အစိုးရ စစ်တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် ယုံကြည်မှု တည်ဆောက် နေချိန်တွင် စစ်ပွဲများ ထပ်မံ ဖြစ်ပွားနေသဖြင့် ဒုတိယအဆင့် ဆွေးနွေးပွဲ အလှမ်းဝေးနေသေးကြောင်း သိရသည်။
ငြိမ်းချမ်းရေး ရရန် ယုံကြည်မှု တည်ဆောက်ချိန်တွင် မြန်မာအစိုးရတပ်မှ TNLA ကို ထိုးစစ်ဆင်မှုကြောင့် ယုံကြည်မှု ပျက်ပြယ် သွားနိုင်ကြောင်း၊ TNLA အနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ၂၀၁၃ -၂၀၁၄ ခုနှစ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ဟောပြောပွဲများ လုပ်နေစဉ် မြန်မာအစိုးရတပ်မှ လာရောက် ထိုးစစ်ဆင်ခဲ့ပြီး TNLA ဘက်က ကပ်ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်များကို မြန်မာစစ်ကြောင်းက ဖျက်ဆီးခဲ့ကြောင်း TNLA မှ ပြန်ကြားရေး တာဝန်ခံ မိုင်းအောင်ကိုက ဧရာဝတီသို့ ပြောသည်။
“ဆွေးနွေးပွဲပြီးတော့ တိုက်ပွဲ လေးကြိမ် ပြန်ဖြစ်ပါတယ်။ ကျနော်တို့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ဒေသခံတွေကို ဟောပြော နေချိန်မှာ အစိုးရ ဘက်ကနေပြီး ထိုးစစ် ဆင်လာတာပါ။ အစိုးရဘက်ကနေပြီး စစ်အရှိန်မြှင့်လာမယ် ဆိုရင်တော့ ယုံကြည်မှုတွေ ပျက်ပြယ်ပြီး ဒုတိယ အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အလှမ်း ဝေးသွားနိုင်ပါတယ်” ဟု မိုင်းအောင်ကိုက ဆိုသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် အချိန်တွင် မြန်မာအစိုးရ အနေဖြင့် ကူညီပါဝင်သင့်ကာ ထိုးစစ်ဆင်မှု မပြုလုပ်သင့်ကြောင်း၊ နှစ်ဦးနှစ်ဘက် ယုံကြည်မှု တည်ဆောက်နေချိန်တွင် စစ်ပွဲများ တိုးမြှင့်ပြီး တိုက်နေမည်ဆိုပါက ဒုတိယ ဆွေးနွေးပွဲ ကြန့်ကြာနိုင်ပြီး ပျက်ပြယ်သွားသည့် အဆင့်အထိ ဖြစ်နိုင်ကြောင်း၊ လက်ရှိ အခြေအနေအရ ဒုတိယ ဆွေးနွေးပွဲ မဖြစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။
“ဘိန်းစိုက်ရာသီ ရောက်တော့မယ် ဆိုတော့ ကျေးရွာတွေကို မူးယစ်ဆေးဝါးနဲ့ ပတ်သတ်တဲ့ အရာတွေ မပြုလုပ်ဖို့ အသိပညာပေး ဟောပြောတာပါ။ ကျေးရွာမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်တွေ၊ စာတွေ ကပ်ထားတွေကို အစိုးရ စစ်တပ်က ဖျက်ဆီးတယ်။ ပြီးတော့ ကျနော်တို့ တပ်ကို ထိုးစစ်ဆင်တော့တာပဲ” ဟု TNLA အထွေထွေ အတွင်းရေးမှူး ဒု ဗိုလ်မှူးကြီး တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် TNLA အထွေထွေ အတွင်းရေးမှူး ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် ဦးဆောင်သည့် အဖွဲ့တို့ တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့တွင် ပြည်နယ်အဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ နောက်ထပ် တိုက်ပွဲများ မဖြစ်ပွားစေရေး အတွက် တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြား နိုင်ရန် စီစဉ်ခဲ့ကြောင်း ပြောဆိုခဲ့ကြ သော်လည်း ယင်းအစီအစဉ်ကို နှစ်ဘက်လုံးက လက်တွေ့ အကောင်ထည် ဖော်နိုင်ခြင်း မရှိပေ။
“ကျနော်တို့ အနေနဲ့ ဘာမှပြောလို့မရဘူး။ စစ်ပွဲ ဖြစ်တာလည်း ဘာမှ ဝင်ရောက်စွက်ဖက်လို့ မရဘူး” ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) ၏ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့က မူဆယ်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဘက် ခေါင်းဆောင်များက အောင်မြင်သော တွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း၊ နောက်တကြိမ် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ပြုလုပ်ရန်နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးလျှင် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဆောင်ရန် နှုတ်အားဖြင့် သဘောတူခဲ့ကြသည်။
ယင်း ဆွေးနွေးပွဲတွင် အစိုးရဘက်က အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်၊ နယ်မြေ သတ်မှတ်ရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်နှင့် နောက်တကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးရန် ချပြ ဆွေးနွေးသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ နှင့် TNLA တို့အကြား ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်နေ့ တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့ ကျင်းပခဲ့ပြီး သဘောတူညီချက် ၄ ချက် ရရှိခဲ့ကြောင်း၊ သဘော တူညီချက် များတွင် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ လက်နက် မပါဘဲ နယ်မြေဖြတ်သန်းခွင့် နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ရက်သတ်မှတ်ရေး တို့ ပါဝင်ကြောင်း သိရှိရသည်။