မြန်မာအစိုးရက ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၂၆၀ ကျော် ချေးယူခွင့် ရပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ကမ္ဘာ့ဘဏ်အား ကြွေးမြီလက်ကျန် ကင်းရှင်းရေး ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်၍ ချေးငွေ ပြန်လည် ချေးယူခွင့် ကို ရခဲ့ပြီဖြစ်ရာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၆၁.၅၀ သန်း ရရှိမည် ဖြစ်သည်။
ထိုငွေများကို ဝန်ကြီးဌာန ၄ ခုတွင် အသုံးပြုရေး အတွက် သမ္မတရုံးက ယမန်နေ့က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
နိုင်ငံ၏ လိုအပ်နေသော အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စီမံကိန်းများ အကောင်အထည်ဖော်ရေးနှင့် ပညာရေး ကဏ္ဍ အထောက်အကူပြုရေးတို့တွင် ၎င်း ချေးငွေများကို အသုံးပြုမည်ဟုလည်း သိရသည်။
ယခု ချေးငွေပြန်လည်ပေးဆပ်ရန်အတွက် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ ဖြင့် စုစုပေါင်း ချေးငွေ ကာလ နှစ် ၄၀ ဖြစ်ကြောင်း၊ ချေးငွေ အတွက် အတိုးနှင့် ကတိခံကြေးများ ပေးချေရန်မလိုဘဲ ဝန်ဆောင်ခ အဖြစ် ၁ နှစ်လျှင် ချေးငွေ ပမာဏ၏ ၀ . ၇၅ ရာခိုင်နှုန်းသာ ပေးချေရမည်ဟုလည်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြထားသည်။
သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော် နာယကသို့ ပေးပို့သော သဝဏ်လွှာသည် ချေးငွေကို အသုံးပြုမည့် ဝန်ကြီးဌာန ၄ ခု ၏ စီမံကိန်းများ အကောင်အထည်ဖော်ရေး ဘဏ္ဍာငွေ အသုံးပြုမှုဆိုင်ရာ(ဘတ်ဂျက်) ဥပဒေအရ လွှတ်တော်၏ အတည်ပြုချက်ရရေး ပေးပို့ထားခြင်းဖြစ်သည်။
ယခုကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်၏ ချေးငွေများ ပြန်လည် ရရှိသည့်အပေါ် နိုင်ငံ၏ လိုအပ်သည့် နေရာများ တွင် ထိရောက်စွာ အသုံးပြုရန် လိုကြောင်း ဦးခင်မောင်ညို (ဘောဂဗေဒ) က ဧရာဝတီကို ပြောသည်။
“အခုဟာက အတိုးနှုန်းကလည်း အရမ်းသက်သာတယ်၊ ချေးငွေကာလကလည်း နှစ် ၄၀ ဆိုတော့ အလွန်ကောင်းပါတယ်။ တိုင်းပြည်အတွက် လိုအပ်တဲ့ နေရာတွေမှာ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ပဲ အရေးကြီးပါတယ်”ဟု သူက ဆိုသည်။
ယခုနှစ် ဇန်နဝါရီလက ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့က မြန်မာနိုင်ငံ အား ကြွေးမြီ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၄၀ ပေးဆပ်ပြီး ဖြစ်သဖြင့် ကြွေးမြီ ကင်းရှင်းကြောင်း ကြေညာပေးခဲ့သည်။
မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်သို့ ပေးရန် ထိုကြွေးမြီကို ဂျပန်နိုင်ငံက အတိုးနှုန်း သက်သာစွာဖြင့် ကြားဝင် ဆပ်ပေးခဲ့ပြီးနောက် ကမ္ဘာ့ဘဏ်က ကြွေးမြီကင်းရှင်းကြောင်း ကြေညာပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအနေဖြင့် ကြွေးမြီသစ်ကို ကမ္ဘာ့ဘဏ် က ချေးယူနိုင်ခဲ့ကြောင်းလည်း ဦးခင်မောင်ညိုက ပြောသည်။
“အဲဒီတုန်းက ဂျပန်နိုင်ငံက ကမ္ဘာ့ဘဏ် ကြွေးဟောင်းကို ဝင်ဆပ်ပေးလိုက်တာပေါ့။ ဒါမှ ကမ္ဘာ့ဘဏ်ဆီက အကြွေးသစ် ယူလို့ရမယ်”ဟု ဦးခင်မောင်ညို က ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် တိုင်ပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ နောက်ထပ် ချေးငွေများ ရရှိလာနိုင် မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းတခုဟု သူက ဆက်ပြောသည်။
၁၉၅၂ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ဘဏ် အဖွဲ့ဝင် ဖြစ်လာခဲ့သော မြန်မာနိုင်ငံအား ၁၉၈၇ ခုနှစ်အထိ စီမံကိန်းပေါင်း ၃၅ ခု အတွက် ကမ္ဘာ့ဘဏ်က ငွေကြေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ နည်းပညာ ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း၌ ကမ္ဘာ့ဘဏ်က အဖွဲ့ဝင် အဖြစ် ဆက်လက် အသိအမှတ်ပြုသော်လည်း အစည်းအဝေးများသာ တက်ရောက်ခွင့် ရှိခဲ့ပြီး အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အတူ ချေးငွေ၊ ဘဏ္ဍာရေး ဆိုင်ရာ နည်းပညာ စသည့် အထောက်အကူများ ပေးအပ်ခြင်း မရှိတော့ပေ။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား ထောက်ပံ့ကူညီမှုများ နှစ်ပေါင်း ၂၅ နှစ်နီးပါး ရပ်နားထားပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ယမန်နှစ် နိုဝင်ဘာလတွင် ကမ္ဘာ့ဘဏ် ဒါရိုက်တာ ဘုတ်အဖွဲ့က မြန်မာနိုင်ငံကို ပြန်လည် ဆက်ဆံပြီး ကူညီမှုများ ပေးနိုင်ရေးအတွက် ကြားဖြတ် မဟာဗျူဟာ တခု သဘောတူ ချမှတ်ခဲ့သည်။
ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံအား ထိုကဲ့သို့ မူဝါဒ ပြောင်းလဲလာရေးအတွက် အဓိက ကြိုးစားပေးခဲ့သူမှာ မြန်မာနိုင်ငံကို ယမန်နှစ်က လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဟာဗျူဟာအရ အရှေ့အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှု ကျဆင်းရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် လာမယ့် ၂၀၁၄ ခုနှစ်မှ စတင်ကာ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းလာခြင်း၊ ဗဟိုချုပ်ကိုင်သည့် စီးပွားရေး စနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ ပြောင်းလဲလာခြင်း၊ နှစ်ပေါင်း ၆၀ ဝန်းကျင် နယ်စပ်ဒေသများတွင် စစ်မက် ဖြစ်ပွားနေမှုများ ချုပ်ငြိမ်း ရေးအတွက် အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များ ဖော်ဆောင်လာခြင်း ဟူသည့် ပြုပြင်ပြောင်းလဲရေးများကို ကမ္ဘာ့ဘဏ်က အသိအမှတ်ပြုခြင်း၏ အကျိုးဆက်အဖြစ် ယခုကဲ့သို့ ကမ္ဘာ့ဘဏ်နှင့် ပုံမှန်ဆက်ဆံရေးကို ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနှင့် ပုံမှန် ဆက်ဆံကူညီမှုများ ရှိလာသည့်အတွက် အာရှတိုက်တွင် စီးပွားရေး အရှိန်အဟုန်မြင့်မြင့် တိုးတက်လာနိုင်သည့် နိုင်ငံအဖြစ် အလားအလာ ကောင်းများ ရှိကြောင်းလည်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။
ယခုနှစ် ဖေဖော်ဝါရီလကလည်း ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံတွင် အရေးတကြီးလိုအပ်နေသည့် လျှပ်စစ်မီး ရရှိရေး စွမ်း အင်စီမံကိန်း၊ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ကဏ္ဍများကို ပူးပေါင်း ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံနှင့် သဘောတူခဲ့သည်။