ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် အကယ်ချောင်းဝ ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ် တချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ဒေးဒရဲမြို့နယ် ပညာရေးဌာန တာဝန်ရှိသူများက ပြောသည်။
ယခင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်က တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးခြင်း မရှိသော်လည်း လေဆင်နှာမောင်း တိုက်ခတ်ရာ လမ်းကြောင်းပေါ်ရှိနေသော အကယ်ချောင်းဝ ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ မှ ကျောင်း ဆောင် ၃ ဆောင်နှင့် ကျေးရွာအတွင်းက အိမ်ခြေ ၆ လုံးခန့် ပျက်စီးခဲ့သည်ဟု သိရသည်။
အဆိုပါ အထက်တန်းကျောင်းမှ ကျောင်းဆရာတဦးက “လေဆင်နှာမောင်းက တဝူးဝူးတိုက်လိုက်တာ ၅ မိနစ်လောက်ပဲ ကြာမယ်၊ အရှိန်ပြင်းတော့ ကျောင်းနားက ထန်းပင်တွေပါ ခေါင်းပြတ်ထွက်တယ်၊ ကျောင်းဆောင်တွေလည်း အမိုးတွေ လန်ကုန် ပြီးတော့ ကျောင်းဆောင်ကြီးက အပေါ်ထပ်ပြိုကျသွားတာ၊ အမိုးတွေဆိုရင် အချပ်လိုက်လန်ထွက်သွားပြီး ပေ ၁၅၀ လောက်မှာ သွားကျတာ” ဟု သူက ဧရာဝတီသို့ ပြောသည်။
လေဆင်နှာမောင်း တိုက်ခတ်မှု ခံခဲ့ရသော အဆိုပါကျောင်းတွင် ကျောင်းဆောင် ၃ ဆောင်ရှိသည့် အနက် ပေ ၆၀ ပတ်လည် ကျောင်းဆောင် ကြီးမှာ အမိုးအကာများလွင့်ထွက်သွာခဲ့ပြီး အပေါ်ထပ်ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ပေ ၁၅၀-၃၀ ကျောင်းဆောင် မှာလည်း ပေ ၉၀ ကျော်ပျက်စီးသွားကြောင်း သိရသည်။ အလားတူ ကျန်သည့် ပေ ၆၀-၃၀ ကျောင်းဆောင်မှာ ကျောင်းခေါင်မိုး ကွာထွက်ရုံသာဖြစ်ခဲ့ပြီး ပျက်စီးမှု နည်းသည်ဟုသိရသည်။
၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ရာ ပင်လယ်ဝတွင် တည်ရှိသော အဆိုပါ အကယ်ချောင်းဝ ကျေးရွာလည်း မုန်တိုင်းဒဏ်ခံခဲ့ရပြီး ယခု ပျက်စီးခဲ့သော ကျောင်းဆောင်များမှာ နာဂစ်ပြန်လည် ထူထောင်ရေး အစီအစဉ်ဖြင့် တည်ဆောက်ထားသောကျောင်းများဖြစ်ကြောင်းသိရသည်။
အဆိုးဆုံး ပြိုကျ ပျက်စီးသွားသော ပေ ၆၀ ပတ်လည် ကျောင်းဆောင်ကြီးမှာ ဂျာမနီနိုင်ငံထောက်ပံ့မှုဖြင့် အမရာဖောင်ဒေးရှင်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ထားမှုမှာ ခိုင်ခံ့ခြင်းမရှိသည့် အတွက် ကျောင်းဆရာများက မြို့နယ် ပညာရေး ဌာနကို နှစ်စဉ် သတိပေးအကြောင်းကြားမှုများပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။
အထက်တန်းပြ ကျောင်းဆရာ တဦးက “အပေါ်ထပ်ကို အောက်က ခံတဲ့ ဆင့်တို့၊ ယက်မတန်းတို့ကို ဝါးနက်တွေနဲ့ခံထားပြီး ဝါးထရံ ယက်ထားတဲ့အပေါ်မှာ ဘိလပ်မြေလောင်းပြီး အခင်းလုပ်ထားတာ၊ မိုးယိုလာရင် အဲဒီ ဒုတိယထပ် အခင်းကြီးက နိမ့်နိမ့်လာတယ်ပြီးခဲ့တဲ့ နှစ်ကဆိုရင် တစ်ထွာလောက်ကိုနိမ့်သွားတာ၊ အခုလေဆင်နှာမောင်းတိုက်ချိန်ဟာ ကျောင်းတက် ချိန်သာဆိုရင် ကျနော့် ကျောင်းသားတွေအတွက် မတွေးဝံ့စရာအဖြစ်ပဲ”ဟု သူကပြောသည်။
ကျောင်းဆောင်များပျက်စီးသွားသဖြင့် ၉ တန်း၊ ဆယ်တန်း ကျောင်းသားများကို အနီးရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ယာယီ သင်ကြားလျက်ရှိပြီး၊ မူလတန်းနှင့် အလယ်တန်းကျောင်းသားများကိုတော့ ပျက်စီးမှု နည်းသော ကျောင်းဆောင်များကို ပြုပြင် တည်ဆောက်ပြီး သင်ကြားပေးမည်ဟု သိရသည်။
ပျက်စီးမှုနည်းသော ကျောင်းဆောင် ၂ ခု၏ ကုန်ကျစရိတ်မှာ ကျပ် ၁၇ သိန်းခွဲကျော်ရှိပြီး ယင်းကုန်ကျငွေ၏ တဝက်ကို ဒေးဒရဲ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက အကုန်အကျခံကာ ကျန်တဝက်ကိုတော့ ရွာခံများက စုပေါင်း အကုန်အကျ ခံကြောင်း သိရ သည်။
လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးသွားသော အဆိုပါကျောင်းဆောင်ကြီးပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြို့နယ် ပညာရေးဌာနမှ၊ တိုင်းပညာရေးဌာနသို့ တင်ပြထားကြောင်း၊ တိုင်းမှတဆင့် ဗဟိုကိုတင်ပြပြီး ခွင့်ပြုချက် ပြန်ကျလာလျှင် ပြန်လည်တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း ဒေးဒရဲမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဦး ကပြောသည်။
“ဒီအဆောက်အအုံကြီးက အန္တရာယ်ရှိတဲ့ အဆောက်အအုံဖြစ်တဲ့ အကြောင်းရယ်၊ အခုပျက်စီးမှုအခြေအနေတွေရယ်ကို တင်ပြ ထား ပြီးတော့ ခိုင်ခန့်တဲ့ ကျောင်းဆောင်အသစ် တည်ဆောက်ပေးနိုင်အောင် ကျနော်တို့ တိုင်းကို တင်ပြထားပြီးပါပြီ၊ အဆင့်ဆင့် က ခွင့်ပြုချက် ကျလာတာနဲ့ ကျနော်တို့ ပြန်ဆောက်ပေးမှာပါ” ဟု ဦးကျော်ဦး က ဧရာဝတီသို့ ပြောသည်။
ပြိုကျပျက်စီးသွားသော ကျောင်းဆောင်ခိုင်ခံ့မှု မရှိခြင်းနှင့် ပတ်သက်၍ ကျောင်းသားမိဘများက ကျေနပ်မှုမရှိ၍ ပြောဆိုနေမှုများ ရှိပြီး အမရာ ဖောင်ဒေးရှင်းအပေါ် အရေးယူဆောင်ရွက်မှုများ ရှိမရှိ မသိရသေးသော်လည်း ခိုင်ခံမှုမရှိခြင်းနှင့် တည်ဆောက် ထားပုံ အဆင့်ဆင့် အချက်လက်များကိုလည်း ဧရာဝတီတိုင်း ပညာရေးဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း သူက ဆက်၍ ရှင်းပြသည်။
အကယ်ချောင်းဝ ကျေးရွာသည် ပင်လယ်ဝတွင်တည်ရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်မှုတွင် လူသေဆုံးမှု၊ တိရစ္ဆာန်များနှင့် လယ်ယာကိုင်းကျွန်းများပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ကျေးရွာဖြစ်သည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းလွဲ ၂ နာရီအချိန်အထိ ထုတ်ပြန်ထားချက်အရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် လွန်ခဲ့သော ၂၄ နာရီအတွင်းက ဧရာဝတီတိုင်း အပါအဝင် မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်ရှိသော တိုင်းနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။