မြန်မာ-အမေရိကန် ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်တို့ ဆွေးနွေးကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်ကြီးတို့သည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ၂ နိုင်ငံ တပ်မတော် ဆက်ဆံရေး တိုးမြှင့်ရေးအပါအဝင် အချက် ၅ ချက်ကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ကြေညာသွားသည်။
“မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ ဒီမိုကရေစီ အရေးတွင် တပ်မတော်၏ အရေးပါမှုများ၊ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်”ဟု MRTV က ဆိုသည်။
ယခုကဲ့သို့ အမေရိကန်သံအမတ်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုသည် မကြာသေးခင်က အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ အရှေ့တောင် အာရှဆိုင်ရာ အမေရိကန်၏ စစ်ရေး အသုံးစရိတ်မြှင့်တင်သွားမည်ဟု ကြေညာပြီး နောက် တွေ့ဆုံမှုလည်း ဖြစ်သည်။
ထို့အပြင် နေပြည်တော်၌ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ ၂ ရက်ကျင်းပသော အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ လေ့လာရေးဌာန(DIILS) နှင့် မြန်မာ့ တပ်မတော် တို့၏ ဥပဒေရေးရာ ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော် အရာရှိ ၂၀ တက်ရောက်ခဲ့ပြီး အမေရိကန် ရေတပ်မတော် အရာရှိ မစ္စတာ ရောဘတ် ဆန်းဒါစ်နှင့် အဖွဲ့က စစ်ဘက်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ၊ စေ့စပ်ညှိနှိုင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဌာနချုပ်၏ တာဝန်နှင့် ဝတ္တရားများ အကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် သြဂုတ်လ ၂၈ ရက်နေ့က ဘရူနိုင်း နိုင်ငံတွင် ကျင်းပနေသော အာဆီယံနိုင်ငံ ကာကွယ်ရေး ဝန်ကြီးများနှင့် အမေရိကန် အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ရုရှား နိုင်ငံတို့မှ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး ပြင်ပတွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး မစ္စတာ ချာ့ခ် ဟေဂဲလ်နှင့် မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြသည်။
ယင်းတွေ့ဆုံမှုသည် ပြုပြင်ပြောင်းလဲမှု၏ လက္ခဏာတခုဖြစ်ပြီး အိုဘားမား အစိုးရကလည်း အလွန် အပေါင်းလက္ခဏာ ဆောင်သည့် မြန်မာနှင့် ထိတွေ့ဆက်ဆံမှုဖြစ်ကြောင်း၊ မြန်မာ့အပြောင်းအလဲနှင့် လူအခွင့်အရေး တိုးတက်မှုကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် အကြီးတန်း အရာရှိတဦး ကို ကိုးကား ၍ ဖော်ပြထားသည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် လာမည့်နှစ် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မည့်အပေါ် ထောက်ခံကြောင်းနှင့် ကျင်းပရန်ရှိသည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ ဆွေးနွေးပွဲကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း မစ္စတာ ဟေဂဲလ်က ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာန က ဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ရေးသည်လည်း အရေးကြီးကြောင်း၊ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဆက်လက် အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း မစ္စတာ ဟေဂဲလ်က ဒု ဗိုလ်ချုပ်ကြီး ဝေလွင် ကို ပြောဆိုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာ ဂျော့ လစ်တဲလ် က ပြောဆိုထားသည်။
ယခုကဲ့သို့ မြန်မာ-အမေရိကန် စစ်ဘက် ဆက်ဆံရေး သိသိသာသာ ပြောင်းလဲလာသည့်အပေါ် မြန်မာ့တပ်မတော် အနေဖြင့် လိမ္မာပါးနပ်မှု ရှိလျှင် အကျိုးများနိုင်ကြောင်း၊ တရုတ်၊ ရုရှား၊ အမေရိကန်တို့ ကြားတွင် မြန်မာက ကစားနေခြင်းကို အမေရိကန်က ကောင်းစွာ သိကြောင်း အမေရိကန် တွင် နိုင်ငံရေးခိုလှုံခဲ့သည့် မြန်မာ့ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီကို ပြောသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကလည်း “ဒီနောက်ပိုင်းမှာ သမ္မတတို့ လွှတ်တော် ဥက္ကဋ္ဌတို့က အမေရိကန်ကို သွားနေတုန်းမှာ ကာကွယ်ရေး ဦးစီးချုပ်က ရုရှား ကို သွားတယ်။ ဒါတွေဟာ သတိထားရမယ့် အခင်း အကျင်းတွေလို့ ကျနော်မြင်တယ်”ဟု ပြောသည်။