဟိုဘက်က လေးလေးဦးပေါစံလား …”

“ပါရှိပါ့ဗျာ …”

“လေးလေး … ဦးသိန်းဆု ”

“မလစ်လပ်ပါ … တူမရေ …”

“သမီးတို့ကပြရတဲ့ပွဲကတော့ အလှူမင်္ဂလာ အောင်ပွဲပေါ့ရှင်။ ဟော့ဒီ ဝါးတန်းရပ်က ပွဲစားကြီး ဦးဘသာ၊ ပွဲကတော်ကြီး ဒေါ်မြညွန့်တို့က ရင်နှစ် သည်းချာ သားသမီးရတနာတွေကို ရှင်ပြုနားသတဲ့ အလှူတော်မင်္ဂလာအောင်ပွဲအဖြစ် သမီးတို့က ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့ တဘက်တလမ်းက ပါဝင် ဂုဏ်ပြုရတဲ့ ပွဲဖြစ်ပါတယ်ရှင့်။ (ဟုတ်ပ တူမရေ …) ရင်နှစ် သည်းချာ သားရတနာတွေကို သာမဏေအဖြစ် ပဗ္ဗဇ္ဇမြှောက်၊ ရှုမငြီးတဲ့ သမီးလှရတနာကိုတော့ ကဏ္ဏဝိဇ္ဈန အပ်သွားမြနဲ့ မြတ်နားသ မင်္ဂလာ ဆင်ယင်တဲ့ အလှူပွဲတော်ကြီးပါပဲ။ ဒါ့ကြောင့် နိဗ္ဗာန်ကိုမျှော်မှန်းပြီး လှူဒါန်းတဲ့ အလှူပွဲကြီး၊ တရား ပရိတ်တော်များ နာယူကာ ပြုသမျှကုသိုလ် အမျှဝေ သာဓုခေါ်ပြီး အောင်မြင်သွားပါပြီ။ ဒီအောင်မြင်မှု အတွက် သမီးတို့က ကြွရောက်လာကြကုန်သော ဆရာတော် သံဃာတော်အရှင်မြတ်များ ဦးထိပ်မှာထားပြီး ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ မောင်လေး၊ ညီမလေးများပါ မကျန် ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပြီး တတ်ကျွမ်းတဲ့ အနုပညာတွေနဲ့ ကြည့်ရှုသူ ပရိသတ်များ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းအောင် ကပြ အသုံးတော်ခံကြမယ်၊ ဒီလိုလားရှင် …”

“ကောင်းပါပေ့ တူမရေ …။ ကိုင်း … ဒီတော့ အပြောလေးတွေ လျှော့ပြီး အလုပ်လေးတွေနဲ့ သက်သေပြကြစို့လား တူမကြီးရေ …”

ရှေ့ထွက်မင်းသမီးလေးက သီချင်းများဆိုကာ ချွေးပြိုက်ပြိုက်ကျမျှ ဆက်လက်ကခုန် ဖျော်ဖြေသွားပါတယ်။ မန္တလေးမှာ အငြိမ့်ပွဲတွေ ညချင်းဆက်မျှ ထွန်းကားစဉ် ကာလက ကြည့်ခဲ့ရတဲ့ အငြိမ့်ခန်းတွေထဲက အခုတလော မှတ်မိနေတဲ့ အကြောင်းအရာ လေးပါ။

ဒီအကြောင်းအရာလေးမှ အဓိက မှတ်မိ မှတ်သားတဲ့ စကားတခွန်းက …

“အပြောလေးတွေ လျှော့ပြီး အလုပ်လေးတွေနဲ့ သက်သေပြကြစို့လား …” ဆိုတဲ့ စကားပါပဲ။ ဒီစကားလေးက မန္တလေးမှာ အငြိမ့်တွေ ကြည့်ပြီးတိုင်း ကာလသားတွေ နှုတ်ဖျားတွဲခို ပါလာပြီး အချင်းချင်း အကြောင်းသင့်လေတိုင်း ပျော်ရွှင်ရယ်မောစရာ အနေနဲ့ ပြောခဲ့ကြဖူးပါတယ်။ လူငယ်ချင်း လက်ဖက်ရည်ဆိုင်မှာဆုံလို့ တယောက်ယောက်ကများ လူငယ်သဘာ၀ လေလုံး ထွားရင် တခြားတယောက်က “ကိုင်း … ကိုင်း … အပြောလေးတွေ လျှော့ပြီး အလုပ်လေးနဲ့ သက်သေပြပါလား … မောင်ရာ” လို့ ဝင်ထောက်ရင် ပွဲကျသွားတတ်ပါတယ်။

တလောက မန္တလေး အာဠဝီ စီလမ်းက စာတိုက်ကြီးရောက်တော့ အမြန်ချောပို့ ကောင်တာမှာ တန်းစီစောင့်နေကြတဲ့ ချောပို့သူတွေအကြား လူငယ်လေးတဦးက ကောင်တာက စာရေးမလေး ၂ ယောက် အချင်းချင်း စကားတွေ ဖောင်ဖွဲ့ နေကြတာ မပြီးနိုင် မစီးနိုင်သေးဘဲ အလုပ် မတွင်တာ မြင်ရတော့ “ကိုင်း … ကိုင်း … မမတို့ရေ …၊ အပြောလေးတွေ လျှော့ပြီး အလုပ်လေးနဲ့ သက်သေပြလိုက်ပါလား” လို့ ပြောသံ ကြားမိတော့ ပြုံးမိတယ်။ အငြိမ့်တွေ ခေတ်မစားတော့တဲ့ အချိန် မွေးဖွားလာတဲ့ လူငယ်လေးနှုတ်ဖျားက ဒီစကားကြားမိလို့ မန္တလေးသား မျိုးဆက်အမွေ ခံယူသူပေပဲလို့ ကြည်နူးမိတာပါ။ စာတိုက် စာရေးမလေး နှစ်ယောက်ကလည်း စိတ်မဆိုးဘဲ ကောင်လေးကို မျက်စောင်းလေးခဲပြီး နှုတ်ပိတ်သွားကာ သူတို့ရှေ့မှာ ပုံနေတဲ့ အမြန်ချော စာအိတ်တွေ တအိတ်ပြီး တအိတ် ကောက်ပြီး တဒုန်းဒုန်းနဲ့ ထု၊ အလုပ်တွေ ခပ်သွက်သွက် လုပ်သွားကြတာပါပဲ။

ကြုံလို့ပြောရဦးမယ် ဆက်သွယ်ရေးရုံးမှာ တယ်လီဖုန်း ဘေလ် သွားသွင်းရင် ကိုယ်ရေးကိုယ်တာ စကားတွေအကြာကြီး ပြောပြီး ရှေ့က တောင်လိုပုံနေတဲ့ ဘေလ်တွေကို အားမနာတဲ့ စာရေးမ များကတော့ ဘယ်လိုပြောပြော ဂရုမစိုက်တတ်ပါဘူး။

ကျနော်တို့ ဖြတ်သန်းခဲ့ကြရတဲ့ ဝန်းကျင်မှာ စကားတွေ မစားရ ဝခမန်း အများကြီး ပြောခဲ့ရတာ ခါးပူနားပူအောင် ကြားခဲ့ကြရ ပြီးပါပြီ။ အိမ်မှာလည်း ကြားရတယ်။ လက်ဖက်ရည်ဆိုင်မှာလည်း ကြားရတယ်။ တယ်လီဖုန်း ခွက်ထဲကလည်း ကြားရတယ်။ ရေဒီယိုထဲမှာလည်း ကြားရတယ်။ ရုပ်မြင်သံကြားမှာလည်း ကြားရတယ်။ သတင်းစာထဲမှာလည်း ရှည်လျား ထွေပြား မနေမနား ကြားရ (အဲ … အဲ) ဖတ်ရတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမယ့် “အပြောလေးတွေ လျှော့ပြီး အလုပ်လေးနဲ့ သက်သေပြလိုက်ကြရအောင်လား” လို့ ဘယ်သူတဦးတယောက်ကမှ သတိမပေးရဲ၊ မပြောရဲ၊ မဆိုရဲ၊ မဟန့်ရဲ၊ မတိုက်တွန်းရဲခဲ့ ကြပါဘူး။ ပြောချင်းပြောလည်း အဲဒီ “အလုပ်နဲ့ သက်သေပြဖို့” ဆိုတဲ့ အချက်အလက် အကြောင်းအရာကိုပဲ မလိုအပ်ဘဲ လက်တွေ့မပါ ပြောဆိုညွှန်ပြ လမ်းညွှန် မိန့်ကြားနေတာကိုက တရှည်တလျားကြီးတွေပါပဲ။ အလုပ်မပါတဲ့ အပြောတွေကြောင့် တိုင်းပြည်ကြီးလည်း ခဏခဏ နောက်ပြန်ရောက်၊ ခဏခဏ ချောက်ထဲ ရောက်လု၊ ခဏခဏ ခေတ်ပြောင်း တော်လှန်ရေးဆိုတာတွေ အပြီးမသတ်နိုင်ခဲ့ကြဘူး မဟုတ်ပါလား။

ဟော … အခုလည်း “ပွင့်လင်း လွတ်လပ်” လာပါမှ ပြောလိုက်ကြတဲ့ အပြောတွေ တဦးတယောက် ချင်းသာမက၊ တဖွဲ့ချင်း တပါတီချင်း၊ တအုပ်စုချင်း၊ တမျိုးဆက်ချင်း၊ တရဲဘော်ချင်း၊ ထောင်ကျဘက်ချင်း၊ အကျဉ်းကျဘက်ချင်း၊ တကွန်ရက်ချင်း၊ တသမဂ္ဂချင်း၊ တမီဒီယာချင်း … အောင်မလေး … မြန်မာပြည် တမိုးလျှံလုံး “အပြော” တွေနဲ့ချည်း ပင့်တင်ထားလိုက်ကြတာ တာဝတိံသာ ဟိုဘက် လွန်ပါရော …။

ကိုင်း … အဲဒီအပြောတွေကို ဘာနဲ့များ အလုပ်နဲ့ သက်သေပြနိုင်ပါသလဲ။ အောက်ခြေ ရပ်ကွက်တွေထဲမှာ ထုံးစံအတိုင်းပဲ အရင် ဆွေစဉ်မျိုးဆက် ရဲဘော်ရဲဘက်က လူကြီးဖြစ်တုန်း၊ ကြောက်ရ ရွံ့ရတုန်း၊ အခြိမ်းခြောက် ခံရတုန်း၊ ပိုက်ဆံပေး ဧည့်စာရင်းဆိုတာ တိုင်ရတုန်း၊ ဘယ်ရုံးသွားသွား တထောင်တန်၊ ငါးထောင်တန်၊ တသောင်းတန် … ဟိုစာရွက် ဒီစာရွက်ကြား ညှပ်ရတုန်း၊ ဆင်းရဲသား ငတ်တုန်း၊ မြေအသိမ်းခံရတုန်း …၊ မျက်နှာကြီးရာ ဟင်းဖတ်ပါတုန်း၊ ငွေနည်း တရားရှုံးတုန်း၊ ဟိုတုန်းက တကောက်ကောက် လိုက်စောင့် အကြည့်ခံရသူတွေလည်း တရားစွဲ ခံရတုန်း၊ လွတ်လပ် ပွင့်လင်း အမှီခိုကင်း မီဒီယာ ဆိုပြီးလည်း လက်ဆောင်ခြင်း အာဏာနဲ့ အတ္တတံခွန်ထူ ဖိနှိပ်တုန်း၊ ဖျော်ဖြေပေးရန်၊ ပြန်ကြားပေးရန်၊ ပညာပေးရန် ဆိုတဲ့ ဆောင်ပုဒ်အဟောင်းကြီးမှာ အဟောင်းပုံထဲက အဟောင်းတွေ ရွှေဆေးပြန်မှုတ်ပြီး “ပေါ်လစီ” လုပ်တုန်း၊ ရှေ့တလှမ်း တက်ပြီး နောက် ဆယ်လှမ်း၊ အလှမ်းနှစ်ဆယ် ဆုတ်ဖို့ ပြင်တုန်း၊ အခုထက်ထိ ကြောင်ရေချိုး၊ ပဲစေ့သွန် ကောက်လုပ်တုန်း၊ အခုထက်ထိ …၊ အခုထက်ထိ …။

ကျနော်လည်း အပြောတွေ များသွားပြီလား မသိဘူး။

အခုထိ ဘာမှ မလုပ်ရသေး … ။

အလုပ်မလုပ်ရတာ နှစ်ပေါင်း အစိတ် ငွေရတုတိုင်ပေါ့။

မန္တလေးမှာ အငြိမ့်တွေ ပျောက်လုလု ဖြစ်သွားကတည်းက “အပြောလေးတွေ လျှော့ပြီး အလုပ်နဲ့ သက်သေပြလိုက် ကြစို့လား …”၊ “အပြောလေးတွေ လျှော့ပြီး အလုပ်နဲ့ သက်သေပြလိုက်ကြစို့လား …” ဆိုတဲ့ စကားသံတွေလည်း မကြားရတော့ပါဘူး။

Loading