ငါးပိရည်ကျိုပြုလုပ်ရာတွင် ငါးအရိုးများအနူးလွယ်စေသည့် ယူရီးယား ဓာတ်မြေသြဇာများ ထည့်သွင်းအသုံးပြုကာ ဈေးကွက်တွင်း ရောင်းချနေကြသဖြင့် ငါးပိကြိုက်သူ မြန်မာလူထုများ ကျန်းမာရေး အန္တရာယ် သတိထားကြရန် လိုသည်။
ထို့ပြင် ယင်းသို့ တွေ့ရှိချက်များအား အတည်ပြုရန် ဈေးကွက်တွင်းရှိ ငါးပိရည်ကျိုများကို ဓာတ်ခွဲခန်းပို့ကာ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ပြောဆိုသော်လည်း အမျိုးသား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ကမူ အတည်ပြုနိုင်ခြင်း မရှိသေးသောကြောင့် အရေးယူရန် မရှိဟု ဆိုသည်။
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ဈေးကွက်တွင်းဖြန့်ချိနေသော ငါးပိရည်ကျိုများအတွင်း ယူရီးယားမြေသြဇာများ ထည့်သွင်းနေခြင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေကြောင်း၊ လတ်တလောတွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ ငါးပိရည်ကျို များတွင် တွေ့ရှိနေရကြောင်း ပြောသည်။
“ဓာတ်မြေသြဇာမပါတဲ့ ငါးပိရည်ကျိုကို ဒေသခံတွေနဲ့ ပေါင်းပြီး အတွင်းစည်းကနေ လိုက်ဝယ်တာ အကုန်လုံးနီးပါးက ယူရီးယားမြေသြဇာတွေ သုံးထားကြတယ်။ ဓာတ်မြေသြဇာ မပါတဲ့ငါးပိရည်ကို ဈေးကွက်ထဲမှာ ဝယ်လို့မရဘူး။ ယူရီးယားထည့်ထားလားလို့တော့ ကိုယ်က မမေးပေမယ့် သိနေတယ်လေ။ ဓာတ်ခွဲခန်းပို့ပြီးတော့မှ တိတိကျကျ အဖြေထုတ်မယ် ”ဟု
ဦးဗအုပ်ခိုင်က ဧရာဝတီသို့ ပြောသည်။
ငါးပိရည်ကျို ထုတ်လုပ်ရောင်းချသူအများစုသည် ငါးပိရည်ကျိုပြုလုပ်ရာတွင် အချိန် ၁ နှစ် ၂ နှစ်ကြာမည့်အစား ၁ ပတ်ကျော် ၂ ပတ်အတွင်း ဈေးကွက်အတွင်း ဖြန့်ချိရောင်းချနိုင်စေရန် ငါးအရိုးများကို နူးလွယ်စေရန်အတွက် ယူရီးယားမြေသြဇာများကို ငါးပိပြုလုပ်ရာတွင် ထည့်နေခြင်းဖြစ်သည်ဟု သိရသည်။
“ဒီကိစ္စက စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရရုံတင် မကဘဲ စားသုံးသူကို သတ်ဖြတ်တာ ဖြစ်နေတယ်။ ဒါကို အမျိုးသား အစားအသောက် ဥပဒေနဲ့ အရေးယူရမယ်ဆိုပေမယ့် ဥပဒေက အားနည်းနေတော့ လွှတ်တော်ကနေတဆင့် ပြင်ဆင်ဖို့ လိုလိမ့်မယ်။ ငါးပိရည်ကျိုတွေကတော့ FDA ကို တင်စရာမလိုဘူး။ ဒီအတိုင်း ရောင်းနေကြတာပဲ” ဟုလည်း ဦးဗအုပ်ခိုင်က ပြောသည်။
အမျိုးသား အစားအသောက် အက်ဥပဒေအရ ပြည်သူလူထုစားသုံးသော အစားအသောက်တွင် အဆိပ်ဖြစ်စေခြင်း၊ ဘေးဥပါဒ်ဖြစ်စေခြင်းများ ဖြစ်ပါက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊
ငွေဒဏ် ၃ သောင်းဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်။
ထိုသို့ မြန်မာများ နေ့စဉ်စားသုံးနေသော အခြေခံ စားသောက်ကုန်တွင် ဓာတုဆေးဝါးများ ပါဝင်ပါက လူထုကျန်းမာရေးကို စိုးရိမ်ရသည်။
“ယူရီးယားပါတဲ့ အစားအသောက်ကို အချိန်ကြာရှည်စားသုံးမိတယ်ဆိုရင် ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ ကျောက်ကပ်ပိုင်းဆိုင်ရာရောဂါတွေ ဖြစ်နိုင်တယ်။ သွေးထဲမှာ ယူရီးယားပါဝင်မှု များလာပြီဆိုရင် ချက်ချင်း သတိမေ့သွားတာမျိုး ဖြစ်နိုင်တယ်။ စားသုံးသူတွေအတွက် ဆေးပညာ သုတေသနတွေ၊ ပညာပေးတာတွေ လုပ်ဖို့ လိုအပ်တယ်”ဟု
ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးရုံမှ ဒေါက်တာ ကျော်စွာဦးက ပြောပြသည်။
ငါးပိရည်ကျိုများတွင် ယူရီးယားမြေသြဇာများ ပါဝင်နေသည့်အပေါ် စစ်ဆေးမှုကို စားသုံးသူကာကွယ်ရေး အသင်းက စီစဉ်နေပြီး အခြား စားသောက်ကုန်များအရေးအတွက်မူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူ ကာကွယ်ရေး အဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရှိသော်လည်း အမျိုးသား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) ကမူ စားသုံးသူ ကာကွယ်ရေးနှင့် လူထုကျန်းမာရေးတို့ကို စိတ်အားတက်ကြွမှု မပြပေ။
“ကျနော်တို့အနေနဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေအတွက် ဈေးကွက်ထဲက ငါးပိရည်ကျိုတွေကို လိုက်ပြီး စစ်ဆေးမှာ မဟုတ်ပါဘူး။ စစ်ဆေးစေချင်တယ်ဆိုရင်တော့ နေရာ အတိအကျ ပြောပြဖို့ လိုပါလိမ့်မယ်” ဟု အမျိုးသား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဧရာဝတီမှ ငပိများတွင် ဓာတ်မြေဩဇာများ ပါဝင်နေကြောင်း သတင်းများပြန့်နေသည့်အပေါ် သဘောထားတောင်းရာတွင် ဖြေဆိုသည်။
ဈေးကွက်တွင်းရှိ ငါးပိရည်ကျိုများတွင် ယူရီးယားမြေသြဇာများ ပါဝင်နေသည်ဟု ဆိုသည့် သတင်းကြောင့် ငါးပိဈေးကွက် အပြောင်းအလဲ မရှိကြောင်း ငါးပိရည်ကျို ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းရှင်အချို့က ပြောကြသည်။
လတ်တလောတွင် ငါးပိရည်ကျို အနိမ့်စား တပိဿာလျှင် ၄၀၀ ကျပ်မှ အကောင်းစား ငါးပိရည်ကျို တပိဿာလျှင် ၂၀၀၀ ကျပ် အထိ ဈေးရှိသည်။
ပြီးခဲ့သည့် နှစ်များကလည်း ဈေးကွက်အတွင်းရောင်းချနေသော မျှစ်၊ လက်ဖက်၊ ငပိ၊ ငရုတ်သီးမှုန့်၊ ပဲအမျိုးမျိုးတို့တွင် ဓါတုဗေဒဆေးဝါးများ အသုံးပြုရောင်းချခြင်းများရှိခဲ့သည့်အတွက် တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် FDA အဖွဲ့အစည်းများက ဈေးများအတွင်း လိုက်လံစစ်ဆေးကာ အရေးယူမှုများ ပြုလုပ်ခဲ့သည်။
သို့သော် လက်ရှိတွင်လည်း ဈေးကွက်အတွင်း ရောင်းချနေသော မျှစ်၊ ငရုတ်သီးမှုန့်နှင့် ပဲအမျိုးမျိုးတို့တွင်လည်း ဓာတုဗေဒ အရောင်တင်ဆေးဝါးများ အသုံးပြုနေသည်ဟု အိမ်ရှင်မများက ဆိုသည်။
“ငါးပိရည်ကျိုထဲမှာ မြေသြဇာတွေ ပါနေတယ်ဆိုပြီး ကြားနေရတာတော့ ကြာပြီ။ ဒါကြောင့်မို့လို့ သိပ်ဝယ်မစားဖြစ်ဘူး။ အစားအသောက်တွေမှာ ဆိုးဆေးတွေပါနေတာတွေလည်း ကြားတယ်။ ဒီလိုမျိုး စီးပွားရေးသမားတွေက လုပ်ချင်တာ လုပ်နေလို့ စားတဲ့သူတွေ ဒုက္ခရောက်နေရတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်နေ အိမ်ရှင်မတဦး ဖြစ်သူ မစိုးဝင်းမော်က ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူ ကာကွယ်ရေးအဖွဲ့သို့ ဧရာဝတီသတင်းဌာနက အထက်ပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားမည့် ပုဂ္ဂိုလ်များ မရှိ ဟုသာ ဆိုသည်။