သမ္မတ ဦးသိန်းစိန်က အစိုးရနဲ့ လွှတ်တော် ကြားမှာ နိုင်ငံရေးအရ ထိပ်တိုက်တွေ့မှုတွေ၊ ပွတ်တိုက်မှုတွေ ရှိနေတဲ့ အကြောင်း ပထမဆုံး အကြိမ် ဝန်ခံ ပြောဆိုလိုက်ပြီး ဒီထိပ်တိုက်တွေ့မှုတွေ မပြေလည်ရင် တပ်အာဏာသိမ်းမှုထိ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက စိုးရိမ်တကြီး ဖြစ်လာနေပါတယ်။
သမ္မတဦးသိန်းစိန်က ပြုပြင် ပြောင်းလဲရေး ကာလ ဖြစ်တာမို့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် တို့အကြားမှာ လတ်တလော ဖြစ်ပွားနေတဲ့ “နိုင်ငံရေး ပွတ်တိုက်မှု” တွေက သဘာဝကျတဲ့ ကိစ္စရပ်တွေဖြစ်ပြီး ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ပွတ်တိုက်မှု တွေ ကိုကြည့်ပြီး သင်ခန်းစာ ယူရမယ်၊ အနာဂတ်နိုင်ငံ အတွက် ပိုမိုကောင်းမွန်တဲ့ စနစ်ဖြစ်ဖို့ ဒီမိုကရေစီ ကို အခြေခံတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် နဲ့ ဥပဒေပြုရေး မဏ္ဍိုင်အကြား အပြန်အလှန် ထိန်းကျောင်းနိုင်ဖို့ လက်ရှိ မြန်မာနိုင်ငံရေး ခေါင်းဆောင် တွေ အနေနဲ့ ဝိုင်းဝန်းပါဝင် ထိန်းကျောင်း ပေးဖို့ ပန်ကြားလိုက်ပါတယ်။
“ကျနော်အပါအဝင် လက်ရှိ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ နိုင်ငံရေးပွတ်တိုက်မှုတွေကို နားလည်လက်ခံပြီး ရေရှည် တည်ဆောက်ရေးသင်ခန်းစာများ ရယူကာ ဆွေးနွေးညှိုနှိုင်းခြင်းတွေ၊ မျှတတဲ့ အပေးအယူ ပြုလုပ်ခြင်းတွေနဲ့ ခိုင်မာတဲ့နိုင်ငံရေး ဖြစ်စဉ်နဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တည်ဆောက်ရေးတို့ကို ရည်သန်ထိန်းကျောင်းပေးဖို့ တိုက်တွန်းလိုပါတယ်” လို့ သမ္မတဦးသိန်းစိန်က ဆိုပါတယ်။
ဒီမိန့်ခွန်းကို ထုတ်လွှင့်မယ့်အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်က ဖိတ်ကြားပြီး ၂ ဦး သီးသန့် တွေ့ဆုံခဲ့ ပါသေးတယ်။ ဒီလို နှစ်ဘက်တွေ့ဆုံမှုတွေဟာ ခပ်စိပ်စိပ် ဖြစ်လာနေတယ်လို့ သမ္မတရုံးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တွေ့ဆုံတာကို သမ္မတက ဘယ်သ့ူကိုမှ အသိမပေးဘဲ တွေ့ခဲ့တာ။ ကျနော် သိသ လောက် တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် တွေ့တာက သတင်း ထုတ်ပြန်မှု မရှိဘဲ ခဏခဏ တွေ့ခဲ့ကြ တယ်။ ဒီတကြိမ် တော့ ဒေါ်အောင်ဆန်းစုကြည် ဘက်က သတင်းထုတ်ပြန်လိုက်တာပေါ့။ သမ္မတရုံးက တာဝန်ရှိသူတွေ တောင် သူတို့ ၂ ဦး တွေ့တာကို မသိလိုက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်တုန်းက ဦးရွှေမန်းနဲ့ ဦးသိန်းစိန် အကြားမှာ သုံးပွင့်ဆိုင် အလုပ်လုပ်ဖို့ ကြိုးစားတာပဲ။ ဒါပေမယ့် နောက်ဆုံးမှာ ဦးရွှေမန်းဘက်ကို ရောက်သွားတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ အဲဒီလို အခြေအနေမှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တာ ကောင်းတယ် လို့ ယူဆလို့ရ တယ်” လို့ သမ္မတရုံးနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဟံသာဝတီဦးဝင်းတင်ကလည်း ဦးသိန်းစိန်နဲ့ ဦးရွှေမန်းရဲ့ ခေါင်းဆောင်ပိုင်း ပြိုင်ဆိုင်မှုက လွှတ်တော် အမတ်တွေနဲ့ အစိုးရကြားမှာ အက်ကွဲကြောင်း သိသိသာသာ ပေါ်လာစေတယ်လို့ ဆိုပါတယ်။
“ဦးသိန်းစိန်နဲ့ ဦးရွှေမန်း အားပြိုင်မှုက ကျောင်းတော်က ရန်စပေါ့။ ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက သမ္မတ ဦးရွှေမန်း ဖြစ်မယ်လို့ အများက ထင်ထားခဲ့ရာကနေ ဦးသိန်းစိန်ဖြစ်သွားခဲ့တယ်။ အဲဒီကနေ စတာပဲ။ နောက်တော့ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌ နုတ်ထွက်သွားရတဲ့ ကိစ္စ။ ဒီကိစ္စပြီးတဲ့နောက် ခုံရုံးဥက္ကဋ္ဌ အသစ်နဲ့ အဖွဲ့ ပေါ်လာပေမယ့် အခုအချိန်အထိ တုတ်တုတ်မှ မလှုပ်ဝံ့ဘူး။ အပြိုင်အဆိုင် ကိစ္စ တော်တော်များတယ်။သူတို့ ၂ ဦးကြား ပြိုင်ဆိုင်မှုက အောက်ခြေမှာ အမတ်တွေ ကြားမှာ စစ်တပ်နဲ့ ကြံ့ခိုင်ရေး အမတ်တွေကြားမှာပါ ပိုပြီးတော့ ပြိုင်ဆိုင်မှုတွေဖြစ်လာတယ်။ ဦးသိန်းစိန်ရဲ့ တူတာတွေ တွဲလုပ်ပြီး မတူတာတွေ ဘေးဖယ်ထားမယ်၊ မလုပ်ဘူး ဆိုတဲ့ မူဝါဒ လမ်းစဉ်ကြောင့် တိုင်းပြည်မှာ ပြဿနာ ပေါင်း သောင်းခြောက်ထောင် ရှိနေတဲ့အချိန်မှာ အစိုးရနဲ့ လွှတ်တော်ကြားမှာ အားပြိုင်တာက တိုင်းပြည်အတွက် မကောင်းနိုင်ဘူး” လို့ ဦးဝင်းတင်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့ ၃ ဦးအကြား နိုင်ငံရေး ကစားမှုက တိုင်းပြည်အပေါ် သက်ရောက်မှု ကြီးမားနိုင်တယ်လို့ ဦးဝင်းတင်က ပြောပါသေးတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ပထမတော့ ဦးသိန်းစိန်နဲ့ တော်တော်ကို ဆက်ဆံရေးအဆင်ပြေတယ်။ အဲဒီကနေ အမေရိကန် ခရီးစဉ်အပြီးမှာ ဦးရွှေမန်းနဲ့ တော်တော်တွဲဖြစ်တယ်။ အပြင်မှာ သုံးသပ်ကြတာတော့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးရွှေမန်းဘက်ကနေ ပုံအောပြီး လောင်း လိုက်တာက ဘာမှ အကျိုးမဖြစ်ထွန်းဘူး ဆိုတာမျိုးတွေ ပြောကြတယ်။ ဦးရွှေမန်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ၃ ဦးရဲ့ နိုင်ငံရေး ကစားမှုက နိုင်ငံရေးပေါ်မှာ သက်ရောက်မှု အများကြီးရှိလိမ့်မယ်” လို့ ဦးဝင်းတင်က ဆိုတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရနဲ့ လွှတ်တော်အကြား တဦးနဲ့ တဦး စွပ်စွဲပြစ်တင်တာတွေ လုပ်လာလို့ နိုင်ငံရေး မတည်မငြိမ် ဖြစ်လာရင် တပ်မတော်အနေနဲ့ တရားဝင် အာဏာသိမ်းခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ခေါင်းဆောင်အားလုံး သတိရှိသင့်ပြီး စစ်တပ် အာဏာသိမ်းမှု မဖြစ်ရေးက လက်ရှိ အစိုးရခေါင်းဆောင်၊ လွှတ်တော်ခေါင်းဆောင်နဲ့ နိုင်ငံရေး ခေါင်းဆောင် တွေအပေါ်မှာ အဓိက မူတည်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောဆိုပါတယ်။
လတ်တလော တပ်မတော်က သမ္မတဦးသိန်းစိန် ဘက်က ရှိနေပေမယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အာဏာရ ပြည်ခိုင်ဖြိုး ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် သဘောထား ကွဲလွဲမှု၊ မတူညီမှုက မြန်မာ့ နိုင်ငံရေးမှာ သက်ရောက်မှု ကြီးမားနိုင်ကြောင်း၊ သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် တွေအကြား အပြန်အလှန် ဝေဖန်ပြောဆိုချက်တွေက အနာဂတ်မြန်မာ့နိုင်ငံရေးအတွက် လျှော့တွက် လို့မရတဲ့ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ သမ္မတရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း အတည်ပြုပေးဖို့ ဆွေးနွေးတဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေမှာ ဗိုလ်မှူးကြီးဉာဏ်နိုင် လေ့ကျင့်ရေးတပ်ကျောင်းက။ ဗိုလ်မှူးကြီး မြင့်ကိုကို ဆိုတာက တကယ်တန်းက ဗိုလ်မှူးချုပ် ရာထူးဖြစ်နေတဲ့ ဆက်သွယ်ရေးဌာနမှူးကြီးပေါ့။ ဗိုလ်မှူးကြီး တင့်ဆန်းက လာရှိုး ဒုတိယ တိုင်းမှူးလို့ ကြားရတယ်။ တပ်မတော်ဘက်က ပုဂ္ဂိုလ်တွေက အင်မတန်မှ အရေးပါတဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲဒီတော့ ဒါကို လျော့တွက်လို့မရဘူး။ ပွတ်တိုက်မှုတွေ များပြီးတော့ ခဏခဏဖြစ်လာရင်တော့ သိပ်ပြီးတော့ အလားအလာ မကောင်းဘူး” ဟု သူက ဆိုတယ်။
ဒီလို ထိပ်သီးအကွဲအပြဲတွေကို ထိန်းကျောင်းပေးနိုင်သူဆိုလို့ အခုအငြိမ်းစားနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာရှိတာကြောင့် သူ့ကို ကြားဝင်ဖို့ ပန်ကြားမှုတွေ ရှိတယ်လို့ နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းကတဆင့် ဧရာဝတီက ကြားသိရပါတယ်။
ဒါ့ကြောင့် ဦးသန်းရွှေအိမ်ကို အဝင်အထွက်ရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒု-ဥက္ကဌ ဦးဌေးဦးကို မေးမြန်းရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးအမတ်တွေအကြား အကွဲအပြဲ ဖြစ်နေတာ မရှိတဲ့အပြင် ကြံ့ခိုင်ရေးပါတီ အတွင်းမှာလည်း အုပ်စုကွဲတာမျိုးတွေ မရှိကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အစိုးရနဲ့ လွှတ်တော် အကြား ပဋိပက္ခကို ခေါ်ယူ သတိပေး ပြေလည်အောင် ညှိုနှိုင်းပေးတယ်ဆိုတဲ့ သတင်းတွေကလည်း မဟုတ်မှန်ကြောင်း ရှင်းလင်းပြောဆိုပါတယ်။
“တပ်နဲ့ ပြည်ခိုင်ဖြိုးအကြားမှာ နိုင်ငံရေး ပေါ်လစီ ကွဲတယ်ဆိုတာ မဟုတ်ပါဘူး။ ကြီးကြီးမားမား ပြဿနာမဟုတ်ပါဘူး။ တယောက်နဲ့ တယောက် ကိုယ့်အယူအဆ ကိုယ်မှန်တယ်လို့ ပြောကြတာပေါ့။ သိပ်ပြီးတော့ ထူးခြားလှတယ်မဟုတ်ဘူး။ တခုခု အမြင်မတူတာ သဘာဝပဲ။ ပါတီမှာ အစည်းအဝေးတွေ လုပ်ပြီး ညှိုနှိုင်းရှင်းပြ၊ သဘောထားတခုပဲရမှာပေါ့” လို့ ဦးဌေးဦးက ဆိုတယ်။
လက်ရှိ နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ ရှိနေပေမယ့် ဖြေရှင်းလို့မရတဲ့အထိ မဖြစ်နိုင်ဘူးလို့လည်း ဦးဌေးဦးက ဆိုပါတယ်။
“အားလုံး ပြေလည်ရမယ်။ ဒီအဖွဲ့တွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အရေးပါတဲ့ အဖွဲ့ ၂ ဖွဲ့ပဲ။ ထိပ်တိုက် ဆိုတာထက် တယောက်နဲ့ တယောက် သဘောမတူညီတာတွေထက် သဘောထားတူညီအောင် အဖြေတခု ရအောင် ရှင်းရမှာပေါ့။ ကျနော်က ဒီလိုပဲ မြင်ပါတယ်။ အယူအဆ မတူကြတာတွေရှိမှာပေါ့။ ဒီအပေါ်မှာ မူတည်ပြီး ညှိုနှိုင်း ပေါင်းစပ် ဖို့လိုပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တို့ ပေါင်းစပ်တော့မှပဲ နိုင်ငံတော် အချုပ်အခြာ အာဏာ ဖြစ်လာတာလေ။ ပေါင်းစပ်ညှိုနှိုင်းလို့ရတဲ့ အခြေအနေရှိပါတယ်။ ပေါင်းစပ်လို့ ရရမှာပေါ့” လို့ ဦးဌေးဦးက ဆိုတယ်။
လတ်တလော ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကြား နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှုဖြစ်နိုင်တဲ့ ကိစ္စတွေကတော့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် အချို့က သုံးသပ်ပါတယ်။
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း နဲ့ပတ်သက်လို့ အစိုးရနဲ့ လွှတ်တော်အကြား အမြင့်ဆုံး အားပြိုင်မှုကို ရောက်ရှိနေပြီး အထူးသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို လွှတ်တော်ကိုယ်စား လှယ်တွေ အဖြစ် ရပ်စဲဖို့ ပြည်သူ ၁ ရာခိုင်နှုန်းကျော်က လက်မှတ်ရေးထိုး တိုင်ကြားခံ ထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးလောက် ရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာလ မှာ ပြန်လည်ခေါ်ယူမယ့် လွှတ်တော်အစည်းအဝေးတွေမှာ တဖက်နဲ့ တဖက် မညှိုနှိုင်းကြတော့ဘူးဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်တွေ မသေချာ မရေရာ ဖြစ်နိုင်ပါတယ်။