သတင်း

၈လေးလုံး ငွေရတု တက်သည့် ဆရာမအား ထုတ်ပယ်သဖြင့် ပညာရေး ဝန်ကြီးဌာန ရှုတ်ချခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၈ လေးလုံး ငွေရတု အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ဆရာမတဦးအား ရာထူးမှထုတ်ပယ်ခဲ့သည့် ပညာရေး ဝန်ကြီးဋ္ဌာနအား ကန့်ကွက်ရှုတ်ချကြောင်း တက္ကသိုလ် ဆရာ/ ဆရာမများ အသင်းက ယနေ့ကြေညာချက် တရပ် ထုတ်ပြန်လိုက်သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် များ (မဟာအောင်မြေမြို့နယ်) မှ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဆရာ/ ဆရာများများဖြင့် ဖွဲ့စည်းထားသည့် အဆိုပါအသင်းက တာဝန်မှ ရပ်စဲခံရသည့် ဆရာမအား မူလအတိုင်း အလုပ်ပြန်လည် ခန့်ထားရေးအတွက် တောင်းဆိုသွားမည် ဖြစ်ကြောင်း အသင်း၏ အောက်မြန်မာပြည် အတွင်းရေးမှူး ဦးသန်းထိုက်အောင်က ပြောသည်။

သူက “လုပ်သက် ၁၈ နှစ်ရှိတဲ့ ဝန်ထမ်းတယောက်ကို ခွင့်မဲ့ ၅ ရက်ပျက်ကွက်လို့ ထုတ်ပယ်လိုက်တယ် ဆိုတာ လုံး၀ မမျှတ ပါဘူး။ ဒါဟာ ပုဂ္ဂိုလ်ရေး အာဃာတပါပြီး ဆရာ/ ဆရာမ အားလုံးကို သတိပေးတဲ့သဘော၊ ဖိနှိပ်ချင်တဲ့ သဘောလို့ ကျနော်တို့ ယူဆပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၈၈၈၈ ငွေရတုအခမ်းအနားသို့ တက်ရောက်ခဲ့သော အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်သည် နေပြည်တော်၊ဇမ္ဗူ သီရိမြို့နယ်၊ အထက ၅ တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁။ ၁၀.၆.၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ၂။ ခွင့်ပြု ချက်မဲ့ ခရီးဝေး ထွက်ခွာခြင်း၊ ၃။ နိုင်ငံရေးအဖွဲ့အစည်း များနှင့် ပါဝင် ပတ်သက်ခြင်းဆိုသည့် အချက်များဖြင့် ပညာရေးဝန်ကြီး ဋ္ဌာနက ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အလုပ်သမား ဝန်ကြီးဋ္ဌာန၏ ခွင့်ပြုချက်ဖြင့် အသင်းတည်ထောင်ခွင့် ရခဲ့သည့် တက္ကသိုလ်များ ဆရာ/ ဆရာမအသင်းက ယနေ့ထုတ်ပြန်သည့် တောင်းဆိုချက်များကို ပညာရေးဝန်ကြီးဋ္ဌာန နိုင်ငံတော် သမ္မတရုံးနှင့် အလုပ်သမား ဝန်ကြီးဋ္ဌာနများသို့ တင်ပြသွားမည် ဖြစ်ကြောင်းလည်း ယင်းအသင်းမှ သိရသည်။

“ဥပဒေနဲ့ ပြစ်ဒဏ်က ကိုက်ညီမှုမရှိဘူး။ ကျနော်တို့ ဝန်ထမ်းတွေမှာ ပြစ်ဒဏ် ၉ မျိုးရှိတယ်။ အနိမ့်ဆုံး သတိပေးတဲ့ အဆင့်က စပြီး အမြင့်ဆုံး ထုတ်ပယ်တဲ့ အဆင့်အထိရှိတယ်။ အခုလိုလုပ်တာကို ၁၅ ရက်အတွင်း ပွင့်လင်းမြင်သာမှု ရှိရှိ ရှင်းပြပေးဖို့ အတွက် ဝန်ကြီးရုံးကို စာတင်သွားမယ်” ဟု ဆရာ ဦးသန်းထိုက်အောင်က ပြောသည်။

အဆိုပါ အလယ်တန်းပြ ဆရာမ တာဝန်ထမ်းဆောင်ခဲ့သည့် ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် အမတ် ဒေါ်စန္ဒာမင်းက “၈ လေးလုံး ပွဲနေ့တုန်းက အဲဒီပွဲကို တက်လာတဲ့ အဖြူအစိမ်းဝတ် ဆရာ/ ဆရာမ တွေ အများကြီးရှိပါတယ်။ အဲဒီဆရာ/ ဆရာမတွေ ဘာမှမဖြစ်ဘဲ၊ ဒီဆရာမမှ ဘာကြောင့် ဖြစ်ရတယ်၊ တခြား ဘာအကြောင်း အရာတွေ ရှိသေးတယ်ဆိုတာ သေသေချာချာ သိဖို့အတွက် ကျမဒီနေ့ပဲ စုံစမ်းခိုင်းထား ပါတယ်။ ကျမ သေသေချာချာ မသိရ သေးဘဲနဲ့ ဘာမှ မှတ်ချက် မပေးချင်သေးပါဘူး” ဟု ဧရာဝတီသို့ ပြန်လည်ဖြေကြားသည်။

ယနေ့ထုတ်ပြန်လိုက်သည့် အချက်များတွင် ယင်းသို့ထုတ်ပယ်ခြင်းမှာ ပြစ်မှုနှင့် ပြစ်ဒဏ် မျှတမှု မရှိသည့်အတွက် ပညာရေး ဝန်ကြီးဋ္ဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း များကို မျက်ကွယ်ပြုပြီး ပုဂ္ဂိုလ်ရေး အာဃာတ ဆန်ဆန် လုပ်ပိုင်ခွင့် အာဏာကို လွန်ကဲစွာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် သမ္မတ ဦးသိန်းစိန် အစိုးရ အကောင်အထည် ဖော်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပညာရေးဝန်ကြီးဋ္ဌာန အနေဖြင့် မထီမဲ့မြင် ပြုရာရောက်နေကြောင်း၊ ၈၈၈၈ အရေးတော်ပုံသည် လူတဦးတယောက်၊ အသင်းအဖွဲ့တခု၊ လူတန်းစား အလွှာတခု တည်းနှင့် သက်ဆိုင်သည် မဟုတ်ဘဲ၊ မြန်မာပြည်သူ တရပ်လုံးနှင့် သက်ဆိုင်နေခြင်းကြောင့် မြန်မာ့သမိုင်း၏ အကြီးကျယ်ဆုံး အရေးတော်ပုံအား သေးသိမ်အောင် ဆောင်ရွက်သည့် သဘောသက်ရောက် နေကြောင်းလည်း ဖော်ပြပါရှိ သည်။

ထို့ကြောင့် ပညာရေး ဝန်ကြီးဋ္ဌာနအနေဖြင့် ယင်းကိစ္စရပ်များအား အပြည့်အ၀ တာဝန်ခံရမည်ဖြစ်ပြီး ဖြစ်စဉ်တရပ်လုံးအား ပုဂ္ဂိုလ်ရေး အာဃာတ၊ အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပြန်လည်စိစစ် သုံးသပ် ပေးရန်၊ အများပြည်သူအား ယနေ့မှစ၍ ၁၅ ရက်အတွင်း ဥပဒေနှင့် အညီ ပွင့်လင်းမြင်သာမှု ရှိစွာ ပြန်လည် ရှင်းလင်းချက် ပေးရန်နှင့် ပျက်ကွက်ပါက ဥပဒေနှင့် အညီ ပြည်တွင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အပြီးတိုင် ပြေလည်အောင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသိပေး တောင်းဆိုထားသည်။

“၁၅ ရက်ပြည့်ဖို့ ကျနော်တို့ဘက်က စောင့်နေမယ်။ ဒါ လွန်ပြီးသွားပြီးရင် သူတို့ဘက်က ဘာမှ မလုပ်ပေးရင်တော့ ကျနော်တို့ဘက်က နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) နဲ့ လူ့အခွင့်အရေး ကော်မရှင်ဆီ သွားတိုင်ကြားမယ်။ ဒီကိစ္စက အလုပ်နဲ့ ပတ်သက်တယ်၊ ပြီးတော့ လူ့အခွင့်အရေးနဲ့လည်း သက်ဆိုင်နေတယ်” ဟု ဆရာ ဦးသန်းလွင်ဦးက ဧရာဝတီသို့ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ရေးဆွဲလျှက်ရှိသည့် အသင်းအဖွဲ့ ဥပဒေမူကြမ်းကို အတည်ပြုခြင်း မရှိသေးသဖြင့်၊ ၁၉၈၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ဥပဒေအမှတ် ၆/ ၈၈) အရ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေး အသင်းအဖွဲ့များနှင့် ပတ်သက်မှု မရှိစေရ (နိုင်ငံရေး ကင်းရှင်းရမည်) ဆိုသည့် အချက်သည် ယခု ထုတ်ပယ်ခံရသည့် အလယ်တန်းပြ ဆရာမအား စွပ်စွဲထားသည့် အချက် ၃ နှင့် ကိုက်ညီနေပြီး အသက် ဝင်နေဆဲဖြစ်သည်ဟု သုံးသပ်သူများ ရှိသည်။

သို့ရာတွင် လက်ရှိ ဥပဒေကြမ်း ကော်မတီတွင် ရေးဆွဲလျှက်ရှိသည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ အခန်း ၁၀၊ အထွေထွေ ပုဒ်မ ၂၈ တွင်မူ “မည်သည့် နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီ ဝန်ထမ်းမဆို ဤဥပဒေအရ ဖွဲ့စည်းထားသော အသင်းအဖွဲ့များတွင် ဝင်ရောက် လှုပ်ရှား ဆောင်ရွက်ခွင့်ရှိသည်” ဟု ဖော်ပြပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading