မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနား သြဂုတ်လ အတွင်း မြန်မာနိုင်ငံ လာရောက်စဉ် မိတ္ထီလာမြို့တွင် ပြည်သူတချို့က ကန့်ကွက်ဆန္ဒပြခဲ့သောကြောင့် ကင်တာနား၏ အခန်း ကဏ္ဍနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် စဉ်းစားသင့်ပြီဖြစ်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောဆို လိုက်သည်။
ဧရာဝတီ သတင်းဌာနက ပြည်သူတချို့၏ ကန့်ကွက်ဆန္ဒပြမှုများ ကြုံတွေ့နေရသော မစ္စတာ ကင်တားနားနှင့်ပတ်သက်ပြီး အစိုးရ၏ သဘောထား သိရှိနိုင်ရန် ဦးရဲထွဋ်ထံသို့ အီးမေးလ်ဆက်သွယ်မေးမြန်းရာတွင် ဦးရဲထွဋ်က မစ္စတာ ကင်တာနား ကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် တာဝန်ပေးစဉ်အချိန်ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ လူ့အခွင့် အရေး အခြေအနေ နှင့် ယခု ဒီမိုကရေစီ အသွင်ပြောင်း နေပြီဖြစ်သော လူ့အခွင့်အရေး အခြေအနေမှာ ကွာခြားချက် များ ရှိနေပြီ ဖြစ်သောကြောင့် ကင်တားနား၏ အခန်းကဏ္ဍကို ပြန်လည် သုံးသပ်သင့်ပြီ ဖြစ်ကြောင်း၊ လတ်တလော မြန်မာနိုင်ငံတွင် အမျိုးသား လူ့အခွင့်အရေးကော်မရှင်တခု ရှိလာပြီ ဖြစ်ပြီး ကော်မရှင် ဥပဒေကိုလည်း လွှတ်တော်တွင် ဆွေးနွေးနေပြီဖြစ်ကြောင်း ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။
”အစိုးရ ၊ လွှတ်တော်၊ ပြည်သူ၊ မီဒီယာအားလုံးက လူ့အခွင့် အရေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေကြပြီ။ ဒီအချိန်မှာ အစီရင်ခံစာ တင်သွင်းမယ့် ကိုယ်စားလှယ် လိုသေးလားဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။ ကင်တားနားကို တာဝန် ပေးထားတဲ့ သက်တမ်းကမကြာခင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။
ပြန်ကြားရေးဒုတိယဝန်ကြီးလည်းဖြစ်၊ သမ္မတပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ဦးရဲထွဋ်က ထိုသို့ပြောဆိုသော်လည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကမူ မစ္စတာကင်တားနားကြောင့် လူ့အခွင့်အရေး ကော်မရှင် ပေါ်ပေါက်လာရခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ၏ အခန်းကဏ္ဍမှာ လိုအပ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အတွင်းရေးမှူး ဦးစစ်မြိုင်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုကာလတွင် လူ့အခွင့်အရေးအခြေအနေတိုးတက်ရေးအတွက် ကုလသမဂ္ဂက တဖက် တလမ်းမှ ဝင်ရောက်တည့်မတ်ပေးနေပြီး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက် ဆုံးဖြတ်ချက်တိုင်းသည် မြန်မာနိုင်ငံ အပေါ် တိုက်ရိုက် သက်ရောက်မှု မရှိခဲ့သော်လည်း အချို့ကိစ္စများတွင် အစိုးရက အလေးအနက် ထား ဆောင်ရွက် အကောင်အထည် ဖော်ပေးခြင်းများ တွေ့ရကြောင်း ဦးစစ်မြိုင်က ဆိုသည်။ ”ကျနော်တို့ ကော်မရှင်ဖွဲ့လိုက်တာမျိုးပေါ့။ ကျနော်တို့ကော်မရှင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဖော်ထုတ် နိုင်လာတယ်။ ဝေဖန်နိုင်လာတယ်။ ကန့်ကွက် နိုင်လာတယ်။ ဒါတွေဟာ တိုးတက်မှုတွေ ဖြစ်လာတာ”ဟု ဦးစစ်မြိုင်က ဆိုသည်။
မစ္စတာကင်တားနားသည် အာဂျင်တီးနားနိုင်ငံသား လူ့အခွင့်အရေးရှေ့နေတစ်ဦး ဖြစ်ပြီး သူ့ကို ၂၀၀၈ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
မစ္စတာကင်တားနားမှာ သြဂုတ်လ ၁၁ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံ လာရောက်ခဲ့စဉ်က မြန်မာပြည်သူ တချို့၏ ကန့်ကွက် ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရသည့်အပြင် သမ္မတဦးသိန်းစိန် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့ကဲ့သို့သော နိုင်ငံ့ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် မရရှိခဲ့ကြောင်း သိရှိရသည်။
မစ္စတာ ကင်တားနားကမူ မြန်မာပြည်သူများအနေဖြင့် ၎င်း၏ လူ့အခွင့်အရေး လုပ်ငန်းဆောင်ရွက်ချက်များကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဘက်လိုက်စရာမရှိဘဲ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တင်ပြပေးခြင်းသာ ရှိကြောင်း၊ မြန်မာနိုင်ငံမှ အဖိနှိပ်ခံ လူ့အသိုင်းအဝိုင်းအတွက်၊ အားလုံးအကျိုးအတွက် ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် ဗီအိုအေ မြန်မာသတင်းဌာနသို့ သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ဖော် ပြောဆိုခဲ့သည်။
”ကျနော်ဟာ တောင်အမေရိကတိုက်သားပါ။ အာဂျင်းတီးနားနိုင်ငံသားပါ။ ကျနော် အာဂျင်းတီးနားမှာ မွတ်စလင်အသိုင်းအဝိုင်းလည်း မရှိပါဘူး။ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းလည်း မရှိပါဘူး။(အာဂျင်တီးနား နိုင်ငံတွင် ခရစ်ယာန် ၆၇ ရာခိုင်နှုန်း၊ အစ္စလမ် ၁ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာ ၁ ရာခိုင်နှုန်းသာ ရှိသည်) ဒါကြောင့် ကျနော့်အနေနဲ့ ဒီပြဿနာတွေမှာ တဖက်ဖက်ကို ဘက်လိုက်စရာအကြောင်း လုံးဝမရှိပါဘူး”ဟု မစ္စတာ ကင်တားနားက ဆိုသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲဖြစ်သောကြောင့် လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ အထူး အစီရင်ခံစာတင်သွင်းရန် လိုအပ်နေဆဲ ကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်သော ပညာပေး အစီအစဉ်များပါ အစိုးရက လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးအကျဉ်းသူဟောင်းတဦးလည်းဖြစ် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူလည်းဖြစ် မဇင်မာအောင်က ပြောသည်။
”အခုချိန်ထိ နိုင်ငံရေးအကျဉ်းသားလက်ကျန်တွေ ရှိနေတုန်းပဲ။ အသင်းအဖွဲ့ ဖွဲစည်းခွင့် ကိစ္စမျိုးတွေမှာ အငြင်းပွားစရာတွေ ရှိနေတုန်းပဲ။ နောက်တခုက အခြေခံဥပဒေက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေသေးတယ်”ဟု မဇင်မာအောင်က ဆိုသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် လူ့အခွင့်အရေး အခြေအနေမှာ တိုးတက်မှု ရှိလာသော် လည်း တရားဥပဒေစိုးမိုးမှု မရှိသေး သောကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲ ဖြစ်ကြောင်း ၊ စစ်တပ်က ကလေးစစ်သား အဖြစ် စုဆောင်းခြင်း၊ အသက်ပြည့်သူများကိုလည်း အတင်း အဓမ္မ စစ်တပ်ထဲသို့ ခေါ်သွင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ငွေရှင် ကြေးရှင်များက အာဏာပိုင်များနှင့် ပူးပေါင်း၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ဆင်းရဲမွဲတေမှုကြောင့် လူကုန် ကူးခံရခြင်း စသည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများစွာ ရှိနေသေးကြောင်း ပြည်တွင်းအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုကြသည်။