ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ကျောင်းတွင် တက္ကသိုလ်အတွင်း မသမာမှုများ ဆောင်ရွက်နေခြင်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံသို့ တင်ပြခဲ့ရာ တရားမျှတစွာ မဆုံးဖြတ်ဘဲ မိမိကို တက္ကသိုလ်ဆရာအဖြစ်မှ အလုပ်ထုတ်ခဲ့ကြောင်း ယင်းတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနမှ လက်ထောက်ကထိက ဦးညွှန့်လှိုင်က ဧရာဝတီသို့ ဆက်သွယ် ပြောကြားလာသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် လက်ထောက်ကထိက တာဝန်ထမ်းဆောင်နေသူ ဦးညွှန့်လှိုင်သည် ကထိကရာထူးအတွက် ရာထူးတိုး စာမေးပွဲဖြေဆိုရာတွင် စာမေးပွဲရလဒ်နှင့် တက္ကသိုလ်အာဏာပိုင်များ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို မကျေနပ်သောကြောင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အသနားခံ စာရေးတင်ပြခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းဖောက်ဖျက်ခဲ့သည်ဟုဆိုကာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အရေးယူခံရခြင်း ဖြစ်သည်။
ဦးညွှန့်လှိုင်သည် အခြားဝန်ထမ်းတစ်ဦးကို ထိခိုက်နစ်နာစေရန် မဟုတ်မမှန် စွပ်စွဲတိုင်ကြားခြင်း၊ လုပ်ငန်းခွင် ငြိမ်းချမ်းသာယာမှုကို ဖြစ်စေ၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွှတ်မှုကို ဖြစ်စေ ပျက်ပြားစေရန် လှုံ့ဆော်ခြင်း သို့မဟုတ် ပြုလုပ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းကို အားပေးကူညီခြင်းများ ပြုလုပ်ခဲ့ခြင်း၊ မရိုးဖြောင့်မှု၊ လိမ်လည်လှည့်ဖြားမှုတို့ကို ကျူးလွန်ခဲ့ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က တွေ့ရှိခဲ့သည်ဟု ဧရာဝတီက ကြည့်ရှုခွင့်ရရှိသော ဌာနတွင်း စုံစမ်းရေး အစီရင်ခံစာက ဆိုသည်။
ဦးညွှန့်လှိုင်သည် ကထိက ရာထူးတိုးမြင့်ရေးစာမေးပွဲ ဖြေဆိုခြင်းနှင့်ပတ်သက်၍ ရာထူးတိုးမြင့်ရေးအဖွဲ့အပေါ် အချက်အလက် အထောက်အထား မရှိဘဲ မရိုးမဖြောင့်သော သဘောဖြင့် လိမ်လည် တိုင်ကြားခဲ့ခြင်း၊ အခြားလက်ထောက် ကထိကဖြစ်သူ ဒေါ်နုနုကြည်အား မကျေနပ်ချက်ကို တိုင်ကြားရန် အားပေးလှုံ့ဆော်ရုံသာမက တိုင်ကြားစာကို ကိုယ်တိုင်ရေးသားပေးခြင်း၊ ပါမောက္ခချုပ်က လက်ထောက်ကထိက ဦးညွှန့်လှိုင်အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံ တိုင်ကြားစာ မတင်ပြရန် တားဆီးဆုံးမခဲ့သော်လည်း ပါမောက္ခချုပ်၏ ခွင့်ပြုချက်ဖြင့် တိုင်ကြားခဲ့သည်ဟု ပါမောက္ခချုပ်အမည်ကို မရိုးမဖြောင့်သော သဘောဖြင့် လိမ်လည်သုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဌာနတွင်း စုံစမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ထောက်ကထိက ဦးညွှန်လှိုင်၏ တိုင်ကြားမှုနှင့် ပတ်သက်၍ ဌာနတွင်းစုံစမ်းရေး အဖွဲ့ကို ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည် ) ဒုတိယ ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဝန်ထမ်းရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းကျော်စွာကြူတို့ဖြင့် ဖွဲ့စည်ကာ စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ”သူတို့ စွပ်စွဲသလို ကျနော်လိမ်ညာပြီး တိုင်ကြားခဲ့တာ မဟုတ်ဘူး။ ရာထူးတိုး မညီမျှမှုတွေ ဖြစ်နေလို့ အသနားခံစာ တင်ခဲ့တာ။ ကျနော် စာစီစာကုံးရေးတာ ၅ မှတ်ပဲပေးတယ်။ ဘာသင်ကြားရေး အတွေ့အကြုံမရှိဘဲနဲ့ ရာထူးတိုးတဲ့သူတွေက တိုးကုန်ကြတယ်။ လက်ထောက်ကထိက ဒေါ်နုနုကြည်ကလည်း သူ့သဘောနဲ့သူ တိုင်တာပါ။ ကျနော်မြှောက်ပေးလို့လဲ မရပါဘူး။ နောက်ပိုင်း သူတို့ဘယ်လိုညှိလိုက်လဲ မသိဘူး။ နောက်တစ်ချက်က ပါမောက္ခချုပ်ခွင့်ပြုချက်နဲ့ တိုင်တယ်လို့ ကျနော်ဘယ်တုန်းကမှ မရေးခဲ့ပါဘူး”ဟု ဦးညွှန့်လှိုင်က ဆိုသည်။
ရာထူးအထုတ်ခံရခြင်းကို စည်းမျဉ်းစည်းကမ်းများအရ ၆ လအတွင်း အယူခံဝင်ခွင့်ရှိသော်ကြောင့် ပြီးခဲ့သည့် ဇူလိုင်လတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန် အဖွဲ့ထံ အယူခံ တင်ပြခဲ့သော်လည်း အယူခံကို လက်မခံခဲ့ကြောင်း၊ စုံစမ်းရေး အစီရင်ခံစာမိတ္တူ သွားရောက်တောင်းယူစဉ်ကလည်း ပြည်ထောင်စုရာထူးဝန် အဖွဲ့ရုံးအတွင်းသို့ ပေးမဝင်ဘဲ နောက်တစ်ရက်တွင်မှ ကျောင်းသို့ စာအိတ်ဖြင့် ပေးပို့ခဲ့သည်ဟု ဦးညွှန့်လှိုင်က ပြောသည်။
“ကျနော်ကို ရာထူးက ထုတ်ရုံနှင့် မဟုတ်ဘူး။ ကျောင်းထဲကပါ နှင်ထုတ်လိုက်ကြတယ်။ ကျနော်ရဲ့ အသနားခံစာကလည်း တိုင်စာဆိုပြီး ဖြစ်သွားတယ်။ တကယ်ဆို ကျနော် အမျိုးသမီးကလည်း ဒီကျောင်းမှာ လက်ထောက်ကထိကပဲလေ။ သူ့ဆီမှာ ကျနော်ဆက်နေလို့ ရရမှာပေါ့။ အခုက လူ့အခွင့်အရေးပါ ချိုးဖောက်ခံခဲ့ရတာ”ဟု ဦးညွှန့်လှိုင်က ဆိုသည်။
ဦးညွှန့်လှိုင်၏ ကထိက ရာထူးတိုးမြင့်ရေး တိုင်ကြားမှုကြောင့် ရှေ့ဦးစုံစမ်းစစ်ဆေးမှု ပြုလုပ်ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်ရှိ အခြားတာဝန်ရှိသူများဖြစ်သော ဒုတိယ ပါမောက္ခချုပ် ဒေါ်တင်တင်ဌေး၊ ဝန်ထမ်းရေးရာ ဌာနကြီးမှူး ဒေါ်မူမူမြင့် ၊ သင်တန်းရေးရာ ဌာနကြီးမှူး ဦးမြလွင် ၊ သင်တန်းရေးရာ ဌာနခွဲမှူး ဒေါ်ကြည်ကြည်ခိုင်ထွန်းတို့မှာ နှစ်တိုးလစာ တစ်ကြိမ်သာ ရပ်ဆိုင်းခံခဲ့ရသော ပုံစံဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် ပါမောက္ခချုပ်က အရေးယူခံခဲ့ကြောင်း၊ သို့သော် မိမိမှာ ရာထူးမှ ထုတ်ပယ်ခံရသည် အထိ အရေးယူခံခဲ့ရကြောင်း ဦးညွှန့်လှိုင်က ပြောဆိုသည်။
ယင်းစုံစမ်းစစ်ဆေးမှုတွင် အုပ်ချုပ်မှု ကွပ်ကဲအားနည်းခြင်း၊ အုပ်ချုပ်မှုဖြစ်စဉ်များအပေါ် အရေးယူဆောင်ရွက်ရန် အားနည်းခြင်း၊ ဝန်ထမ်းများ၏ အမှုထမ်းသက်၊ ကိုယ်ရေးမှတ်တမ်းများ စိစစ်ရန် ပျက်ကွက်ခြင်း၊ ဝန်ထမ်းများအပေါ် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ကွပ်ကဲရန် အားနည်းခြင်းနှင့် ရာထူးတိုးမြင့်ရေး (ရေး/ဖြေ) ရမှတ်များကို လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ ကြိုတင် ထုတ်ပြန်ကြေညာခဲ့ခြင်း၊ ရာထူးတိုးမြင့်ခံရသူများစာရင်းအား အထက်အဖွဲ့အစည်းမှ တရားဝင်ထုတ်ပြန်ကြေညာခြင်း မပြုမီ ကြိုတင်အသိပေးသည့်ပုံစံဖြင့် တရားဝင်အတည်ပြုပြောကြားခဲ့ခြင်းများ ပြုလုပ်ခဲ့သောကြောင့် အရေးယူခံရခြင်း ဖြစ်ကြောင်း အစီရင်ခံထားသည်။
”တကယ်ဆိုရင် သူတို့ကို ရာထူးက ထုတ်သည်အထိ အရေးယူလို့ ရတယ်။ အခုကျတော့ နှစ်တိုးလစာ တစ်နှစ်ရပ်ဆိုင်းရုံလောက်ပဲ အရေးယူတယ်။ သူတို့ကိုကျတော့ ပန်းနဲ့ပေါက်ပြီး ကျနော်ကိုကျ အလုပ်ထုတ်ပစ်လိုက်တယ်။ ကျနော်ကလည်း ဒီကိစ္စတွေကို မိမိခံစားချက်ထက် အမျိုးသားရေး တာဝန်တစ်ရပ်လိုသဘောထားပြီး ထုတ်ဖော်သွားမယ်”ဟု ဦးညွှန့်လှိုင်က ပြောဆိုသည်။
၁၉၇၈ ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)သို့ ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ဆရာဝန်အဖြစ်မှ အလုပ်ထုတ်ခံခဲ့ရကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာသန်းဝင်းကလည်း ဧရာဝတီသို့ ပြောသည်။
”ကျနော်က လွှတ်တော်မှာ ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ဖျက်ပစ်ဖို့ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးကျော်သူက အချက်အလက်နဲ့ တော်တော်လေး ပြန်ပြောသွားတယ်။ အဲဒီတုန်းက ကျနော်ပြင်ဆင်မှု အားနည်းခဲ့တယ်။ အခုချိန်ထိ ဒီကိစ္စကို ပြန်လုပ်ချင်သေးတယ်”ဟု ဒေါက်တာသန်းဝင်းက ဆိုသည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် အသစ်ဖြစ်သူ ဦးမန်းမောင်မောင်ဉာဏ်က ၎င်းမှာ ပြောင်းရွှေ့လာသည်မှာ မကြာသောကြောင့် ထိုဖြစ်စဉ်ကို မသိရှိသော်လည်း ဖြစ်စဉ်ကို စုံးစမ်းလေ့လာကြည့်ဦးမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့က မတရားသဖြင့် လက်ထောက်ကထိကရာထူးမှ ထုတ်ပယ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတထံနှင့် လွှတ်တော်ထံသို့ တင်ပြထားကြောင်း၊ ယခုအချိန်ထိ သက်ဆိုင်ရာမှ တုန့်ပြန်ဆောင်ရွက်ခြင်း မရှိသေးသော်လည်း နိုင်ငံရေးပါတီတစ်ခုချင်းစီထံသို့ ဆက်သွယ် ရှင်းပြမည်ဖြစ်ကြောင်းနှင့် ယင်းကိစ္စကို ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်းလည်း ဆိုသည်။