မလေးရှားနိုင်ငံတွင် အထောက်အထား မပြည့်စုံသော တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို တနိုင်ငံလုံး အတိုင်း အတာဖြင့် ဖမ်းဆီးအရေးယူမည့် စီမံချက် စတင်နေပြီဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများထံမှ သိရသည်။
တနိုင်လုံး အတိုင်းအတာဖြင့် စီမံချက်စတင်မည့် နေ့မှာ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်မည်ဟု မလေးရှားအစိုးရဘက် မှ ကြေညာထားသော်လည်း သြဂုတ်လ ၂၆ ရက်နေ့ကတည်းက တချို့မြို့များတွင် ဖမ်းဆီးနေပြီဖြစ်ကြောင်း၊ မလေးရှား ဘာသာဖြင့် ကြေညာသော ရုပ်မြင်သံကြားလိုင်း TV 2 မှ သြဂုတ်လ ၂၇ ရက်နေ့က တရားမဝင် လုပ်သားပေါင်း ၂၀၀ ကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ကြေညာခဲ့သည်ဟု မလေးရှားနိုင်ငံ ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ နိုင်ငံတကာရေးရာ တာဝန်ခံ ကိုအောင်ကြီးက ဧရာဝတီသို့ ပြောသည်။
“ဒီနေ့နဲ့ဆို ၄ ရက်ရှိသွားပြီ။ ပီနန်း၊ ပါတာဝက်ပ် တို့မှာ ဖမ်းတယ်။ သူတို့က ဘာမှ အထောက်အထား မပြည့်စုံတဲ့ လူတွေကို ဖမ်းမယ်။ ကုလသမဂ္ဂ ဒုက္ခသည်များရောရာ UNHCR က တာဝန်ရှိသူတွေလည်း ပါမယ်၊ ဒုက္ခသည် ကဒ်တွေပါ ဖမ်းပြီး အတုလား၊ အစစ်လား ဆိုတာ ကြည့်တယ်။ အစစ်ဆိုရင် ပြန်လွှတ်ပေးတယ်” ဟု ၎င်းကဆိုသည်။
ဖမ်းပြီးနောက် ရဲစခန်းသို့ ပို့လိုက်ပြီးနောက် မှတ်တမ်းတင်ကာ တရားမဝင်နေထိုင်သူများကို ထိန်းသိမ်းသည့် လူဝင်မှုကြီး ကြပ်ရေး စခန်းသို့ ပို့ကြောင်း၊ ထို့နောက် ဥပဒေအရ ထောင်ဒဏ် အပြစ်ပေးကြောင်း၊ ပြစ်မှုအလိုက် ထောင်ဒဏ် ၃ လမှ ၁ နှစ်အထိ ပြစ်ဒဏ်ပေးကြောင်း ၎င်းက ဆက်ပြောသည်။
မလေးရှားနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ်များကို လက်ဝယ်မကိုင်ဆောင်ရဘဲ လုပ် ငန်းရှင်များမှ သိမ်းယူထားလေ့ရှိသည့်အတွက် တရားဝင်နေထိုင်သော်လည်း အထောက်အထား မပြည့်စုံမှုကြောင့် အဖမ်းခံရသူများကို သက်ဆိုင်ရာ လုပ်ငန်းရှင်များထံသို့ အကြောင်းကြားလေ့ရှိကြောင်း၊ လုပ်ငန်းရှင်များမှ
မလေးရှားငွေ ရင်းဂစ် ၁ ထောင်ဝန်းကျင်ဖြင့် ရက်သတ္တပတ် တပတ်အတွင်း လာရောက်ပြန်ရွေးရကြောင်း၊ ထိုစိုက်ထုတ်ထားသော ငွေများကို အလုပ်သမားများထံမှ ပြန်လည်ဖြတ်တောက်တတ် ကြောင်း ကွာလာလမ်ပူမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်နေသူ ကိုအောင်မျိုးဝင်းက ဧရာဝတီသို့ ပြောသည်။
ပြန်လည်ရွေးမည့် လုပ်ငန်းရှင်မရှိလျှင် အဆိုပါ တရားမဝင် အလုပ်သမားများအဖြစ် သတ်မှတ်ပြီးတရားရုံးတင် ထောင်ဒဏ် အပြစ်ပေးလေ့ရှိကြောင်း၊ သဘောကောင်းသော လုပ်ငန်းရှင်တချို့က ရဲစခန်းမှ ပြန်ရွေးခဲ့ရသော ငွေကို အလုပ်သမားများထံမှ မဖြတ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မြန်မာပြည် ပြန်ပို့ဖို့ဆိုတာက တရားဝင်ထောင်ဒဏ် ခံပြီးလို့ ထိန်းသိမ်းရေးစခန်းတွေ ပြန်ပို့လိုက်တော့မှ ဖြစ်နိုင်တာ။ အဲဒီ စခန်းမှာ သံရုံးက ပြန်မယ့်သူတွေကို စာရင်း လာကောက်တယ်။ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာကလည်း ဒုက္ခသည် အမည်ခံ မယ့်သူတွေကို စရင်းကောက်ပြီး ဒုက္ခသည် ကဒ်ထုတ်ပေးတယ်။ ထိန်းသိမ်းရေးစခန်းတွေမှာက အပြင်ဘက်ကို ဖုန်းဆက်လို့ရတော့ ပြန်ချင်တဲ့သူတွေက သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိသားစုတွေဆီကပဲဖြစ်ဖြစ် လေယာဉ်လက်မှတ်တို့၊ ပြန်ဖို့ ကုန်ကျမယ့်စရိတ်ကို ပြန်တောင်းပြီး
ပြန်ရတာ” ဟု ကိုအောင်ကြီးက ဆိုသည်။
ယခု ဖမ်းဆီးရေး အစီအစဉ်တွင် တရားမဝင် အလုပ်သမားများ အများဆုံးရှိသည်ဟု သတ်မှတ်ထားသောနေရာများ ဖြစ်သည့် ကွာလာလမ်ပူ ၊ ဆလန်းဂေါ ၊ ပီနန်၊ ဂျိုဟိုး စသည့်နေရာများကို အဓိကထား စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ တရားမဝင် အလုပ်သမားများကို အလုပ်ပေးထားသည့် အလုပ်ရှင်များကိုလည်း မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေ Migrants Act 2007 အတိုင်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင် တရားမဝင်နေထိုင်သူများအတွက် ပြန်လည်မှတ်ပုံတင်ရန် ဆောင်ရွက်ပေးခဲ့သော စီမံချက်(6P) ဆောင်ရွက်စဉ်က မှတ်ပုံတင်ထားသော်လည်း တရားဝင်လာရောက် ဆောင်ရွက်ခြင်း မရှိခဲ့သောသူများကို အဓိကထား ဖမ်းဆီးခြင်းဖြစ်ပြီး 6P စီမံချက်တွင် တရားဝင်ဆောင်ရွက်ထားသော သူ ၂ သန်းကျော်အတွင်းခန့်မှန်းခြေ ၁.၃ သန်းမှာ စာရွက်စာတမ်း မပြည့်စုံသူများဖြစ်သည်ကို တွေ့ခဲ့ရကြောင်း၊ ထိုသူများထဲမှာ ၅ သိန်းကျော်ကို တရားဝင်ပါမစ်များထုတ်ပေးခဲ့ပြီး ကျန်သည့် ၃သိန်း ၃ သောင်းကျော်မှာ ယနေ့ထိ တရားဝင်ပါမစ် အတွက်မဆောင်ရွက်သေကြောင်း မလေးရှား အစိုးရက ကြေညာထားသည်။
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင် လုပ်ကိုင်နေသူ အများစုမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဗီယက်နမ်နှင့် နီပေါနိုင်ငံသားများလည်း ရှိကြောင်း၊ အဆိုပါ ဖမ်းဆီးရေး စီမံချက်ကို ၃ လအထိ ဆက်တိုက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ကွာလာလမ်ပူမြို့၊ ဆွမ်ကိုင်းပလို့စ်ရပ်ကွက်တွင် နေထိုင်သူ ကပုန်းနာရေး ကူညီမှုအသင်းမှ ကိုကောင်းထက် က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့နေရာမှာ ညဘက်အပြင်မထွက်ကြဖို့ ကျနော်တို့နဲ့ သိတဲ့သူတွေကို ပြောထားတယ်။ တပတ်ကို ၂ ခေါက် လောက် လာဖမ်းတယ်။ ကျနော့်ရပ်ကွက်က ငါးကန်နားမှာ လာဖမ်းတုန်းက ဘင်္ဂလားနဲ့ မြန်မာတွေ ပါသွားတာကိုတွေ့ရတယ်။ မြန်မာ ၃ ယောက်လောက် ပါသွားတာတွေ့လိုက်တယ်။ ကျနော်တို့ဘက်မှာ တရားမဝင်မြန်မာတွေက ၃၅ လောက်အထိ ရှိမယ်။ စက်ရုံတရုံမှာ တရားမဝင်မြန်မာအလုပ်သမားက အနည်းဆုံး ၃ ယောက်လောက်အထိ ရှိနေတာ” ဟု ၎င်းက ဆိုသည်။
ယခုလို ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို မြန်မာသံရုံးဘက်မှ ကူညီဆောင်ရွက်ပေးမှုများကို မတွေ့ရသေးကြောင်း၊ မလေး ရှားနိုင်ငံအတွင်း လူမျိုးရေး ပဋိပက္ခဖြစ်စဉ်အချိန်က ပြန်ချင်သူများအတွက် ပြုလုပ်ပေးသော CI လက်မှတ်များကိုလည်း ထုတ်ပေးမှု ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
သို့ရာတွင် မလေးရှားနိုင်ငံတွင် မလေးရှားဥပဒေအရ ကျင့်သုံးရသည့်အတွက် သံရုံးအနေဖြင့် တရားမဝင်နေထိုင်သူများကို ကာကွယ်ပေးရန်မှာ ဖြစ်နိုင်ချေနည်းပါးကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Aman Nilai Enterprise လုပ်ငန်းမှ ဦးအောင်သန်းညွန့်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဂျိုဟိုးက ၄ ရပ်ကွက်လောက်တော့ ဖမ်းမယ်ကြားတယ်။ ဂျိုဟိုးဂျာယား၊ ပလန်တုံး စတဲ့ တရားမဝင် အလုပ် လုပ်နေကြတဲ့သူများတဲ့ ရပ်ကွက်တွေမှာ လုပ်မယ်ကြားတယ်။ ကျနော်တို့နေတဲ့ ဘက်မှာတော့ တရားဝင်နေတဲ့သူများ တော့ အခုထိ ဖမ်းတာမျိုး မတွေ့ရသေးဘူး” ဟု မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာကူးမြို့၊ ထီစာချမလမ်းရပ်ကွက်တွင်နေထိုင်နေသည့် ကိုဇေယျာလင်းက ဧရာဝတီသို့ ပြောသည်။