အမေရိကန်ပြည်ထောင်စုက အရှေ့တောင်အာရှ နိုင်ငံတွေမှာ စစ်ဘက်ဆိုင်ရာ ပညာရေး၊ လေ့ကျင့်သင်ကြားမှု အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အဓိက အသုံးစရိတ် မြှင့်တင်ဖို့ ကြေညာလိုက်ကြောင်း သတင်းများအရ သိရပါတယ်။
အရှေ့တောင်အာရှမှာ စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်တွေအတွက် ပင်တဂွန် စစ်ဌာနချုပ်က အမေရိကန် ဒေါ်လာ သန်း ၉၀ သုံးမယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မလေးရှား ကာကွယ်ရေးနဲ့ လုံခြုံရေး စစ်တက္ကသိုလ်မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချာ့ခ် ဟေဂယ်လ် (Chuck Hagel) က မကြာသေးမီက မိန့်ခွန်းပြောရင်း ကြေညာခဲ့တာပါ။
ဒီ ပမာဏဟာ လွန်ခဲ့တဲ့ ၄ နှစ်တာ အရှေ့တောင်အာရှ ဒေသအတွက် စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့ရေး အသုံး စရိတ်ထက် ၅၀ ရာခိုင်နှုန်း ပိုများလာတာပါ။ ဒါက အာရှပစိဖိတ်ဟာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဗဟိုချက် ဖြစ်လာကြောင်း သင်္ကေတဖြစ်ပါတယ်။
အသုံးပြုမယ့် အမေရိကန် ဒေါ်လာ သန်း ၉၀ ထဲက မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတခုစီနဲ့ စစ်ရေး အဆက်အသွယ်အတွက် ဘယ်လောက် အသုံးပြုမယ်ဆိုတာတော့ မသိရသေးပါဘူး။
ဝန်ကြီး ဟေဂယ်လ်ရဲ့ အဆိုအရ အာရှပစိဖိတ်ဒေသဟာ အရေးပါလာတာနဲ့ အမျှ အမေရိကန် အစိုးရအနေနဲ့ ပြန်လည် ဟန်ချက်ညီ မျှခြေရှိရေး၊ သံတမန်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ မဟာဗျူဟာမြောက် ဗဟိုချက်ဟာ အာရှပစိဖိတ်ကို ပြန်ရွေ့လာခဲ့တာဖြစ်ပါတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်အတွင်း အမေရိကန်အနေနဲ့ ကမ္ဘာပေါ်မှာ အရှေ့အလယ်ပိုင်း ဒေသတွေဆီ အာရုံစိုက်မှု ပိုခဲ့ပါတယ်။
အမေရိကန်ဟာ အာရှဒေသတွင်း စိတ်ဝင်စားမှု ပိုလာတာနဲ့ အမျှ တရုတ်နိုင်ငံက သူ့သြဇာ လွှမ်းမိုးမှု သေးကြုံ့လာမယ့်အရေး စိုးရိမ်ပူပန်လာတာတော့ အသေအချာပါပဲ။
တရုတ်နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် တတိယနိုင်ငံ အုပ်စုတွေနဲ့ အင်ပါယာတခုလို ကမ္ဘာ့မျက်နှာစာမှာ ထူထောင်လာနေခဲ့တာ ကြာပါပြီ။
ဒါပေမယ့် တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ ပိုင်ဆိုင်မှု အငြင်းပွားမှုတွေနဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ် စတဲ့ နိုင်ငံ တော်တော်များများနဲ့လည်း ပြဿနာတွေ မဖြေရှင်းနိုင်သေးပါဘူး။
အာရှ ပစိဖိတ်ဒေသဟာ မဟာဗျူဟာ ဗဟိုချက်အဖြစ် အမေရိကန်က လက်ခံလာပြီးနောက် မြန်မာအပေါ် ဖြေလျှော့ ဆက်ဆံလာတာဟာလည်း တရုတ်နိုင်ငံအတွက် စိတ်ပူစရာတခု ဖြစ်နေပြန်ပါတယ်။
အမေရိကန်ဘက်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဆင့် ပြန်လည်ခန့်အပ်ကာ ပုံမှန် ဆက်ဆံရေးတွေ ပြန်တည်ဆောက်ပြီး ဆက်ဆံရေးတွေ ဆက်လက် မြှင့်တင်နေပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ မြန်မာနိုင်ငံကို အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားရဲ့ ယမန်နှစ်က သမိုင်းဝင် ခရီးစဉ်ဟာ တရုတ်အတွက် အတော် စိုးရိမ်စေခဲ့တယ်လို့ အကဲခတ်သူတွေက သုံးသပ်ပါတယ်။
အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမေရိကန်အနေနဲ့ မြန်မာအစိုးရ၊ လွှတ်တော်တွေ၊ နိုင်ငံရေး ပါတီတွေ၊ လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ ဆက်ဆံမှုတွေ တိုးမြှင့် လုပ်ဆောင်နေသလို စစ်တပ်ချင်း ဆက်ဆံရေးကိုလည်း တိုးမြှင့် လုပ်ဆောင်သင့်တယ်လို့ သမ္မတ အိုဘားမားကို တိုက်တွန်းခဲ့တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောပါတယ်။
“အမေရိကန်အနေနဲ့ ကျနော်တို့ နိုင်ငံရဲ့ အပြောင်းအလဲမှာ လက်ရှိ သမ္မတနဲ့တကွ အစိုးရနဲ့ ဆက်ဆံမှု၊ နောက် လွှတ်တော်နဲ့ ဆက်ဆံမှု တိုးတက်လာတယ်။ တချိန်တည်းမှာ စစ်ဘက်နဲ့ ဆက်ဆံမှုကို အာရုံမစိုက်ဘူးဆိုရင် အမေရိကန်ဟာ စစ်တပ် မပါတဲ့ ဒီဘက်တခြမ်းတည်းကို ဆက်ဆံတဲ့ ပုံစံမျိုးဖြစ်သွားမယ်” လို့ သူက ဆိုပါတယ်။
တကယ်တော့ အမေရိကန်-မြန်မာ စစ်ဘက် ဆက်ဆံရေးဟာ တချိန်က အလွန် ကောင်းမွန်ခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာ အမေရိကန်က မြန်မာကို စစ်ဘက်ဆိုင်ရာ ပစ္စည်း အမေရိကန် ဒေါ်လာ ၂၁ သန်းဖိုးလောက် ကူညီပေးခဲ့တယ်။ ဒီနောက်ပိုင်း အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး အေးစက်သွားချိန် မြန်မာဟာ တရုတ်နိုင်ငံနဲ့ နီးကပ်သွားခဲ့ပါတယ်။
အမေရိကန်- မြန်မာ ၂ နိုင်ငံ တပ်မတော်အကြား ဆက်ဆံရေး ပီပီပြင်ပြင် ပြန်စတင်ခဲ့တာက ယမန်နှစ် အောက်တိုဘာလက နေပြည်တော်ကို ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် စစ်ဘက် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဖရန်စစ် ဝီယာစင်ကီ (Francis Wiercinki) နဲ့ အတူ လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဗီကရမ် ဆင်း (Vikram Singh) တို့နဲ့ အတူ စစ်ဘက် အဆင့်မြင့် အရာရှိကြီးတွေ လာရောက်ခဲ့ချိန်ပါ။
အဲဒီနောက်ပိုင်း နှစ်ဆန်းပိုင်းက အာရှ ပစိဖိတ် ဒေသအတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ရွှေမြွေဟောက် (Cobra Gold) စစ်ဆင်ရေးမှာလည်း မြန်မာ့တပ်မတော်က ပထမဆုံးအကြိမ် လေ့လာခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော် အရာရှိတွေကို အမေရိကန်က စစ်ဘက်ရေးရာ လေ့ကျင့်သင်ကြားပေးမှု အကူအညီတွေ ပေးဖို့ ၂ နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
အခုလို အမေရိကန်-မြန်မာ ဆက်ဆံရေး ပြန်ကောင်းလာတော့ တရုတ်ကလည်း မြန်မာနဲ့ မဟာဗျူဟာမြောက် စစ်ဘက် ဆက်ဆံရေး အဆင့်မြှင့်ဖို့ ကြိုးစားခဲ့ရပါတယ်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန် ချန်လောင် (General Fan Changlong) နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ နေပြည်တော်မှာ နှစ်နိုင်ငံ အစိုးရချင်းသာမက တပ်မတော်ချင်း မဟာဗျူဟာမြောက် ဆက်ဆံရေးကို နောက်တဆင့် တိုးမြှင့်သွားဖို့ ဆွေးနွေးခဲ့တာက တရုတ်ရဲ့ စိုးရိမ်မှုကို အထင်အရှား ပြသရာ ရောက်ပါတယ်။