သတင်း

ခေတ်ပြိုင် နိုင်ငံရေး သုံးသပ်ချက် The Face of Resistance စာအုပ် မြန်မာပြည်တွင် ဖြန့်ချိ

This article has been converted from Zawgyi One to Unicode

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးရဲ့ အစပျိုး ၁၉၈၈ ခုနှစ်မှ ယခုထိ နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း နိုင်ငံရေး ဇာတ်ခုံပေါ်က လူပုဂ္ဂိုလ်တွေနဲ့ ဖြစ်ရပ်တွေ အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားတင်ပြထားတဲ့ ကိုအောင်ဇော်ရဲ့ The Face of Resistance: Aung San Suu Kyi and Burma’s Fight for Freedom စာအုပ် ထွက်ရှိလာပါတယ်။

ရန်ကုန်မြို့ Myanmar Book Centre (MBC) မှာ အမေရိကန် ဒေါ်လာ ၁၉ ဒေါ်လာ (ကျပ် ၁၉၀၀၀ ဝန်းကျင်) နဲ့ သြဂုတ်လ ၂၉ ရက်နေ့မှ စတင် ရောင်းချနေပြီလို့ MBC ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးသန့်သော်ကောင်းက ပြောပါတယ်။

The Face of Resistance စာအုပ်ကို ထိုင်းနိုင်ငံအခြေစိုက် မဲခေါင်စာပေ (Mekong Press) ကနေ မှာယူပြီး မြန်မာနိုင်ငံတွင်းက MBC စာအုပ်ဆိုင်ခွဲတွေမှာ ဖြန့်ဖြူး ရောင်းချသွားမှာ ဖြစ်သလို ဟိုတယ်တွေ၊ အခွန်ကင်းလွတ်ခွင့်ရဆိုင် (Duty Free Shop) တွေမှာလည်း ဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို ရည်စူးထားတဲ့ ဒီစာအုပ်ကို ဧရာဝတီ မဂ္ဂဇင်း တည်ထောင်သူနဲ့ အယ်ဒီတာဖြစ်သူ ကိုအောင်ဇော်က သူ့ရဲ့ နှစ်ပေါင်း ၂၀ ကျော် သတင်းသမားဘဝရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ ရေးသားထားတာပါ။

ကိုအောင်ဇော်ဟာ The New York Times, Foreign Policy, Time Magazine, Asian Wall Street Journal, The Guardian, Bangkok Post နဲ့ The Nation စတဲ့ သတင်းစာနဲ့ မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ၊ သုံးသပ်ချက်နဲ့ အယ်ဒီတာ့အာဘော်တွေ ရေးသားခဲ့ပြီး သတင်း အချက်အလက် လွတ်လပ်ခွင့်ကို မြှင့်တင် ဆောင်ရွက်ခဲ့လို့ နယ်သာလန်နိုင်ငံက Prince Clause Fund ဆု ကို ၂၀၁၀ တွင် ချီးမြှင့်ခံရပါတယ်။

ကိုအောင်ဇော်ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ ပထမဆုံးစာအုပ် ဖြစ်တဲ့ ဒီခေတ်ပြိုင် နိုင်ငံရေး သုံးသပ်ချက်စာအုပ်မှာ The Lady, The Comrades, The Unfinished Struggle ဆိုပြီး အဓိက အခန်းကြီး ၃ ခန်း ပါဝင်ပါတယ်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် အပြန်ခရီးနဲ့ အတူ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ ပါဝင်လာပုံ၊ သူ့ရဲ့ ဆယ်စုနှစ် ၂ ခုကြာ နေအိမ် အကျယ်ချုပ်နေခဲ့ရတဲ့ ဘ၀ အကြောင်းတွေကို The Lady အခန်းမှာ ဖတ်နိုင်မှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးမှာတော့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ပြန်လည် မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ခဲ့ပြီး အနိုင်ရကာ လွွှတ်တော်တွင်း ရောက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့အတူ သုံးသပ် တင်ပြချက်တွေ ပါဝင်ပါတယ်။

Silkworm Books က ဒီစာအုပ်ကို မိတ်ဆက်ထားတာမှာတော့ “ယခုအချိန်တွင် မြန်မာနိုင်ငံကို ဦးဆောင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အများစုက လိုလားနေကြသည်။ သို့သော်လည်း မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းမှ ကွဲပြားနေမှုများကို သူပြန်လည် စုစည်းယူရန် ဖြစ်နိုင်ပါမည်လား။ မြန်မာနိုင်ငံ၏ တော်လှန်သော မျက်နှာစာကို တည်ဆောက်ခဲ့သူများမှာ မည်သူတွေ ဖြစ်သနည်း။ သူတို့ မည်သည့်အတွက် တိုက်ပွဲဝင်ခဲ့ကြပါသနည်း။ ယခုကဲ့သို့ အကွဲကွဲအပြားပြား ဖြစ်နေသော အဖွဲ့များကို တဖွဲ့တည်းဖြစ်အောင် စုစည်းပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် လက်ရှိ စစ်အစိုးရကို မည်သို့ ကျော်ဖြတ်မည်နည်း” လို့ ညွှန်းထားပါတယ်။

The Comrades အခန်းမှာတော့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ကျောင်းသား လှုပ်ရှားမှုကြီးမှာ အထင်ကရ ပါဝင်ခဲ့ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ အဲဒီ လှုပ်ရှားမှုတွေအပေါ် သုံးသပ် အကဲဖြတ်ချက်တွေ ရေးသားတင်ပြထားပါတယ်။

ဆယ်စုနှစ် ၂ ခုကျော်ကြာအတွင်း မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ပုဂ္ဂိုလ်တွေအကြောင်းလည်း ခွဲခြမ်းစိပ်ဖြာထားပြီး အနာဂတ် မျိုးဆက်တွေ အကြောင်းလည်း အကြံပြုရေးသားထားပါတယ်။

နိုင်ငံတခု ပြန်လည် တည်ဆောက်ရေးမှာ မဖြစ်မနေ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူတွေ အကြောင်းလည်း ရေးသားဖော်ပြထားသလို သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေ အကြောင်းလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ်ဆိုတဲ့ ကာလ ၃ ပါးနဲ့ ချိတ်ဆက် တင်ပြ၊ သုံးသပ်ချက်တွေလည်း ဒီစာအုပ်မှာ ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ မိသားစုရဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုကြီးအပေါ် ထားရှိတဲ့ သဘောထားတွေနဲ့ လှုပ်ရှားမှုတွေ၊ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍတွေကိုလည်း သုံးသပ်တင်ပြထားပါတယ်။

နောက်ဆုံး အခန်း The Unfinished Struggle မှာတော့ ပြုပြင်ပြောင်းလဲရေးရဲ့ သင်္ကတအဖြစ် နိုင်ငံတကာ သတင်းမီဒီယာတွေကပါ အသိအမှတ်ပြုခြင်း ခံရတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေတွေအပေါ် သုံးသပ် တင်ပြချက်တွေလည်း ဒီစာအုပ်မှာ ဖတ်ရမှာပါ။

မြန်မာ့နိုင်ငံရေး အဓိက အခန်းကဏ္ဍမှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် သမ္မတဖြစ်နိုင်ခြေ ရှိ၊ မရှိ သုံးသပ်ချက်တွေကိုလည်း ဒီစာအုပ်မှာ ပါဝင်ပါတယ်။

စာရေးသူ ကိုအောင်ဇော်ရဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ ပြည်ပမှာ သတင်းမီဒီယာ လုပ်ငန်းတွေ လုပ်နေခဲ့ရင်းက ပြုပြင်ပြောင်းလဲရေး ကနဦးခြေလှမ်းတွေနဲ့ အတူ ပြည်တော်ပြန် အတွေ့အကြုံတွေ၊ အနာဂတ် မျှော်လင့်ချက်တွေကိုလည်း ဒီစာအုပ်က တဆင့် မြင်ရနိုင်ပါတယ်။

မြန်မာ့အရေး ပင်တိုင် ဆောင်းပါးများဖြင့် ဝေဖန်သုံးသပ်လေ့ရှိသူ နာမည်ကြီး သတင်းစာဆရာ ဘာတေးလစ်တနာက “ဤစာအုပ်သည် အမှန်အားဖြင့် မြန်မာနိုင်ငံ၏ အာဏာရှင် စနစ်ကို ခုခံခဲ့ခြင်း၏ မျက်နှာစာကို ဖော်ပြထားခြင်း ဖြစ်သည်။ အလွန် ကောင်းမွန်သည့် အရေးအသား ဖြစ်ပြီး မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေနှင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်သော ဒီမိုကရေစီအရေး အခက်အခဲများကို စိတ်ဝင်စားသူတိုင်း ဖတ်သင့်ပါသည်” လို့ ဖော်ညွှန်းထားပါတယ်။

“The Face of Resistance စာအုပ်ဟာ ခေတ်ပြိုင်မြန်မာ့သမိုင်းကို ခြေရာ ကောက်မိစေမယ့် စာအုပ်ကောင်း တအုပ်လည်း ဖြစ်သလို မြန်မာနိုင်ငံကို နိုင်ငံတကာက ချီးမွမ်းထောမနာပြုမှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံဟာ လွတ်လပ်မှုနဲ့ ဝေးကွာနေဆဲ ဖြစ်နေသေးတယ်ဆိုတာ တိုတိုရှင်းရှင်းနဲ့ အချိန်မီ သတိပေးထားသော စာအုပ်ဖြစ်ပါတယ်” လို့ မဲခေါင်စာပေရဲ့ စာအုပ်မိတ်ဆက်မှာ ဖော်ပြထားပါတယ်။

The Face of Resistance စာအုပ်ကို အမေရိကန် ပြည်ထောင်စုမှာ University of Washington Press ကနေ ဖြန့်ချိမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ စတင် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Loading