ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ တောင်းရမ်း စားသောက်နေသူများကို စီမံချက်ဖြင့် လိုက်လံ ဖမ်းဆီး ထိန်းသိမ်းလျှက်ရှိ ကြောင်း သိရသည်။
လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင် မြို့နယ်များအတွင်း မီးပွိုင့်များနှင့် လူစည်ကားရာ နေရာများတွင် တောင်းရမ်း စားသောက်နေသူများနှင့် အခြေအနေမဲ့ များကို “ဝရဇိန်စီမံချက်” ဟု အမည် ပေးထားသော တောင်းစားသူ ပပျောက်ရေး စီမံချက်ဖြင့် လတ်တလော လိုက်လံဖမ်းဆီးကာ ထိန်းသိမ်း နေကြောင်း အခြေအနေမဲ့ ပပျောက်ရေးစီမံချက် ဌာန တာဝန်ရှိသူ ဦးနေအောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ မီးပွိုင့်တွေမှာ တောင်းစားနေတဲ့ သူတွေကိုနဲ့ လမ်းဘေးအိပ်နေတဲ့ အခြေအနေမဲ့ တွေကို အဓိက ထားပြီးတော့ ဖမ်းတယ်၊ သူတို့တွေက ရုပ်ပျက် ဆင်းပျက်လည်းဖြစ်၊ ယာဉ်အန္တရာယ်လည်း ရှိနိုင်ပြီး မြို့ပြ အင်္ဂါရပ်နဲ့ မညီတာကြောင့် ဖမ်းတာ” ဟု အခြေအနေမဲ့ ပပျောက်ရေး စီမံချက်ဌာန တာဝန်ရှိသူ ဦးနေအောင်က ရှင်းပြသည်။
ဖမ်းဆီးရမိသည့် အသက် ၆ နှစ်မှ ၁၂ နှစ်အကြား တောင်းစားသည့် ကလေးသူငယ်များကို ပထမအကြိမ်အဖြစ် မိဘဖြစ်သူအား ခေါ်ယူဆုံးမပြီး ပြန်လည် အပ်နှံပေးသော်လည်း၊ ဖမ်းမိသည့် အကြိမ်အရေအတွက် များလာပါက မိဘဖြစ်သူကို ရန်ကုန်ရဲ အက်ဥပဒေ ပုဒ်မ ၄၁/ ခ ဖြင့် တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း၊ မိသားစုလိုက် တောင်းရမ်း စားသောက်မှု များကို ဖမ်းဆီးရမိပါက မိသားစု ရာဇဝင်ကို စုံစမ်းစစ်ဆေးပြီး အခြေအနေအပေါ် မူတည် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အခြေအနေမဲ့ ပပျောက်ရေး စီမံချက်ဌာန တာဝန်ရှိသူ ဦးနေအောင်က “တောင်းရမ်း စားသောက်တဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးရမိရင် မိဘကို သတိပေးပြီး ပြန်အပ်တယ်၊ အကြိမ်ကြိမ် ဖြစ်လာရင်တော့ မိဘကို တရားစွဲမှာပါ၊ ဒါပေမဲ့ ညှာတာတဲ့ သဘောနဲ့ အခုအချိန်အထိ တရားစွဲတဲ့ ကိစ္စကို မလုပ်ဖူးသေးဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့်၂၀၀၉၊ ၂၀၁၀ ခုနှစ်များအတွင်းက တောင်းရမ်း စားသောက်သူများကို အစိုးရက စည်ပင်သာယာရေး ကော်မတီ တွင် သန့်ရှင်းရေး ဝန်ထမ်းအဖြစ် တလ ၄၅၀၀၀ ကျပ်ဖြင့် အလုပ်အကိုင်နှင့် နေထိုင်စရာ အိမ်များ ချထားပေးခဲ့သော်လည်း စီမံချက် မအောင်မြင်သဖြင့် လတ်တလောတွင် ယင်းအစီအစဉ်ကိုလည်း ရပ်နားထားရကြောင်း သိရသည်။
“အားလုံးက လမ်းမပေါ်ပဲ ပြန်ရောက်ကုန်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ တောင်းတာက ပိုက်ဆံလွယ်လွယ် ရတယ်လေ။ ဝန်ထမ်းဆိုတဲ့ ဂုဏ်ကို မယူဘူး ပိုက်ဆံပဲ မြင်ကြတာ။ ဒါကြောင့် အလုပ်အကိုင်ပေးဖို့ အစီအစဉ်ကို လောလောဆယ် နားထားရတာ” ဟု ဦးနေအောင်က ပြောသည်။
အသက် ၁၇ နှစ်နှင့် အထက် အခြေအနေမဲ့ (အိမ်ခြေရာမဲ့) များကို မှော်ဘီမြို့နယ်ရှိ ဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေး ဂေဟာသို့ ပို့ပေးကြောင်း သိရသည်။
“အဘွားကို စည်ပင်ကဖမ်းပြီး မှော်ဘီ ဝါးနက်ချောင်းကို ပို့ဖူးတယ်။ အဲဒီမှာ အဘွားလို လူတွေအများကြီးပဲ။ စားရသောက်ရ တာလည်း ဆားပါလို့ ငပိမပါ၊ ငပိပါလို့ ဆားမပါ၊ အိပ်ရတာကလည်း ခေါင်းအုံးရှိလို့ စောင်မရှိ၊ စောင်ရှိလို့ ခေါင်းအုံးမရှိ။ နေရတာ တော်တော်ဒုက္ခ ရောက်ပါတယ်။ အဘွားအခုလို နေရပေမယ့် အဘွားဝင်ငွေနဲ့ ဝါဆိုသင်္ကန်းလည်း ကပ်နိုင်တယ်။
အဘွားကို လှူတာထဲက သူများကိုလည်း အဘွားက ပြန်လှူတယ်” ဟု ရန်ကုန်မြို့တွင်း လှည့်လည်အလှူခံ စားသောက် နေသူ ဒေါ်မိမိက ပြောသည်။
ရန်ကုန်-ပြည် လမ်းမှ လမ်းတဘက်သို့ ဖဲ့ဆင်းသွားပြီး ၇ မိုင်ကျော်ခန့် ဝေးသည့် နေရာတွင် ရန်ကုန်မြို့ လမ်းမများပေါ်မှ ခေါ်ဆောင်လာသည့် အိမ်ခြေယာခြေမဲ့ မိသားစုများ၊ ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုများကို ထားသည့် ဝါးနက်ချောင်း စခန်းရှိပြီး ထိုစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ဘတ်စ်ကားလိုင်းများ၊ မြို့ပတ် ရထားပေါ်နှင့် ဘူတာများ၊ စားသောက်ဆိုင်များ၊ မီးပွိုင့်များ စသည့် နေရာများတွင် တောင်းရမ်း စားသောက်သူ များစွာရှိနေပြီး အများစုမှာ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။
တချို့ နေရာများတွင် မိဘဖြစ်သူက အိပ်ပျော်နေသည့် လူမမယ်အရွယ် ကလေးကို လမ်းမပေါ်ချထားပြီး တောင်းရမ်းခြင်း၊ ကားလမ်း ပလက်ဖောင်းပေါ်များတွင် တောင်းရမ်းနေခြင်း၊ တချို့သက်ကြီးရွယ်အိုများမှာ မျက်စိမမြင်၊ နားမကြားတော့ သော်လည်း လည်ပင်းတွင် အလှူခံစာ ချိတ်ဆွဲထားပြီး လိုက်လံတောင်ရမ်းနေခြင်း မျိုးလည်း တွေ့နေရသည်။