နိုင်ငံခြားသား ကျွမ်းကျင်သူများ အပါအဝင် မူဝါဒချမှတ်သူများ တံခါးပိတ် ဆွေးနွေးပွဲများ ပြုလုပ်ကာ အကြိမ်ကြိမ် ပြန်လည်ရေးသားခဲ့ပြီးနောက် မြန်မာနိုင်ငံသည် နောက်လာမည့်နှစ်တွင် အာဆီယံဥက္ကဌ တာဝန်ထမ်းဆောင်သည့် အခါ အသုံးပြုရန် အတွက် “သာယာဝပြောတဲ့ မိသားစုဆီ ညီညာဖျဖျ ချီတက်ကြ (Moving forward in unity towards a peaceful and prosperous Community)” ဆိုသည့် ကြွေးကြော်သံဆောင်ပုဒ်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။
ယခင်တာဝန်ယူခဲ့ကြသော ဥက္ကဌနိုင်ငံများကဲ့သို့ပင် ယခုဆောင်ပုဒ်သည် နောက်လာမည့် ရက်တစ်ရာကျော်အတွင်း အာဆီယံအဖွဲ့ကို ဦးဆောင်ရတော့မည့် မြန်မာအစိုးရ၏ အစီအစဉ်နှင့် ဦးစားပေးမှုများကို ထင်ဟပ်ဖော်ပြခြင်းဖြစ်သည်။
အဆိုပါ ဆောင်ပုဒ်သည် အာဆီယံအဖွဲ့၏ သမိုင်းကြောင်းတွင် အရှည်လျားဆုံးဖြစ်ပြီး မကြာသေးခင်ကမှ သမ္မတ ဦးသိန်းစိန်က လက်ခံသဘောတူခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက အာဆီယံ၏ ဗဟိုကျမှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပြီးခဲ့သော ၂ နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့ သော စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတို့ကဲ့သိုသော အာဆီယံအဖွဲ့၏ တည်ဆောက်မှုများ ဖော်ပြသည့် အမြင် များကို ထည့်သွင်းစဉ်းစားခဲ့သေးသည်။ ယခုရွေးချယ်လိုက်သော ဆောင်ပုဒ်သည် သဘာဝကျပြီး အားလုံးကို ခြုံငုံမိ သည်ဟု ဆိုနိုင်ပါသည်။
“အဲဒါက အရမ်းပြည့်စုံပြီး ကျယ်ပြန့်ပါတယ်” ဟု ဘရူနိုင်းနိုင်ငံ ဘန်ဒါဆီရီ ဘီဂါဝမ် မြို့တွင်ကျင်းပသည့် အာဆီယံ စီးပွားရေးဆိုင်ရာ ဝန်ကြီး အဆင့်အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံ အကြီးတန်းအရာရှိကြီး တဦးက ပြောသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံက နောင်လာမည့်နှစ်တွင် ကိုင်စွဲမည့် ဆောင်ပုဒ်ကို တရားဝင်ကြေ ညာခဲ့သည်။
၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌ ရာထူးထမ်းဆောင်ရန်အတွက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အာဆီယံ ခေါင်းဆောင် များက သဘောတူဆုံးဖြတ်ခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံသည် အာဆီယံသဘောတူညီချက်ကို စတင်ကျင့်သုံးခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ အာဆီယံဥက္ကဌ တာဝန်ကိုထမ်းဆောင်ခဲ့သည့် နိုင်ငံများ၏ စွမ်းဆောင်မှုများနှင့် ဆောင်ပုဒ်များကို လေ့လာခဲ့သည်။
၂၀၀၈ ခုနှစ် အတွက် အာဆီယံ ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သည့် စင်္ကာပူနိုင်ငံက အာဆီယံ အဖွဲ၏ ပုံရိပ်ကို အရှေ့ တောင် အာရှအပြင်ဖက်အထိ ကျော်လွန်စေလိုသော သူတို့နိုင်ငံ၏ ဆန္ဒကို ဖော်ညွှန်းပြသသည့် “အာဆီယံသည် ပြောင်းလဲ တိုးတက်နေသော အာရှ၏ နှလုံးသား (One Asean at the Heart of Dynamic Asia) ” ဆိုသည့် ဆောင်ပုဒ်ကို အသုံးပြုခဲ့ သည်။
စင်္ကာပူကို ဆက်ခံသော ထိုင်းနိုင်ငံကလည်း အာဆီယံ သဘောတူညီချက် အသစ်ကို အကောင်အထည်ဖော်ရမည့် အဓိက တာဝန်ကို ပေါ်လွင်စေသည့် “ အာဆီယံသဘောတူညီချက် သည် အာဆီယံပြည်သူများအတွက် (Asean Charter for Asean People)” ဆိုသော ဆောင်ပုဒ်ကို အာဆီယံ ခေါင်းဆောင်အချို့ စိုးရိမ်ကြောက်ရွံ့ကြသည့် အရပ်ဖက် လူမှုအဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ရွေးချယ်ခဲ့သည်။
ဗီယက်နမ် နိုင်ငံကတော့ “အာဆီယံ အသိုက်အဝန်းကို အမြင်မှသည် လှုပ်ရှားမှုဆီသို့ ရှေ့ရှုရေး(Towards the Asean Community: From Vision to Action) ” ဆိုသော ရိုးရှင်းသည့် ဆောင်ပုဒ် တခုကို အသုံးပြုခဲ့သည်။ အာဆီယံ အဖွဲ့ဝင် များကြားတွင် ဘုံသဘောဆောင်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာနိုင်စေရန် တွန်းအားပေးရေးသည် အလွန်ခက်ခဲကြောင်း သိရှိနိုင်ရန် အတွက် ဗီယက်နမ် များစွာ အချိန်မယူလိုက်ရပါ။
ဗီယက်နမ်ထံမှ ဥက္ကဌနေရာ လွှဲပြောင်းယူခဲ့သော အင်ဒိုနီးရှားကတော့ မဖြစ်မနေ အောင်မြင်ရမည့် တာဝန်ကို ဖော်ပြသော “ကမ္ဘာ့နိုင်ငံများ အသိုင်းအဝိုင်းထဲမှ အာဆီယံ (Asean Community in a Global Community of Nations)” ဟူသည့် ဆောင်ပုဒ်ကို အသုံးပြုခဲ့သည်။
အာဆီယံနိုင်ငံများထဲတွင် တဦးတည်းသော G-20 အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက အာဆီယံကို ကမ္ဘာ့စီးပွား ရေး အဖွံ့ဖြိုးဆုံးနိုင်ငံများကြားတွင် ထင်ပေါ်စေလိုခဲ့သည်။ အာဆီယံ၏ အဆင့်အတန်းကိုလည်း မြှင့်တင်နိုင်ခဲ့သည်။ သို့ သော်လည်း ယာယီသာ ဖြစ်ခဲ့သည်။
လွန်ခဲ့သောနှစ်က ဥက္ကဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၏ “အသိုင်းအဝိုင်းတခု၊ ကံကြမ္မာတခု (One Community , One Destiny) ဆိုသည့် ဆောင်ပုဒ်ကတော့ ဆန့်ကျင်ဖက်သက်ရောက်မှု ရှိခဲ့သည်။ ၁၉၉၉ ခုနှစ်တွင်မှ အာဆီယံအဖွဲ့ထဲသို့ နောက်ဆုံးဝင်ရောက်လာခဲ့သည့် ယင်းနိုင်ငံသည် အာဆီယံ၏ လမ်းစဉ်အတိုင်း လက်တွေ့ကျင့်သုံးနိုင်ရန် လိုအပ်နေဆဲ ဖြစ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံ အသစ် အဟောင်းများကြားတွင် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်ခဲ့သည့် အတွက် ကမ္ဘောဒီးယားနိုင်ငံကို အသိအမှတ်ပြုသင့်ပါသည်။ သို့သော်လည်း လူအနည်းငယ်ကသာ သတိပြု မိခဲ့ကြသည်။
“ကျွန်ုပ်တို့ပြည်သူများနှင့် ကျွန်ုပ်တို့ အနာဂါတ် အတူတကွ (Our People, Our Future Together)” ဆိုသည့် ကြွေးကြော်သံက လက်ရှိ အာဆီယံဥက္ကဌ တာဝန် ထမ်းဆောင်နေသော ဘရူနိုင်းနိုင်ငံ၏ ဆောင်ပုဒ်ဖြစ်သည်။ ဆောင်ပုဒ်၏ အသွင်သဏ္ဍန်နှင့် အနှစ်သာရအတိုင်းပင် ဘရူနိုင်းနိုင်ငံက ဦးစီးဦးဆောင်ပြုသည့် လှုပ်ရှားမှုတိုင်းတွင် ညှိနှိုင်းဆွေးနွေးမှုနှင့် အများသဘောတူညီမှုကို အခြေခံ ထားသည်။
လက်ရှိကျန်နေသေးသည့် လေးလတာကာလသည် ရှေးရိုးစွဲဆန်သော်လည်း လာမည့်ဥက္ကဌ နေရာအတွက် အားလုံးခြုံ၍ သုံးသပ်ရန် လိုအပ်နေသေးသောနိုင်ငံတခုအတွက် ချောမွေ့သောလမ်း ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွက် ဥက္ကဌ နေရာနှင့် ပတ်သက်၍ သတိထားရမည့် အကြောင်းများလည်း ရှိနေသည်။
ပထမဆုံး အချက်မှာ မြန်မာနိုင်ငံသည် အဖွဲ့ဝင်ဖြစ်အပြီး ၁၆ နှစ်အကြာတွင် ပထမဆုံး တာဝန်ထမ်းဆောင်ရခြင်း ဖြစ်သည်။
၂၀၀၅ ခုနှစ်က ပြည်တွင်းရေးပဋိပက္ခများကို အကြောင်းပြု၍ အခြားအဖွဲ့ဝင်နိုင်ငံများက ဖိအားပေးခဲ့ကြသောကြောင့် လက်လွှတ်ခဲ့ရသည်။ ယခုတကြိမ်တွင် လူသိရှင်ကြား ကြေညာထားသော အရာတခုကို မကောင်းတတ်၍ သဘောတူလိုက်သည့် အခြေအနေမျိုးကို မြန်မာနိုင်ငံက လက်ခံချင်မည် မဟုတ်ပေ။
ဒုတိယအချက်မှာ ရွေးချယ်သည့် ဆောင်ပုဒ်သည် အာဆီယံနှင့် ၎င်း၏ပြည်သူများ၏ စိတ်ဆန္ဒအပါအဝင် စံနှုန်းများနှင့် တန်ဖိုးများကို ရောင်ပြန်ထင်ဟပ်ပြနိုင်ရမည် ဖြစ်သည်။ ယခုကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် အာဆီယံနှင့် မသက် ဆိုင်သော ၎င်း၏ ပြုပြင်ပြောင်းလဲရေး ကိစ္စများကို ကြိုတင်ပြီးစီးအောင် ဆောင်ရွက်ထားရမည် ဖြစ်သည်။
နောက်ဆုံး အချက်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေဖြစ်သည်။ ဥက္ကဌ နိုင်ငံ၏ ပြည်တွင်းရေး အခြေအနေ သည် နောက်နှစ်၏ အာဆီယံလုပ်ငန်းစဉ်များ အပေါ် လွှမ်းမိုးမှုရှိမည်မှာ သေချာနေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၏ အခြေအနေနှင့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များ၏ ကံကြမ္မာဖြစ်သည်။
မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့က အဆိုပါအရေးကို မြှင့်တင်ဆောင်ရွက်လာတော့မည် ဖြစ်သည်။ ထိုအချိန်တွင် ဥက္ကဌနိုင်ငံသည် တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ရှောင်ထွက်သွားရန် မဖြစ်နိုင်တော့ပေ။ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များ အရေးနှင့် ပတ်သက်၍ အထူးအစည်းအဝေးတခု ကျင်းပရန် အာဆီယံ၏ အစီအစဉ်ကို မြန်မာနိုင်ငံက ပယ်ချခဲ့ပြီး ထိုအစီအစဉ်ကို နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့သည်။
“ရိုဟင်ဂျာ”ဟု ခေါ်နေကြသော ယင်းရခိုင်ပြည်နယ် မြောက်ဖျားရှိ မွတ်ဆလင်များ၏ ရွှေ့ပြောင်းဝင်ရောက်လာမှုနှင့် ကြုံတွေနေရသော အာဆီယံနိုင်ငံများကလည်း ဒေသတွင်း အဖြေတခုကို လိုချင်နေကြသည်။
အကြောင်းအရာ အများစုကလည်း မြန်မာနိုင်ငံပေါ်တွင် မူတည်နေသည်။ အထူးသဖြင့် မိမိ နယ်နိမိတ်အတွင်းတွင်သာမက နိုင်ငံတကာအထိ သက်ရောက်မှုရှိနိုင်သည့် အကဲဆတ်သော ထိရှလွယ်သော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့် နည်း လမ်းနှင့်ပတ်သက်သည်။ ၎င်းက ၃ နှစ်ကြာ ပြုပြင်ပြောင်းလဲရေး၏ နက်ရှိုင်းမှုနှင့် အကျယ်အဝန်းကို ပြသသည့် ပြဒါးတိုင်သဖွယ်လည်း ဖြစ်လာမည် ဖြစ်သည်။
နောက်ကျမှ အဖွဲ့ဝင်ဖြစ်လာသော မြန်မာနိုင်ငံသည် အာဆီယံ၏ အတွေ့အကြုံများမှ သင်ယူနေရဆဲဖြစ်သည်။ ၁၉၉၈ ခု နှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် ဒီမိုကရေစီ စံနစ်သို့ ကူးပြောင်းလာခဲ့ပြီး နောက်နှစ်အနည်းငယ် အကြာတွင် ပိုမိုပွင့်လင်း လာခဲ့ပြီး ၎င်း၏ အတွင်းရေးပြဿနာများကို အာဆီယံနှင့် တိုင်ပင်ဆွေးနွေးခဲ့သည်။
လတ်တလောကျင်းပခဲ့သည့် အာဆီယံ နှစ်ပတ်လည် အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအစိုးရများ လူ့အခွင့်အရေး ကော်မရှင်သို့ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ကိုယ့်ဖာသာ အစီရင်ခံတင်ပြခဲ့သည်။
အာဆီယံ မိသားစု အသိုင်းအဝိုင်းသို့ ဝင်ရောက်ရန် နောက်ဆုံးရက်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်သို့ ရွှေ့ဆိုင်း ပေးလိုက်ပြီး နောက်တွင် မြန်မာနိုင်ငံအတွက် သက်သာခွင့်ရသွားသည်။ မြန်မာနိုင်ငံသည် အာဆီယံ အသိုင်းအဝိုင်းနှင့် ပတ်သက်၍ နားလည်သဘောပေါက်ရန်နှင့် အခြေခံများအတွက် ပြင်ဆင်ရန် အချိန်တနှစ်ပိုရသွားသည်ဟု ဆိုနိုင်ပါသည်။
၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံက ဥက္ကဌတာဝန်ယူမည် ဖြစ်သည်။ ၂၀၁၄ ဥက္ကဌရာထူး လက်ခံယူရန် ရွေးချယ်လိုက်သော ကြွေးကြော်သံ ဆောင်ပုဒ်တွင် ဖော်ပြထားသည့် အတိုင်းဆိုလျှင် မြန်မာနိုင်ငံသည် အာဆီယံ မိသားစု အသိုင်းအဝိုင်းကို ခိုင်မာတောင့်တင်းလာအောင် တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေကြောင်း ဆိုနိုင်ပါသည်။
(Kavi Chongkittavorn ၏ Myanmar and politics of Asean slogans ကို နိုင်မင်းသွင် ဘာသာပြန်သည်)