နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းအား ပြင်ဆင်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုနိုင်ပါက နိုင်ငံသား အစစ် မဖြစ်သူများသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ မဲပေးခွင့် ရရှိနိုင်တော့မည် မဟုတ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောသည်။
ထို ဥပဒေကြမ်းကို လွှတ်တော်၌ ဆက်လက် ဆွေးနွေးရန်ရှိပြီး အတည်ပြုနိုင်ပါက အဖြူရောင်ကတ်(ယာယီ သက်သေခံ လက်မှတ်)ဖြင့် နိုင်ငံရေး ပါတီ တည်ထောင်ထားသူများသည် ဥပဒေ ကြောင်းအရ ပယ်ဖျက်ခံရနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောသည်။
၎င်းက“လက်ရှိမှာ အဖြူရောင်ကတ် ကိုင်ထားသူတွေက မဲပေးခွင့်၊ ပါတီ ထောင်ခွင့်တွေပါ ရထားတယ်၊ တကယ်လို့ ဒီ ဥပဒေ ကို ပြင်ဆင်အတည်ပြုနိုင်ရင်တော့ နိုင်ငံသား တမျိုးကပဲ မဲပေးခွင့်၊ ပါတီ ထောင်ခွင့် ရတော့မှာပေါ့”ဟု ဆိုသည်။
“နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”အဆိုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပသော လွှတ်တော် အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
နိုင်ငံသား အစစ် မဟုတ်သူများသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာ တည့်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ နိုင်ငံ့သစ္စာ စောင့်သိခြင်း စသည်တို့ကို လိုက်နာပါမည် ဆိုသော်လည်း နိုင်ငံသား မဟုတ်သည့် အတွက် အပြည့်အ၀ ယုံကြည်၍ မရသေးကြောင်း၊ နိုင်ငံ၏ အမျိုးသား လုံခြုံရေးနှင့်အမျိုးသား အကျိုးစီးပွားကို အလေးထား စဉ်းစားရန် အရေးကြီးကြောင်း ဒေါက်တာ အေးမောင် က အဆိုတင်သွင်းစဉ် ပြောဆိုသည်။
၎င်းက“ပါတီထောင်တဲ့ သူတွေဟာ မွေးရာပါ နိုင်ငံသား မဟုတ်ရင်တောင် အနိမ့်ဆုံးအားဖြင့် ဥပဒေအရ နိုင်ငံသား ဖြစ်ဖို့လို အပ်ပါတယ်”ဟု ဆိုသည်။
ထိုအဆိုအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က ကန့်ကွက် သည့်အတွက် ဆွေးနွေးရန် သင့်မသင့် သြဂုတ်လ ၂၆ ရက်နေ့က မဲခွဲဆုံးဖြတ်ရာ အနိုင်ရခဲ့ကြောင်း၊ ကြံ့ခိုင်ရေးပါတီ၏ ကိုယ် စားလှယ် အများစုက ကန့်ကွက်ခဲ့သော်လည်း စစ်တပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ က ထောက်ခံ၍ ဆွေးနွေးရန် လွှတ်တော်က အတည်ပြုပေးခဲ့ကြောင်း ကိုယ်စားလှယ်များက ပြောသည်။
မြန်မာနိုင်ငံတွင် ဧည့်နိုင်ငံသား လက်မှတ်ကိုင်ဆောင်ထားသူ ဦးရေ သန်းချီ၍ ရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် စဉ်းစား ပေး သင့်ကြောင်း၊ ၎င်းတို့ကြောင့် နိုင်ငံတော်အာဏာကို မထိခိုက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်း ပြင်ဆင် ရေး အဆိုကို ကန့်ကွက်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဧရာဝတီ ကို ပြောသည်။
“ဧည့်နိုင်ငံသားကတ်ကိုင်ထားတဲ့ သူတွေ သန်းချီရှိနေတယ်၊ ဒီလူတွေကို ချောင်ပိတ်ထားလို့ တခုခု ထကြွလာရင် စစ်တပ်နဲ့ရဲကပဲ ဖြေရှင်းရမှာလေ၊ ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တာပဲ၊ ဒီလူတွေကြောင့် နိုင်ငံတော်အာဏာကို မထိခိုက်နိုင် ပါဘူး”ဟု ၎င်းက ဆိုသည်။
ထိုသူများအား အခွင့်အရေး ပေးသည့်အနေဖြင့် မဲပေးခွင့်၊ ပါတီထောင်ခွင့်၊ ရွေးကောက်ပွဲ ဝင်ခွင့် ပေးထားကြောင်း၊ ထို့ကြောင့် ပင် ယခုအခါ လွှတ်တော်ထဲ၌ ကိုယ်စားလှယ် ၃ ဦး ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဒေါက်တာ အေးမောင် ၏ အဆိုကို ဆွေးနွေးသည့် ရက်တွင်လည်း ကန့်ကွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးလှဆွေ က ဆိုသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) အရ “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မ ဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း” ဟူသည့် စာသား အစား “နိုင်ငံသား”ဟု အစားထိုး လိုက် ကြောင်း သြဂုတ်လ ၂၇ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ထို့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ တွင်ပါရှိသော နိုင်ငံရေး ပါတီတည်ထောင်လိုသူများသည် အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ် လိပ်စာ၊ မွေးသက္ကရာဇ်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင် အ မှတ်၊ ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသား ပြုခွင့်လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်” ဟူသည့် စာသားများ အစား “နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်”ဟု ပြောင်းလဲ ပြင်ဆင် သတ်မှတ်ကြောင်း သတင်းစာများ၌ ဖော်ပြထားသည်။
ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(က) တွင် ပါရှိသော “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း”ဆိုသည့် စကားရပ်အစား “နိုင်ငံသားဖြစ်ခြင်း”ဟု ပြင်ဆင်သင့်ကြောင်း ဒေါက်တာ အေးမောင်က အဆိုတင်ခဲ့ခြင်း ဖြစ်သည်။
နအဖ စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် ယင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ နိုင်ငံသား အစစ် မဟုတ်သူများသည်လည်း ပါတီ တည်ထောင်ခွင့်၊ မဲပေးပိုင်ခွင့် ရရှိထားသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် မိမိတို့ကိုယ် မိမိတို့ မည့်သည့်နိုင်ငံသားမှန်း မသိသူ ၅ သိန်းကို အဖြူရောင်ကတ် ထုတ်ပေး၍ မဲပေးခွင့်ပြုခဲ့သည်ဟု လူဝင်မှု ကြီးကြပ်ရေး ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ က လည်း မီဒီယာများကို ပြောဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်းမှ အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများသည် ၂၀၁၀ ရွေးကောက်ပွဲ၌ မဲပေးခွင့် ရခဲ့သည့်အပြင် ကြံ့ ခိုင်ရေး ပါတီကိုယ်စားပြုပြီး ပါဝင်အရွေးခံ၍ ပြည်ထောင်စု လွှတ်တော်အဆင့်၌ ကိုယ်စားလှယ် နေရာ ၃ နေရာ ရရှိခဲ့သည်။
ကြံ့ခိုင်ရေး ပါတီသည် ၎င်းတို့ပါတီ အနိုင်ရရေးအတွက် နိုင်ငံသားအစစ် မဟုတ်သူများကို အဖြူရောင်ကတ် ထုတ်ပေး၍ မဲပေး ခွင့် ပြုခဲ့သည့် အပေါ်တွင်လည်း လူအများက ဝေဖန်မှုများ ရှိနေသည်။