သတင်း

ရခိုင် ပြည်နယ် ပဋိပက္ခ နိုင်ငံတကာ အမြင်လွဲမှုရှိဟု နမ်ဘီယာ ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ နိုင်ငံတကာက အမြင်လွဲမှားမှုရှိနေသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာ က ပြောဆိုကြောင်း သိရသည်။

မစ္စတာ ဗီဂျေနမ်ဘီယာ သည် ရခိုင်ပြည်နယ် စစ်တွေ မြို့နှင့်ဒေသတွင်း နေရာတချို့သို့ သွားရောက်ကာ အစိုးရ အာဏာပိုင် များနှင့်ဒုက္ခသည် အရေးကိစ္စများကို ယမန်နေ့က ဆွေးနွေးစဉ် ထိုသို့ ထည့်သွင်း ပြောဆိုသွားကြောင်း ရခိုင်ပြည်နယ် အစိုးရ ၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။

“ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အားရကျေနပ်တဲ့ အကြောင်း၊ ပဋိပက္ခတွေ အပေါ်မှာ နိုင်ငံတကာက အမြင်လွဲ မှားနေတာတွေကိုလည်း လက်ရှိအခြေတွေနဲ့ ယှဉ်ပြီးတော့ နားလည်လာအောင် ပြောပေးမယ်၊ ကုလသမဂ္ဂ အဖွဲ့ကြီးဆီကို လည်း တင်ပြပေးမယ်လို့ ပြောသွားတယ်”ဟု ၎င်းက ဆိုသည်။

ယခုခရီးစဉ်မှာ ဩဂုတ်လ ဒုတိယပတ်အတွင်း လူတဦး သေဆုံးမှုကြောင့် မွတ်ဆလင်ဒုက္ခသည်များနှင့် ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ လူ ၁၀ ဦး ဒဏ်ရာရရှိသွားခြင်းကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မွတ်ဆလင်အသိုင်းအဝိုင်းနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့အပြီး မြန်မာအာဏာပိုင်များက ကုလသမဂ္ဂ အကြီးတန်းအရာရှိတဦးကို ဒုတိယအကြိမ် လာရောက်ကြည့်ရှုခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ သည်လည်း ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ရာ ၎င်းသည် မွတ်စလင်များဘက်မှ ရပ်တည် ဘက်လိုက်ခြင်း၊ ၎င်း၏အစီရင်ခံစာသည်လည်း မျှတမှု မရှိခြင်းဟု ဆိုကာ ဒေသခံတချို့၏ ကန့်ကွက် ဆန္ဒပြမှုများနှင့် ကြုံခဲ့ရသည်။

မစ္စတာ နမ်ဘီယာ ၏ ရခိုင်ပြည် ခရီးစဉ်တွင်မူ နယ်စပ်ရေးရာ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့်သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ များ ပါဝင်သည်။

မစ္စတာ နမ်ဘီယာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၅ ရက်နေ့က ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသများသို့ လည်း သွားရောက်ခဲ့သည်။ ကချင် ခရီးစဉ်တွင် ကေအိုင်အို ဥက္ကဋ္ဌ အပါအဝင် ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံကြောင်း၊ မန္တလေးတိုင်း၊ မိတ္ထီလာမြို့တို့တွင်လည်း ဘာသာရေး ခေါင်းဆောင်များနှင့် သြဂုတ် ၂၈ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အာဏာပိုင်များနှင့် ဆွေးနွေးရာတွင် ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုကြောင်း၊ နိုင်ငံတကာမှ ပြော ဆိုနေမှုများနှင့်လက်တွေ့ အခြေအနေမှာ ကွာခြားကြောင်း၊ ဒုက္ခသည်များ အတွက် လိုအပ်သည့် အကူအညီ များကို ဆောင် ရွက်ပေးသွားမည်ဟု ပြောဆိုသွားကြောင်းလည်း ဦးဝင်းမြိုင် က ပြောသည်။

အကူအညီပေးမည်ဟု ဆိုသော်လည်း မည်သည့်အကူအညီမျိုး ပေးမည်ဆိုသည်ကို တိတိကျကျ ပြောဆိုမှု မရှိဟု ပြည်နယ် အစိုးရ ပြောခွင့်ရသူ က ဆိုသည်။ မစ္စတာ နမ်ဘီယာ၏ ရခိုင် ခရီးစဉ်သည် စက်တင်ဘာလ ၁ ရက်နေ့က စတင်ခဲ့ပြီး ၃ ရက်ကြာ မည်ဖြစ်ကာ ဒုတိယ ခရီးစဉ်လည်း ဖြစ်သည်။

၎င်းသည် ရခိုင်သို့ ရောက်ရှိစဉ် စစ်တွေ၊ မောင်တော၊ ပေါက်တော၊ သံတွဲ စသည့် ဒေသများသို့ သွားရောက်ခဲ့ကြောင်း ပြည် နယ် အစိုးရအဖွဲ့က ပြောသည်။ မစ္စတာ နမ်ဘီယာသည် ပေါက်တောမြို့နယ်အတွင်းရှိ မွတ်စလင် ဒုက္ခသည် စခန်းများသို့ သွားရောက်၍ ဒုက္ခသည်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မစ္စတာ နမ်ဘီယာသည် မောင်တောဒေသသို့ ယမန်နေ့က ရောက်ရှိခဲ့ပြီး မီးရှို့ခံရ၍ အိုးအိမ်မဲ့ ဖြစ်သွားခဲ့ရသော ဒေသခံ ရခိုင် တိုင်းရင်းသားများနှင့်လည်း တွေ့ဆုံသည်။ ဒေသခံများနေထိုင်သည့် မောရဝတီ ကျေးရွာသို့ သွားရောက် တွေ့ဆုံစဉ် ဒေသခံများ၏ အခက်အခဲများကို မေးမြန်း၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း ဒေသခံများ က ပြောသည်။

ဒေသခံ တိုင်းရင်းသားများ အနေဖြင့် မိမိတို့ ဒေသကို စွန့်ခွာ၍ တခြား ဒေသများသို့ ပြောင်းရွှေ့ မသွားကြရန် အရေးကြီးကြောင်း တိုက်တွန်းသွားခဲ့သည်ဟု မစ္စတာ နမ်ဘီယာ နှင့်ဒေသခံများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မောင်တော ဒေသခံ ဦးလှရွှေ က ဧရာဝတီ ကို ပြောသည်။

“ဒေသခံ တိုင်းရင်းသားတွေကို မိမိတို့ဒေသကို စွန့်ခွာမသွားဖို့ နမ်ဘီယာက ပြောပါတယ်၊ ဒေသခံတွေကလည်း နမ်ဘီယာ လာပြီး အားပေးစကား ပြောလို့ အရမ်းကျေးဇူးတင်တဲ့ အကြောင်း၊ နောင်လည်း ခဏခဏ လာကြည့်ပေးဖို့ နမ်ဘီယာ ကို ဖိတ်ခေါ်လိုက်ကြတယ်”ဟု ၎င်း က ဆိုသည်။

မစ္စတာ နမ်ဘီယာသည် ယနေ့တွင် သံတွဲမြို့သို့ ရောက်ရှိနေပြီး မနက်ဖြန်တွင် ၎င်း၏ ရခိုင် ခရီးစဉ်နှင့်ပတ်သက်၍ သတင်း များ ထုတ်ပြန်ပေးသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တာဝန်ရှိသူ က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန်လက စတင်ပြီး ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်များအကြား ပဋိပက္ခ ဖြစ် ပွားမှုကြောင့် ထောင်နှင့်ချီသည့် အိုမဲ့အိမ်မဲ့များသည် ဒုက္ခသည် စခန်းများ၌ နေထိုင်နေရဆဲ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading