၂၀၀၈ ခုနှစ်တွင် စစ်အစိုးရက ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည် လေ့လာသုံးသပ်မှုကို ၄ လအတွင်း အပြီး လျှို့ဝှက် ဆောင်ရွက်ရန် ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသည် အခြေခံဥပဒေ ကို အပိုင်းလိုက် လေ့လာသုံးသပ် သွားမည် ဖြစ်ပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နိုင်သော ခေတ်မီ ဥပဒေ ဖြစ်ပေါ်လာရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး၊ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာ ရေးတို့ကို အခြေခံမူ အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသည် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး လုပ်ဆောင် ရာတွင် ပြင်ပသို့ ပေါက်ကြားမှု မရှိစေရန် လျှို့ဝှက် ဆောင်ရွက်ရမည်ဖြစ်ပြီး လေ့လာသုံးသပ်မှု အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရာတွင် အမြင်သဘောထား များကို လွတ်လပ်စွာ ပြောဆိုဆွေးနွေးပိုင်ခွင့်ရှိပြီး ထိုသို့ ပြောဆို ဆွေးနွေးမှုအတွက် ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်ဟု သိရှိရသည်။
အခြေခံဥပဒေ သုံးသပ်ရေး ပူးပေါင်းကော်မတီသည် နိုင်ငံတော်၏ သမိုင်းကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏ နိုင်ငံရေး စီးပွားရေး လူမှုရေး အခြေအနေ၊ ပြည်သူတို့၏ နိုင်ငံရေးအသိ ရင့်ကျက်မှု အခြေအနေ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေအနေ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့ကို အဓိကထား သုံးသပ်မှုပြု လုပ်မြည်ဖစ်ပြီး အကျိုး မဖြစ်ထွန်းနိုင်သော အငြင်းပွားဖွယ်ရာ ပြဋ္ဌာန်းချက်များထက် နိုင်ငံတော်အတွက် အကျိုးရှိပြီး ပြည်သူများလိုလားသည့် ပြဋ္ဌာန်းချက်များကို ဦးစားပေး လေ့လာသုံးသပ်ရမည် ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသော်လည်း လက်တွေ့ဆောင်ရွက်နိုင်ခြင်း မရှိသည့် ကိစ္စရပ်များကို လေ့လာ ဆန်းစစ်ဖော်ထုတ် မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့်သည် ဒီမိုကရေစီစနစ်နှင့် ပိုမို ကိုက်ညီရေးအတွက် လေ့လာ သုံးသပ် တင်ပြမည်ဖြစ်ပြီး ပြည်သူတို့ ယုံကြည်အားထားရမှုကို ရရှိသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာရေးအတွက် လေ့လာ သုံးသပ် တင်ပြမည်ဟု သိရှိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က”NLD အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ချင်တဲ့ အချက်တွေကို ပူးပေါင်းကော်မတီ ကိုတင်ပြမယ်။ ကော်မတီမှာ ညှိုနှိုင်းဆွေးနွေးမှုတွေ လုပ်ရမှာပဲ။ ဘာတွေပြင်နိုင်မလဲဆိုတာက ဆွေးနွေးညှိုနှိုင်းမှုတွေပေါ်မှာပဲ မူတည်ပါတယ်။ ကော်မတီမှာ ဆွေးနွေးမှုတွေက မပေါက်ကြားဖို့ လျှို့ဝှက်ဆိုတာကတော့ ပူးပေါင်းကော်မတီရဲ့ မူပဲလေ” ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ၅၂ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် အမတ် ၇ ဦးနှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၁၀၉ ဦးပါဝင်သည်။