အရပ်ဖက် လူ့အဖွဲ့အစည်းများအား ကန့်သတ်ချုပ်ချယ်သည့် ဥပဒေဖြစ်နေသည်ဟု ဆိုကာ နယ်ပယ်အသီးသီးမှ အရပ်ဖက် လူ့အဖွဲ့ အစည်းများ ကန့်ကွက်ထားသည့် အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေကြမ်းကို ပြန်လည် ပြင်ဆင်ပေးမည်ဟု ကတိ ပေးထားသည့်အတိုင်း ယမန်နေ့ ပြည်သူ့လွှတ်တော်က ပြန်လည် ပြင်ဆင် ထုတ်ပြန်ကြေညာလိုက်သည်။
မူလက အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်း ဆိုသည့်အမည်ကို “အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ” ဟု ပြင်ဆင်ခဲ့ပြီး အသင်း အဖွဲ့များက ကန့်ကွက်ထားသည့် ပြစ်မှုနှင့် ပြစ်ဒဏ် အခန်းကိုလည်း ဖြုတ်ပယ်ပေးခဲ့သဖြင့် တောင်းဆို ထားချက်များ စုံလင်အောင် ပြင်ဆင်ပေးထားသည်ကို တွေ့ရကြောင်း ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နွယ်ဇင်ဝင်းက ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ မူလဥပဒေကြမ်းကို အသင်းအဖွဲ့များ၏ အကြံပေးချက် အတိုင်း ပြန်လည် ပြင်ဆင်ပေးခဲ့ခြင်းသည် အရပ်ဖက် လူမှု အဖွဲ့အစည်းများ ပိုမိုအားကောင်းစေပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုနိုင်ကြောင်းလည်း ဒေါ်နွယ်ဇင်ဝင်းက ဆိုသည်။
အခန်း ၁၀ ခန်းနှင့် အပိုဒ် ၂၆ ပိုဒ် ပါဝင်ပြီး ပြည်သူ့လွှတ်တော်က ပြဌာန်းလိုက်သည့် အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေ မူကြမ်းကို အများပြည်သူ သိရှိလေ့လာ အကြံပြုနိုင်ရန် အစိုးရ သတင်းစာများတွင် ဇူလိုင်လ ၂၇ ရက်နေ့က ဖော်ပြခဲ့ရာ၊ ယင်းဥပဒေသည် အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ သဘောထား အကြံဉာဏ်ကို ရယူခြင်း မရှိသဖြင့် လက်တွေ့ အကောင် အထည် ဖော်ရာတွင် လိုက်နာကျင့်သုံးနိုင်မည် မဟုတ်သည့်အပြင်၊ ကောင်းကျိုးထက်၊ ဆိုးကျိုးဘက်သို့ ဦးတည် သွားနိုင်ကြောင်း အရပ်ဖက် လူ့အဖွဲ့အစည်းများက ထုတ်ပြန် ကန့်ကွက်ခဲ့သည်။
ထို့ကြောင့် သြဂုတ်လ ၁၅ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်တွင် မြန်မာနိုင်ငံ အနှံ့အပြားမှ အရပ်ဖက် လူ့အဖွဲ့အစည်း ၂၀၀ ကျော် စုပေါင်း ဖွဲ့စည်းထားသည့် ကွန်ရက်များ၏ ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့ရေးရာ ကော်မတီဝင်များ၏ အသင်းအဖွဲ့ ဥပဒေ မူကြမ်းနှင့် သက်ဆိုင်သော အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိသည့် အချက်များနှင့် ပတ်သက်၍ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဥပဒေပြုရေး ကော်မတီတို့ ထပ်မံ တွေ့ဆုံ ဆွေးနွေးခဲ့ရာ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ ပြုပြင်ပေးစေ လိုသည့် အချက်များ၊ ထည့်သွင်း လိုသည်များကို ထပ်မံဖြည့်စွက် ဆွေးနွေးပေးသွားရန် ကော်မတီမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဗိုလ်မှူးကြီးေဋ္ဌးနိုင်က ကတိပေးခဲ့သည်။
သူက “သူတို့ပေးထားတဲ့ ကတိတည်တယ်။ နောက်လာမယ့် လွှတ်တော်မှာ တင်ပေးမယ်လို့ ပြောပါတယ်။ ကျမတို့က ဒီ ဒုတိယ မူကြမ်းကို သတင်းစာထဲမှာ ထည့်ပေးဖို့ တောင်းဆိုထားပေမယ့် သူတို့က ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်မှာပဲ ထည့်ပေးမယ်လို့ ပြောပါတယ်။ မီဒီယာ တွေကနေ တဆင့် ပြန့်နှံ့သွားပါလိမ့်မယ်လို့ ပြောပါတယ်” ဟု ပြောသည်။
ပထမ မူကြမ်းတွင် အသင်းအဖွဲ့ မှတ်ပုံတင်ကြေး ပမာဏထက် ယခု ထုတ်ပြန်လိုက်သော မူကြမ်းတွင် ၁၀ ဆ အထိ လျှော့ချပေးထား သည်ကိုလည်း တွေ့ရပြီး မှတ်ပုံတင် သက်တမ်းတိုးခြင်း များအတွက် မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် ပေးလိုက်သည်။ အလားတူ ယခင်က မဖြစ်မနေ မှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းထားရာမှ ယခုတွင် အသင်းအဖွဲ့များသည် မိမိ သဘောဆန္ဒ အလျှောက် မှတ်ပုံတင် လျှောက်ထား နိုင်ကြောင်းလည်း ပြင်ဆင် ဖော်ပြထားသည်။
ထို့အပြင် ဖွဲ့စည်းခွင့် လက်မှတ်မရှိဘဲ ရပ်တည်လှုပ်ရှား ဆောင်ရွက်ပါက ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၅ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ခံရမည် ဆိုသည့် ပြစ်မှုနှင့် ပြစ်ဒဏ် အခန်းအစား၊ မှတ်ပုံတင်ပါက မည်သို့ အကျိုးခံစားခွင့်များ ရှိသည်ဆိုသည့် အခန်းကို ပြောင်းလဲ ရေးဆွဲပေးထားသည်ကို တွေ့ရသည်။
ယခင် ဥပဒေတွင် မပါဝင်ခဲ့ဘဲ ယခု ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည့် အချက်တို့မှာ ကျောင်းသားသမဂ္ဂများ၊ ကလေး သူငယ်အသင်း အဖွဲ့များနှင့် ပတ်သက်သည့် သတ်မှတ်ချက်တို့ ဖြစ်သည်။ ယင်းမှာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ကျောင်းများ တွင် ဖွဲ့စည်းထားရှိသော ကျောင်းသား သမဂ္ဂများသည် ကျောင်း ပရဝုဏ်အတွင်း လှုပ်ရှား ဆောင်ရွက်မှုများ အတွက် မှတ်ပုံ တင်ရန် မလိုအပ်ဘဲ၊ ကျောင်းပရဝုဏ် ပြင်ပ လှုပ်ရှားမည် ဆိုပါက မှတ်ပုံတင်ရမည် ဖြစ်ကြောင်း၊ ကလေးသူငယ် အသင်းအဖွဲ့ များသည်လည်း ဤဥပဒေအရ မှတ်ပုံတင်ရန် မလိုဘဲ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်သော ဥပဒေများနှင့် အညီသာ မှတ်ပုံတင်ရမည် ဖြစ်ကြောင်း စသည့် အချက်များ ဖြစ်သည်။
ထို့အပြင် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/ ၈၈ အရ မှတ်ပုံတင်၍ ဖွဲ့စည်း ထားသော အသင်းအဖွဲ့ များကိုလည်း ဤဥပဒေနှင့် အညီ ဖွဲ့စည်းထားသည်ဟု မှတ်ယူရမည် ဖြစ်ကြောင်းလည်း ဖော်ပြ ထားသည်။
ပြန်လည် ပြင်ဆင်လိုက်သော ဒုတိယဥပဒေ မူကြမ်းအား အသေးစိတ် လေ့လာလိုပါက ဤနေရာတွင် လေ့လာနိုင်ပါသည်။