ထိုင်းနိုင်ငံရှိ နေထိုင်ခွင့် ဗီဇာ ၄ နှစ် သက်တမ်း ကျော်လွန်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံ သို့ ပြန်စရာမလိုဘဲ သက်တမ်းတိုး လုပ်ငန်းစဉ် ၁ ရက်နှင့်အပြီး ဖြစ်စေရေးအတွက် မြန်မာသံရုံးက ထိုင်း အလုပ်သမား ဝန်ကြီး ဌာနနှင့် ညှိနှိုင်းနေကြောင်း သိရသည်။
“သူတို့ဘက်က ၃ နှစ်ပြန်ရမယ့်အစား ၃ လ ပြန်ရေး၊ အဲဒီက ၃ လ အစား ၁ လ ပြန်ရေး ပြောနေကြတာပေါ့။ အခုက ၁ ရက်နဲ့ ရ အောင် ကျနော်တို့ လုပ်နေတယ်။ မဖြစ်တော့ မဖြစ်သေးဘူး၊ တညအိပ်ပုံစံ ရအောင် ညှိနှိုင်းနေဆဲပါ”ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ဧရာဝတီကိုပြောသည်။
ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်ရမည့် ဥပဒေကို လိုက်နာစေလိုကြောင်း၊ ထိုင်းနိုင်ငံ လုပ်ငန်းရှင်းများကလည်း အမှန်တကယ် အလုပ်လုပ်နေကြသူတွေ မပြန်စေလိုကြောင်း၊ ထိုင်း အစိုးရဘက်က ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံတွင် ၄ နှစ်ဗီဇာ နောက်ပိုင်း တဆက်တည်းမဖြစ်စေချင် သည့် သဘောဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရများ သဘောတူထားခဲ့သည့် နားလည်မှု စာချွန်လွှာ စာချုပ်အရ ၄ နှစ် ဗီဇာ သက်တမ်း ပြည့်သွားသော ရွှေ့ပြောင်း အလုပ်သမားအားလုံးသည် မိခင်နိုင်ငံသို့ ၃ နှစ် ပြန်လည်နေထိုင်ပြီးမှသာ နောက်တကြိမ် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက် အလုပ်လုပ်ပိုင်ခွင့် ရှိသည်ဟူသော ဥပဒေ ပါရှိသည်။
အဆိုပါ ဥပဒေကြောင့် ဗီဇာ သက်တမ်း ၄ နှစ်ကျော်ပြီးသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်း နိုင်ငံ အလုပ် သမား ဝန်ကြီးဌာန ဝန်ကြီးကိုယ်စား ညွှန်ကြားရေးမှူးချုပ် မစ္စ ပရာဝစ် ခီယန်ပူးလ်က ဥပဒေ အရ ၃ နှစ် နေရပ် ပြန်ရမည့် အစား ၁ လသာ နေရပ်ပြန်ရမည်ဟု ပြင်ဆင်လိုက်ကြောင်း ယမန်နေ့က ပြောဆိုသည်ဟု ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေး ကွန်ရက်(MWRN) ဥက္ကဌ ဦးအောင်ကျော်က ဧရာဝတီကို ပြောသည်။
“ကိုယ့်နိုင်ငံမှာ ၃ နှစ်ပြန်နေပြီးမှ ထိုင်းကို ပြန်လာနိုင်တယ်ဆိုတဲ့ ဥပဒေကို ပြင်ဆင်လိုက်ပြီလို့ ပြောပါတယ်။ အဲဒီ အစား ၁ လ အတွင်း ပြန်လည် မှတ်ပုံတင်ရေး လုပ်ပိုင်ခွင့် ရှိသည်ဆိုပြီး ပြောတာ။ အသေးစိတ်ကိုတော့ လာမယ့် စက်တင်ဘာ ၅ ရက်နေ့ မှာ ၂ နိုင်ငံ အစိုးရက အစည်းအဝေး ဘန်ကောက်မြို့မှာ ကျင်းပပြီးမှ ထပ်မံ ထုတ်ပြန်ကြေညာပါမယ်လို့ ကျနော်တို့ကို ညွှန်ကြား ရေးမှူးချုပ်က ပြောသွားတယ်”ဟု သူက ဆိုသည်။
မြန်မာ အလုပ်သမားများ၏ အနာဂတ်အမည်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တခုကို ယမန်နေ့က စမွတ်စခွန် ခရိုင်၊ မဟာချိုင် ဒေသရှိ တလထလေ ဈေး ခန်းမ၌ ကျင်းပရာတွင် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု ဦးအောင်ကျော်က ပြောပြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ထိုင်း လုပ်ငန်းရှင်းများနှင့် လူဝင်မှု ကြီးကြပ်ရေး အရာ ရှိ များ၊ ထိုင်း အလုပ်သမား သမဂ္ဂမှ တာဝန်ရှိသူများ အပါအဝင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများပါ တက်ရောက်ကြကြောင်း၊ သို့သော် မြန်မာအစိုးရဘက်က တက်ရောက်နိုင်မှု မရှိခဲ့ကြောင်း သူက ဆက်ပြောသည်။
“ကျနော့်တို့ဘက်မှာ အားနည်းသွားတာက မြန်မာအစိုးရဘက်က တယောက်မှ မတက်ရောက်နိုင်ခဲ့ပါဘူး”ဟု သူက ဆိုသည်။
ထိုင်း နိုင်ငံ စီးပွားရေး လုပ်ငန်းများအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခန်းကဏ္ဍသည် အရေးပါနေပြီး ယခင် ၃ နှစ် မြန်မာပြည် ပြန်နေရေး ဥပဒေ ကိုလည်း ထိုင်း လုပ်ငန်းရှင်များက ကျွမ်းကျင်လုပ်သား အခက်အခဲဖြစ်စေ၍ မနှစ်သက်ကြ ကြောင်း ဦးအောင်ကျော်က ရှင်းပြသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်းခန့်ရှိပြီး ၁ သန်း ၇ သိန်းနီးပါးကို နိုင်ငံသား စိစစ်မှုများ လုပ်ဆောင်၍ တရားဝင် ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးပြီးဖြစ်ပြီး ထိုသူများထဲမှ ဗီဇာ သက်တမ်း ၄ နှစ် ကျော်လွန်နေသော မြန်မာ အလုပ်သမား ၄ သိန်းခန့် ရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်း က ဧရာဝတီ ကို ပြောဆို ထားသည်။