သတင်း

နိုင်ငံခြားသားများ ထိုင်း-မြန်မာ နယ်စပ် ဂိတ်များမှ ဝင်ထွက်နိုင်တော့မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အတွင်းသို့ စီးပွားရေး၊ အလည်အပတ် ကိစ္စများအတွက် ဝင်ရောက်လိုသော နိုင်ငံခြားသားများ အနေဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပြည်နယ် ၃ ခုရှိ နယ်စပ်ဂိတ်ပေါက် ၄ ခုမှတဆင့် မကြာမီ ဝင်ထွက် သွားလာနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်း-မြန်မာ နယ်စပ် ဂိတ်များဖြစ်သော မြဝတီ၊ မဲဆောက်၊ တာချီလိတ်၊ မယ်ဆိုင်၊ ကော့သောင်း၊ ရနောင်း၊ ထီးခီး၊ မူနာရွန် စသည့် နေရာများမှတဆင့် ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းမှ စပြီး သက်တမ်းရှိ ပတ်စ်ပို့၊ ဗီဇာများနှင့် ဝင်ရောက်ခွင့် ပြုတော့မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ခရိုင် ဦးစီးဌာနမှူးရုံး မြဝတီမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းက ဆိုသည်။

“နိုင်ငံခြားသားတွေ အနေနဲ့ စီးပွားရေးသမားပဲဖြစ်ဖြစ်၊ အလည်အပတ် သမားပဲဖြစ်ဖြစ် အပေါ်က လေယာဉ်နဲ့ သွားတဲ့ အတိုင်းပဲ သက်တမ်းရှိတဲ့ ပတ်စ်ပို့ ဗီဇာပါရင် ဒီဂိတ်တွေကနေ ဝင်ထွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဒု ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းက ဧရာဝတီသို့ ပြောသည်။

နယ်စပ်ဂိတ်များ ဖွင့်လှစ်ရန် အတွက်လည်း နေပြည်တော် ဗဟိုဌာနချုပ်ရုံး၏ ညွှန်ကြားချက် ကျထားပြီဖြစ်ကြောင်း၊ သြဂုတ် လကုန်တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ခရီးသည်များ ကူးသန်း သွားလာနိုင်ရေးအတွက် လိုအပ်ချက်များကိုလည်း ပြင်ဆင်ထားကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနှင့် တခြားနိုင်ငံသားများကို ထိုင်း-မြန်မာနယ်စပ် ဂိတ်များမှတဆင့် ဝင်ရောက်ခွင့်ကို ယခုလဆန်းပိုင်းက စတင်ဝင်ရောက်ခွင့်ပြုရန် မူလက စီစဉ်ခဲ့သော်လည်း ရေကြီးမှု၊ လမ်းပမ်းဆက်သွယ်မှု အခက်အခဲများကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

နိုင်ငံခြားသားများ ဝင်ထွက်သွားလာခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်သတ်ထားသည့် နယ်မြေများနှင့် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက လုံခြုံရေးအရ အခါအားလျော်စွာ တားမြစ်ထားသည့် နယ်မြေများမှ အပ ကျန်နယ်မြေများကို သွားလာခွင့်ပြုမည်ဟုလည်း သိရှိရသည်။

ဇူလိုင် ၃၀ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ကျင်းပသည့် နယ်စပ် စခန်းများမှ ဝင်ထွက်ခွင့်ပြုခြင်းဆိုင်ရာ ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ယင်းသို့ ခွင့်ပြုရန် ထုတ်ပြန် ပြောဆိုကြောင်း အစိုးရ သတင်းစာများကလည်း ဖော်ပြခဲ့သည်။

အစိုးရဘက်က နယ်စပ် ကုန်းလမ်းကြောင်းမှ ခရီးသည်များ ဝင်ထွက်သွားလာနိုင်ရေး ယင်းသို့ ထုတ်ပြန် ပြောဆိုနေသော်လည်း မြဝတီ-ကော့ကရိတ် လမ်းကြောင်းတွင် ကုန်းလမ်းပို့ဆောင်ရေး ယာဉ်များနှင့် လမ်းပိုင်းများမှာ ကြံ့ခိုင်မှုအားနည်းပြီး အဆင်သင့် မဖြစ်သေးဟု ယင်းလမ်းကြောင်းကို အသုံးပြု သွားလာနေကြသော မြဝတီမြို့ခံများက ပြောသည်။

“တို့မြဝတီလမ်းက အာရှလမ်းမကြီး ပြီးသွားရင်တော့ ကောင်းသွားမှာပါ။ အဲ့ဒီလမ်းက ဖောက်နေတုန်း၊ မပြီးသေးဘူး။ အခု ဒေါနတောင်လမ်းကတော့ တို့မြန်မာနိုင်ငံသားတွေတောင် ဘုရား၊ တရား ‘တ’ ပြီး စီးနေရတာ၊ လမ်းက တရက်ဆင်း တရက်တက် ဖြစ်တဲ့အပြင် ကြံ့ခိုင်ရေးက စိတ်မချရဘူး။ တံတားအောက်နဲ့ အမှတ် (၁) ရပ်ကွက်ထဲက လမ်းတွေမှာဆိုရင် ရေကြီးတုန်းက အပျက်အစီးတွေ၊ ရွှံ့တွေတောင် မရှင်းလင်းရသေးဘူး” ဟု မြဝတီမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

ကုန်းလမ်းကြောင်းများ ဖွင့်ပေးလိုက်သည့်အတွက် ယင်းလမ်းကြောင်းများ ပေါ်တွင်ရှိသော ပို့ဆောင်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ဈေးဆိုင်များအတွက် ဈေးကွက် ကောင်းလာနိုင်သော်လည်း အဆိုပါ ကဏ္ဍများတွင် နိုင်ငံခြားသားများကို ဝန်ဆောင်မှုပေးရန် အားနည်းနေသေးကြောင်း မြဝတီ-ရန်ကုန် ကူးသန်းနေသည့် ကုန်သည်တဦးက ပြောသည်။

“ဒီလို ဖွင့်ပေးလိုက်တာတော့ လမ်းကြောင်းပေါ်မှာရှိတဲ့ ပို့ဆောင်ရေးတို့၊ တည်းခိုတဲ့နေရာတွေ၊ စားသောက်ဆိုင်တွေ အတွက် တော်တော် ကောင်းတယ်ဗျ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးက အဆင့်မီမီ မရှိကြဘူး။ နိုင်ငံခြားသားတွေ၊ သွားချင်အောင်၊ စားချင်အောင်၊ နေချင်အောင် ဆွဲဆောင်မှု မရှိကြဘူး။ ဥပမာဗျာ ဒေါနတောင်တန်းကြီး အလှကို နိုင်ငံခြားသားတွေ ကြိုက်တယ်၊ လမ်းကရင်တမမ နဲ့သွားရမယ်၊ ဒီလိုမျိုးတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

နယ်စပ်ဂိတ်များတွင် နိုင်ငံခြားသား ခရီးသွားများ ဝင်ခွင့်ပြုနိုင်ရေး လိုအပ်သော စက်ပစ္စည်း၊ လူအင်အားများကို ဖြည့်ဆည်းပေးပြီး အဆင့်မြင့် လုံခြုံရေးသုံး စက်ပစ္စည်းများကို တပ်ဆင်ထားပြီး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက နေပြည်တော်တွင် ဇူလိုင် လဆန်းပိုင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုထားသည်။

ထို့အပြင် မြန်မာနှင့် ထိုင်းနယ်စပ် ဂိတ်ပေါက် များတွင် နိုင်ငံခြား ခရီသွားများ ခွင့်ပြုပြီးပါက မြန်မာ-တရုတ် နယ်စပ် ဂိတ်များတွင်လည်း နိုင်ငံခြားသား ခရီးသွားများ ဝင်ခွင့်ပြုရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“တရုတ်ဘက်က နေရာ ၄ ခုလောက်မှာလည်း ဖွင့်ဖို့ လုပ်ထားတယ်။ ထိုင်းဘက်က ဖွင့်ပြီးတာနဲ့ မကြာခင် ဖွင့်မယ်။ မူလက တပြိုင်နက်တည်း ဖွင့်ဖို့စီစဉ်ထားတာ။ အခုကတော့ တခုပြီးမှ တခု ဖွင့်လှစ်သွားမယ်” ဟု ဦးခင်ရီက ပြောဆို ခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်များဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ လောက်ကိုင်၊ မိုင်းလား နယ်စပ်ဂိတ်များတွင် နိုင်ငံခြားသား ခရီးသွားများ ပြည်ဝင်ခွင့်ပြုသွားမည်ဟု သိရှိရသည်။

ယခုဖွင့်လှစ်မည်ဖြစ်သော ထိုင်း-မြန်မာ နယ်စပ် ဂိတ်နေရာများမှာ မဲဆောက်-မြဝတီ (ကရင်ပြည်နယ်)၊ မယ်ဆိုင် – တာချီလိတ် (ရှမ်းပြည်နယ်၊ အရှေ့ပိုင်း)၊ ရနောင်း – ကော့သောင်း (တနင်္သာရီတိုင်း)၊ မူနာရွန် – ထီးခီး (တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ) တို့တွင် တည်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading