ဆက်လျှောက်ရဦးမည့် လက်ဆင့်ကမ်း အနာဂတ်

ရွှေကူမေနှင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“အခုတစ်လော ဖုန်းလာရင် ကိုင်ရမှာတောင် ခပ်လန့်လန့်ပဲ”

အထက်ပါစကားကို ကျမအနေနှင့် ရယ်စရာပြောခြင်း မဟုတ်ပါ။ စာရေးဆရာတယောက် ကွယ်လွန်၍ ဈာပန လိုက်ပို့သည့်နေ့မှာ နောက်တယောက် ကွယ်လွန်ကြောင်း ကြားရသည်။ ထိုတယောက်ကို လိုက်ပို့ပြီး နောက်နေ့မှာ နောက်တယောက် ကွယ်လွန်ကြောင်း ကြားရပြန်သည်။ သူတို့သည် ရိုးရိုး စာရေးဆရာများ မဟုတ်။ တိုင်းပြည်အပေါ် စေတနာမှန်သူများ ဖြစ်သည်။ တိုင်းပြည်အတွက် တစုံ တရာ စွန့်လွှတ် အနစ်နာခံခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ ပုဂ္ဂိုလ်မျိုး ကွယ်လွန်သွားကြခြင်း၊ အထူးသဖြင့် ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားရခြင်းသည် တိုင်းပြည်အတွက် များစွာထိခိုက်သည်ဟု ဆိုရပါမည်။ ထို့ပြင် တိုင်းပြည်တည်ဆောက်ရေး ကာလ၊ အားပြိုင်နေရသော ကာလတွင် ကိုယ့်ဘက်သားများ အင်အားလျော့နည်းသွားရသဖြင့် အားလျော့မိတာကိုလည်း ဝန်ခံရပါမည်။

ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာ မျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ် များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။

မတရားမှုကို “သရော်စာ” ဖြင့် ကလိတတ်သဖြင့် ထိရောက်လှသော အကျိုးပြုစာများကို ရေးသားတတ်သူ မင်းလူ။ နိုင်ငံရေးကို အတွင်းကျကျ နားလည်ပြီး ရိုးသားဖြူစင်စွာ ဆင်ခြင်တိုင်းတာလျှက် နှစ်ဖက် အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို အရယူပေးနိုင်သူ မောင်ဝံသ။ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့ ဟူသော လက်သုံးဝါဒဖြင့် မြန်မာ့ငြိမ်းချမ်းရေး အတွက် “ရန်သူမရှိ၊ မိတ်ဆွေသာရှိ” ဟူသော မေတ္တာ တရားဖြင့် လူငယ်တွေ၏ ဒေါသမီးကို ငြှိမ်းသတ်ပေးနိုင်သူ ဆရာ ဒဂုန်တာရာ။ ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ခဲ့ကြရင်း ပျပျလေး မြင်သာသော ကမ်းအရောက် ဖြုတ်ခနဲ ကျဆုံးသွားခဲ့ကြ၏။ ရှေ့တန်းက ပုဂ္ဂိုလ်များတပြိုင်နက်တည်း ကျဆုံးခြင်းသည် တပ်ပျက်လု မတတ် သွေးပျက်ဖွယ် ဖြစ်နေသည်။

အလုပ်တွေက မပြီးသေး။ ကိစ္စတွေက မရေရာ။ ဘာကိုမှ စိတ်ချ၍ မဖြစ်သေးသော အနေအထား။ ရှိသမျှအားတွေ စုစည်းပြီး “တို့လူတွေ တောင့်ထား” ဟု အချင်းချင်း အားပေးနေရသည့် ကာလ။

သူတို့ကို လိုက်ပို့ရသည့် ပန်းခြင်းများသည် အရှုံးပန်းများ ဖြစ်၏။ အလွမ်းပန်းများ ဖြစ်၏။ စိတ်အားငယ်ဖွယ် ပန်းများလည်း ဖြစ်သည်။ သည်လို အရေးတကြီး အချိန်တွင် သည်လို ပန်းခြင်းတွေကို မပြင်ဆင်ချင်တာ အမှန်ပါပဲ။ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်စွမ်းသော၊ ရုတ်တရက်အားဖြင့် နားမလည်လွယ်သော နည်းဗျူဟာများကို လုပ်တတ်သူများ ဖြစ်၍ အစားထိုးရန် ခဲယဉ်းနေသည်။

“ကျနော်တို့ဟာ ဂန္ဒီလို သည်းခံပြီး၊ ဗိုလ်အောင်ကျော်လို ရဲရင့် ရမယ်”

အထက်ပါ စကားကို ၁၉၉၀ ခုနှစ် တုန်းက နာမည်ကျော် ဂန္ဒီအစည်းအဝေး၌ ဆရာမောင်ဝံသက ပြောခဲ့ခြင်း ဖြစ်၏။ အောင်ပွဲသို့ ချီတက်ရာတွင် ရဲရင့်၍ ချည်း မလုံလောက်။ သည်းခံနိုင် ရပါဦးမည်။ ဟုတ်ကဲ့၊ ကျမတို့ သည်းခံခဲ့ကြ ပြီးပါပြီ။ ရဲရင့်ခဲ့ကြပြီးပါပြီ။ အောင်ပွဲလည်း မြင်ရခါနီးနေပါပြီ။ သို့သော်…

ပန်းဝင်ခါနီးမှ မြင်းကောင်း ခွာလိပ်ဖြစ်တတ်ကြောင်း သတိချပ်ရ ပါဦးမည်။ တခါတရံ ပန်းဝင်စောသည့်တိုင် လိုင်းမှား ဝင်မိ၍ ဆိုပြီး အပယ်ခံရတတ်ပါသေးသည်။ ပန်းတိုင်ကို မိမိရရ ဆုပ်ကိုင်ပြီးသည့်တိုင် လက်လွှတ်၍ မဖြစ်သေး။ ခိုင်မာသည် အထိ မြဲမြဲဆုပ်ကိုင်ထားဖို့ လိုသည်။ လက်ဆင့်ကမ်း တာဝေးပြေးပွဲ ဆိုတော့ ပို၍ပင် ဂရုစိုက်ရသည်။ ပြေးနေဆဲ တဦးဦးက ခြေခေါက်၍ လဲသွားစေဦးတော့၊ ကျန်လူများက အလံကို ကောက်ကိုင်ကာ ဆက်ပြေးဖို့ လိုသည်။ ရှေ့ကလူ လဲကျစဉ် လျော့ကျသွားသည့် ခရီးတာကို ကာမိအောင် နောက်လူများက ပို၍ ပြေးကြရန် လိုပါသည်။

ရှေ့တန်းက လူတွေ တယောက်ပြီး တယောက်ကျဆုံး သွားခဲ့ကြပြီ။ ကျမတို့ လုံး၀ မကျေနပ်။ သို့သော် ဘာမျှ မတတ်နိုင်။ ကျမတို့ လုပ်ဖို့တာဝန်က လဲကျသွားသော အလံကို ကေက်ကိုင်ပြီး ရှေ့သို့ ပြေးရန် ဖြစ်၏။ သူတို့ ဆုံးရှုံးခဲ့သော ခရီးတာကိုပါ မိမိတို့က ကာမိအောင် ပို၍ အားစိုက်ရန် ဖြစ်သည်။ သူတို့ လွတ်ကျခဲ့သော အလံ (လောလောဆယ်မှာ စာပေလွတ်လပ်ခွင့် ဥပဒေ) ကို ကျမတို့သည် စာဖတ်သူများ ရုပ်သံမှ လည်းကောင်း၊ အခြား အခြားသော မီဒီယာများမှ လည်းကောင်း ခပ်ကျယ်ကျယ် ပြောခဲ့၏။ သူတို့ကလည်း ထပ်ကာထပ်ကာ လွှင့်ကြ၏။ ပြောရမည်။ လွှင့်ရမည်။ သူတို့ မရှိတော့ပြီမို့ သူတို့ ကိုယ်စားပါ ပို၍ ပြောရတော့မည်။

လမ်းပေါ်မှာလည်း လူငယ် တဦးစ၊ နှစ်ဦးစ တီရှပ်အဖြူပေါ်မှာ “သတင်းလွတ်လပ်ခွင့်ပေးရေး” ဟူသော စာတန်း ရိုက်ထားသည့် အင်္ကျီ ဝတ်ပြီးသွားနေသည်ကို မြင်ရ၏။ အားတက် သွားမိသည်။ ဟုတ်ပါရဲ့။ တို့လူတွေ အများကြီးပဲ ဟု သတိရ၏။ တက္ကသိုလ်က ဆရာမများ၊ ကုမ္ပဏီမှ ဝန်ထမ်းများနှင့် တွေ့စဉ် “စာပေလွတ်လပ်ခွင့် ဥပဒေ ကျမတို့ ထောက်ခံ လက်မှတ်ထိုးလိုက်တယ် နော်” ဟုပြောကြ၏။ အားတက်သွားရ ပြန်သည်။

လောလောဆယ်မှာတော့ အလွမ်းပန်းခြင်းများကို ငေးမော မျက်ရည်ကျနေ၍ မဖြစ်သေး။ လက်ကျန်လူများ၊ ပြီးတော့ တက်ကြွနိုးကြားသော မျိုးဆက်သစ်လူငယ်များ ရှိသမျှ လူအားနှင့် ကျမတို့ တာဝေးကို ဆက်၍ ပြေးကြရပါဦးမည်။ အလံကို မလွှတ်စတမ်း လက်ဆင့်ကမ်း သယ်ဆောင်ကြရ ပါဦးမည်။ သိပ်မဝေးသော အနာဂတ်တွင် ပန်းတိုင်ကို ပျပျမြင်နေရပြီ။

အသက်ကို ပြင်းပြင်းရှူသွင်းပြီး ကျမတို့ အစွမ်းကုန် ပြေးကြရပါ ဦးမည်။ ငြိမ်းချမ်းသော အနာဂတ်၊ လှပသော အနာဂတ်၊ ကြည်နူးဖွယ် ကမ္ဘာကြီးကို ကျမတို့ မြင်ကြရမည်မှာ မလွဲပါ။ သည်ကြားထဲ အားခဲ၍ အလုပ် ပိုလုပ်ကြရပါတော့မည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading