Development

ကြွေးကြော်သံ ဆိုင်းဘုတ်တွေကြား ပိတ်မိနေတဲ့ မြန်မာပြည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ မေလ ရန်ကုန်ခရီးစဉ်အတွင်း ထူးထူးခြားခြား သတိပြုမိတဲ့အထဲမှာ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ၊ အဆိုအမိန့်တွေ သိပ်များတဲ့ကိစ္စလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ကျနော်ရောက်ခဲ့ဖူးတဲ့ တခြားနိုင်ငံ တွေမှာလည်း ဆိုင်းဘုတ်တွေ တင်ထားတာ တွေ့မိပေမယ့် မြန်မာနိုင်ငံလောက် မများဘူးလို့ ထင်မိပါတယ်။ ဒဿနပညာရှင်တွေ၊ ဘုန်းတော်ကြီးတွေ၊ ဘယ်သူပြောသွားမှန်း မသိတဲ့ အဆိုအမိန့်တွေကို ဆိုင်နံရံ၊ အိမ်နံရံတွေမှာ ကပ်တာကတော့ သေချာပေါက် မြန်မာတွေ အများဆုံးလို့ ကျနော်ပြောနိုင်ပါတယ်။

သူဟာသူ ဆိုင်းဘုတ်ပဲတင်တင်၊ အဆိုအမိန့်တွေပဲ နံရံမှာကပ်ကပ် ခင်ဗျားအပူ ပါသလားလို့ မေးရင်လည်း ခံရမှာပါပဲ။ ဒီလိုပါ။ တခြားနိုင်ငံ အတော်များများမှာတွေ့ရတဲ့ ဆိုင်းဘုတ်တွေက မရှိမဖြစ် တပ်ရမယ့် လမ်းညွှန်ဆိုင်းဘုတ်တွေက အများစုဖြစ်ပြီး ပိုက်ဆံရမယ့် ကြော်ငြာဆိုင်းဘုတ်တွေက ဒုတိယ နေရာမှာရှိတာကို သတိပြုမိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက အဲဒီ ၂ မျိုးအပြင် နောက်တိုးတမျိုးကိုပါ ထူးထူးခြားခြား တွေ့ခဲ့ရလို့ပါ။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

“မြို့ရွာများ အမြန် ခေတ်မီဖွံ့ဖြိုးတိုးတက်ရမည်”၊ “သင့်မြို့ သန့်ရှင်း သာယာလှပရမည်”၊ “ခတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့” စသဖြင့် မြိ့ုလယ်က မြေစိုက်ပိုစတာတွေကို တွေ့ရတော့ ကြွေးကြော်သံလား၊ ဆုတောင်းစာလား သိပ်မကွဲပြားလှ။ လွန်ခဲ့တဲ့နှစ်ပိုင်းတွေ အတွင်းကတော့ “ခေတ်မီ ဖွံ့ဖြိုးသော နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ ပိုစတာကို ရန်ကုန်လေဆိပ်အနီး ထောင်မိတဲ့အတွက် လေယာဉ်စီးပြီး နိုင်ငံခြားထွက်သွားရင် ခေတ်မီဖွံံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဆီ ရောက်သွားတာကို ဆိုလိုတယ်ဆိုပြီး ဟာသလုပ်ခံခဲ့ရဖူးပါတယ်။

ဒါတောင် စစ်တပ်ရဲ့ ကြွေးကြော်သံတွေဖြစ်တဲ့ “တပ်မတော်သာအမိ တပ်မတော်သာအဖ”၊ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်”၊ “တပ်မြေ မကျုးကျော်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေ မပါသေး။ ဘာအတွက် ဒီဆိုင်းဘုတ်တွေ၊ ဒီ ပိုစတာတွေ စိုက်ထားတာလဲ၊ ဒီအတွက် ဘယ်က ဘဏ္ဍငွေကို သုံးသလဲ၊ ကုန်ကျစရိတ်နဲ့ ရတဲ့အကျိုးအမြတ် ကိုက်ပါရဲ့လား။

ကန့်သတ်ဘောင်ထဲမှာ နေခဲ့စဉ် ကာလတွေတုန်းကတော့ ဒါတွေဟာ နေ့စဉ်မြင်နေကျ ရိုးနေပြီမို့ အသေအချာ တခါမှ မစဉ်းစားမိပါ။ ဒါပေမယ့် အခု ဧည့်သည်တဦးအဖြစ် ပြန်လာတဲ့အခါမှာတော့ ဒီမြင်ကွင်းတွေက ကျနော့် မျက်စိထဲမှာ တကယ့်ကို ကိုးယိုးကားယား။ နဝတ ခေတ်က လူသိများလှတဲ့ “မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းစေရမည်” ဆိုတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်ကို သွားသတိရမိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကမ္ဘာကိုလွှမ်းဖို့ နေနေသာသာ အရှေ့တောင်အာရှမှာတောင် စံချိန်မီအောင် မနည်းကြိုးစား နေရဆဲ ဖြစ်ပါတယ်။

သဘာဝမကျတဲ့ ကြွေးကြော်သံတွေကို နဝတ ခေတ်မှာ တင်ခဲ့တာကို ထားလိုက်ပါတော့။ အခုက ဒီမိုကရေစီခေတ်လေ။ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာသူတွေ အုပ်ချုပ်နေတဲ့ခေတ်လို့ ပြောနေကြတယ် မဟုတ်လား။ လက်တွေ့မကျတဲ့ ဒီလိုကြွေးကြော်သံတွေ ဘာလို့ ဆက်တင်နေသေးတာလဲ။ စနစ်ဟောင်းကနေ စနစ်သစ်ဆီ ပြောင်းသွားတယ် ဆိုပေမယ့် အရင်လူဟောင်းတွေနဲ့ အခုလူသစ်တွေ တွေးပုံ ခေါ်ပုံ စဉ်းစားပုံ Mindset က အတူတူဖြစ်နေဆဲဆိုတဲ့ သဘောလား။

နောက်တချက်က ကြွေးကြော်သံကို ဒီလို ပိုစတာအဖြစ်နဲ့ မြို့လယ်မှာ ထောင်တာဟာ ဟန်ပြသက်သက်လား၊ တကယ့်ရည်မှန်းချက်လား။ တကယ်လို့ ဒီကြွေးကြော်သံတွေဟာ ရည်မှန်းချက် ဖြစ်တယ်ဆိုရင် အဲဒီ ရည်မှန်းချက်ကို ရောက်အောင် ဘယ်လိုသွားမယ်ဆိုတဲ့ စီမံကိန်းမျိုး ဆိုင်းဘုတ်တင်သူ၊ မြေစိုက် ပိုစတာ ထောင်သူတွေမှာ ရှိပါရဲ့လား။ “ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့” ရောက်အောင် ဘယ်လိုမျိုး အဆင့်ဆင့် လုပ်ကြမလဲ။ ဒါက ဝေးပါသေးတယ်။ ဓာတ်ပုံထဲမှာပါတဲ့ “သင့်မြို့ သန့် ရှင်းသာယာလှပေအောင် ဘယ်လိုမျိုးလုပ်မလဲ”။ မြို့သူမြို့သားတွေကို အပတ်စဉ် စနေနေ့တိုင်း လုပ်အားပေး ခေါ်ခိုင်းမလား၊ စည်ပင်ဝန်ထမ်း တိုးခန့်ရေးအတွက် လွှတ်တော်မှာ ဘတ်ဂျက် တင်တောင်းမလား၊ လုပ်အားပေး မခေါ်ဘဲ စက်ယန္တယားနဲ့ လုပ်နိုင်ဖို့ နိုင်ငံခြားကနေ စက်တွေ တင်သွင်းမလား။ ဘယ်လိုလုပ်မှာလဲ။ လက်တွေ့လုပ်မယ့် နည်းနာပိုင်း လိုနေပါတယ်။

သေချာတာကတော့ ဆိုင်းဘုတ်ထောင်လိုက်ရုံ၊ ပိုစတာ စိုက်လိုက်ရုံနဲ့တော့ ကိုယ်နေတဲ့မြို့က အလိုအလျှောက် သန့်ရှင်းလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုင်းဘုတ်ပေါ်က စာသားတွေအရဆိုရင် ဒီလို ဆိုင်းဘုတ် ထောင်လိုက်တာနဲ့ မြို့က အလိုလို သန့်ရှင်းသွားမယ့် သဘောမျိုး ဖြစ်နေပါတယ်။ ကျနော်တို့ တောရွာတွေမှာ တွေ့ရလေ့ရှိတဲ့ “ကြွက်ရောင်းရန်ရှိသည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ပြေးမြင်မိပါတယ်။ အဲလို ဆိုင်းဘုတ်တင်လိုက်ရင် ကြွက်တွေကြောက်လန့်ပြီး ပြေးလွှားပျောက်သွားတယ်လို့ ကျေးလက်နေသူ တချို့က ယုံကြည်ကြပါတယ်။ ဒါဆိုရင် “သန့်ရှင်းသာယာလှပရမည်” လို့ ဆိုင်းဘုတ်တင်လိုက်ရုံနဲ့ အမှိုက်တွေက ကြောက်လန့်ပြီး ပြေးလွှား ပျောက်ကွယ်သွားမှာလား။ တကယ်ဆိုရင် “သင့်မြို့ သန့်ရှင်းသာယာလှပရေး အတွက် သင့်မှာတာဝန်ရှိသည်” ဆိုရင်တော့ မဆိုသေး။ ဆိုင်းဘုတ်ထောင်တဲ့ ဟန်ပြတာဝန်အပြင် သန့်ရှင်းရေးလုပ်ဖို့ လက်တွေ့တာဝန်လည်း ရှိသေးတယ်ဆိုတာကို သိစေနိုင်ပါတယ်။

ဒါက မြို့လယ်ခေါင်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ စိုက်ထားတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တွေ ကိစ္စပါ။ ဂုဏ်ယူဖွယ်မဟုတ်တဲ့ လမ်းကြိုလမ်းကြားက ဆိုင်းဘုတ်တွေလည်း အများကြီး ရှိပါသေးတယ်။ အမှိုက်မပစ်ရ၊ ကွမ်းတံတွေး မထွေးရ၊ ယာဉ်မရပ်ဆိုတဲ့ ဆိုင်းဘုတ်မျိုးတွေပေါ့။ ဒါပေမယ့် ခက်တာက အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်က အမှိုက်ပုံဘေးမှာ ဖြစ်နေတာမျိုး၊ ကွမ်းတံတွေး မထွေးရဆိုတဲ့ ဆိုင်းဘုတ်မှာ ကွမ်းတံတွေး ပေနေတာမျိုးတွေ တွေ့ရတဲ့အခါမှာတော့ ဒီဆိုင်းဘုတ်တွေကရော အလုပ်ဖြစ်ရဲ့လားလို့ စဉ်းစားစရာဖြစ်လာစေပြန်ပါတယ်။

ပြီးတော့ များလိုက်တဲ့ အဆိုအမိန့်တွေ။ ရန်ကုန်မြို့လယ်က စားသောက်ဆိုင် နံရံတွေ၊ အိမ်နံရံတွေမှာ ပြည့်လို့။ ဘာသာရေးနဲ့ဆိုင်တဲ့ အဆိုအမိန့်တွေကိုတော့ ထားလိုက်ပါတော့။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ”၊ “လူသာလာပါ ပြသာနာ ခေါ်မလာပါနှင့်”၊ စသဖြင့် စာတန်းတွေဟာ ဘယ်လို အဓိပ္ပာယ်ကို ဆောင်ပါသလဲ။ အရင် မြန်မာပြည်ထဲမှာ နေစဉ်ကတော့ နေရာတိုင်းလိုလိုမှာ တွေ့နေကျမို့ ဘာမှ မစဉ်းစားဖြစ်ပေမယ့် အခု ဧည့်သည်တဦးအဖြစ်နဲ့ သေချာဖတ်ကြည့်တော့ Negative သဘော၊ မိတ်ဆွေ မဆန်တဲ့သဘော၊ ရန်လိုတဲ့သဘော၊ Welcome မဆန်တဲ့ သဘောမျိုးတွေများ ပါနေသလားလို့ ထင်စရာဖြစ်လာခဲ့ပါတယ်။

ဆိုင်းဘုတ်နဲ့ အဆိုအမိန့်တွေအပြင် ဘာမလုပ်ရ၊ ညာမလုပ်ရဆိုပြီး တားမြစ်ထားတဲ့ စာတန်းတွေကိုလည်း ရန်ကုန်မှာ အများကြီး တွေ့ခဲ့ရပါသေးတယ်။ ကျနော် တည်းခဲ့ဖူးတဲ့ ဟိုတယ်နဲ့၊ ရောက်ခဲ့ဖူးတဲ့ ကုန်တိုက်တွေက ဓာတ်လှေကားတွေမှာ “ဓာတ်လှေကားခလုတ်ကို ဖြည်းဖြည်းနှိပ်ပါ” ဆိုပြီး စာကပ်ထားတာကိုတောင် တွေ့ခဲ့ရပါတယ်။ ဒါကတော့ လိုတာထက် ပိုသွားပြီ ထင်တာပါပဲ။

အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ လူတွေဟာ ကိုယ့်လုပ်ရမယ့် အလုပ်ကို ချက်ချင်းထမလုပ်ဘဲနဲ့ ဆိုင်းဘုတ် ထောင်လိုက်၊ ပိုစတာကပ်လိုက်နဲ့ အချိန်ဖြုန်းနေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ အဲဒီလို ဆိုင်းဘုတ်ထောင်တာ၊ ပိုစတာထောင်တာနဲ့တင် တာဝန်တခု ပြီးသွားသလိုလို၊ တာဝန် ကျေသွားသလိုလို ခံယူနေပုံရပါတယ်။ အဆိုအမိန့်တွေ၊ စည်းကမ်းချက်တွေကို နံရံမှာ စာကပ်တာကလည်း ဒီသဘောပါပဲ။ လူတိုင်း ကိုယ့်အသိနဲ့ကိုယ ်လုပ်ရမယ့်ဟာတွေကို မသိတဲ့အခါကျတော့ စာကပ်ပြီး သတိပေးနေရတဲ့ သဘောမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။

ဒါတွေကို လက်ရှိအစိုးရ တာဝန်ရှိသူတွေက မသိလို့တော့ မဟုတ်နိုင်ပါဘူး။ မပြင်နိုင်သေးလို့၊ ဒါမှမဟုတ် အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင်က လက်တွေ့ ထလုပ်တာထက် ပိုစတာစိုက်တာကို ပိုသဘောကျနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစိုးရအရာရှိအားလုံး ဒီလိုသဘောကျနေတာတော့ ဖြစ်ပုံမရပါဘူး။

သမ္မတ ဦးသိန်းစိန်နဲ့အတူ မကြာခဏ နိုင်ငံရပ်ခြားဆီ ခရီးထွက်ခွင့်ရလေ့ရှိတဲ့ ဝန်ကြီးတဦးကဆိုရင် ဥရောပ နိုင်ငံတခုက သန့်ရှင်းလှပနေတဲ့ သစ်ပင်တွေ၊ ရေကန်တွေကြားက လူသွားလမ်းလေးကို ကြည့်ပြီး “သစ်ရွက်တွေ ဘယ်သူကောက်သွားပါလိမ့်၊ အမှိုက်တစက်မှ မရှိပါလား။ ငါ့တို့ဆီမှာလို အမှိုက် မပစ်ရ၊ ကွမ်းတံတွေး မထွေးရ ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း မတွေ့မိပါလား” ဆိုပြီး သူရဲ့ Facebook မှာ ငြီးခဲ့တာကို တွေ့ရဖူးပါတယ်။

ပြီးတော့ ငါတို့နိုင်ငံမှာလည်း ဆိုင်းဘုတ်တွေ၊ စည်းကမ်းချက်တွေ နည်းသွားပြီး ကိုယ့်အသိနဲ့ကိုယ် လက်တွေ့ အလုပ်ထလုပ်တဲ့လူတွေ များလာမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲဆိုပြီး အဲဒီဝန်ကြီးက မှတ်ချက် ရေးထားတာကို တွေ့ခဲ့ရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading