မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းများတွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမှုများ အတွက် အသင်းအဖွဲ့ဥပဒေအရ မှတ်ပုံတင်ရန် မလိုအပ်ဘဲ လက်ရှိ ရေးဆွဲလျက်ရှိသော ပညာရေး ဥပဒေများဖြင့် ဖွဲ့စည်းခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။
သြဂုတ်လ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော်က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်လိုက်သည့် အသင်းအဖွဲ့များ ဆိုင်ရာ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းအရ ကျောင်းသား သမဂ္ဂများ ကျောင်းပြင်ပတွင် လှုပ်ရှားမှု ပြုလုပ်မည် ဆိုပါက ဥပဒေအရ အစိုးရထံတွင် မှတ်ပုံ တင်ရမည် ဟု ဖော်ပြထားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့က ကျောင်းသား သမဂ္ဂ ဖွဲ့စည်းမှုများ အတွက် ပညာရေး ဥပဒေများဖြင့် တရားဝင်ခွင့်ပြုရန် စီစဉ်ထားကြောင်း ပြောဆိုကြသည်။
ပြည်သူ့လွှတ်တော်က အမျိုးသားပညာရေး ဥပဒေနှင့် အဆင့်မြင့်ပညာရေး ဥပဒေများ ရေးဆွဲလျက်ရှိပြီး ယင်း ဥပဒေများ အောက်တွင် ကျောင်းသား သမဂ္ဂများ ဖွဲ့စည်း ရပ်တည် လှုပ်ရှား နိုင်ခွင့်များလည်း ပေးထားသည်ဟု အသိပေး ပြောဆို ထားကြောင်း ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီမှ ကိုဒီငြိမ်းလင်းက ဧရာဝတီသို့ ပြောသည်။
“ကျောင်းသားသမဂ္ဂ တွေဟာ တက္ကသိုလ်ဥပဒေ (ပညာရေးဥပဒေ) အောက်မှာပဲ ရှိသင့်တဲ့အတွက် ဥပဒေမှာ ထည့်ရေး ပေးမယ်လို့ ပြောပါတယ်။ သမဂ္ဂတွေ တရားဝင် လွတ်လွတ် လပ်လပ် ဖွဲ့စည်းခွင့်တွေ၊ အကာကွယ်ပေးမှုတွေ အခွင့်အရေး တွေကို တိတိကျကျ ရေးဆွဲ စေချင်တယ်” ဟု ကိုဒီငြိမ်းလင်းက ဆိုသည်။
ယခင်စစ်အစိုးရက ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းမှုများကို ၁၉၈၈ ခုနှစ် က ထုတ်ပြန် ပြဋ္ဌာန်းလိုက်သော အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေဖြင့် အရေးယူခဲ့ပြီး ကျောင်းသားများကို ထောင်သွင်း အကျဉ်းချခြင်းများ၊ ကျောင်းသား သမဂ္ဂ များကို ဖြိုခွဲမှုများ ပြုလုပ်ခဲ့ကြောင်း၊ လတ်တလော ရေးဆွဲလျှက်ရှိသည့် ပညာရေး ဥပဒေကို ပွင့်လင်းမြင်သာမှု ရှိစေ လိုကြောင်း ကိုဒီငြိမ်းလင်းက ရှင်းပြသည်။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာမြဦးက ကျောင်းသား သမဂ္ဂများ လိုက်နာ ကျင့်သုံးရမည့် အဆင့်မြင့် ပညာရေး ဥပဒေကို ပညာရေးမြှင့်တင်မှု ကော်မတီက တာဝန်ယူ ရေးဆွဲလျှက် ရှိပြီး ဥပဒေ ရေးဆွဲပြီး ပါက ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူ လူထုထံသို့ ချပြသွားမည် ဖြစ်ကြောင်း၊ အမျိုးသား ပညာရေး ဥပဒေနှင့် အဆင်မြင့် ပညာရေး ဥပဒေ ဟူ၍ ဥပဒေ ၂ မျိုး ပြဋ္ဌာန်းနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျှက် ရှိကြောင်း၊ တက္ကသိုလ်များ၊ ကောလိပ်များ အားလုံးနှင့် သက်ဆိုင်မည့် အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲရေး ပြင်ဆင်နေကြောင်း ပြောသည်။
“အခုရေးနေတဲ့ ဥပဒေတွေမှာ သိပ္ပံ၊ စိုက်ပျိုးရေးကျောင်း အပါအဝင် တက္ကသိုလ်တွေ အားလုံးပါအောင်၊ ပညာရေး မှန်သမျှ အကုန်ပါအောင် ဆွဲနေတဲ့ အမျိုးသားပညာရေး ဥပဒေနဲ့လည်း ချိတ်ဆက်ထားတယ်။ အခု အမျိုးသား ပညာရေး ဥပဒေက ရေးဆွဲနေတယ်။ အားလုံးကို ချပြမယ်။ ချပြတဲ့အဆင့် ရောက်အောင် အဆင်သင့် ဖြစ်အောင် လုပ်နေတယ်။ မူကြမ်းအဆင့်ကို ရောက်နေပါပြီ။ မကြာခင်ချပြမှာပါ” ဟု ဒေါက်တာမြဦးက ဆိုသည်။
ကိုဒီငြိမ်းလင်းက “သိစေချင်တာတခုက ကျောင်းသားသမဂ္ဂဆိုတာ ဘယ်ခေတ်၊ ဘယ်စနစ် အောက်မှာမှ အစိုးရဆီမှာ မှတ်ပုံမတင်ခဲ့ဘူး။ ဘယ်အောက်မှာပဲ ရှိရှိ၊ မရှိရှိ ဖွဲ့ခွင့်ပေးပေး မပေးပေး ကျောင်းသားသမဂ္ဂတွေ ဆိုတာ ရှိနေမှာပဲဆိုတဲ့ ခံယူချက်နဲ့ ကျနော်တို့ဆက်ပြီး လှုပ်ရှားနေမှာပဲ” ဟုပြောဆိုသည်။