မန္တလေးတိုင်း ရဲရုံးတွင် တာဝန်ကျနေသော ရဲအချင်းချင်း စကားများရာမှ သေနတ်နှင့် ပစ်ခတ်မှု စက်တင်ဘာလ ၂ရက်နေ့ ဖြစ်ပွားခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့သည်။
ယင်းနေ့ ညပိုင်း ၁၁နာရီအချိန်တွင် မှုခင်းအကူတပ်ဖွဲ့ရုံးတွင် ရဲအုပ်ဦးမောင်တင့်ကို ဒုရဲအုပ် သိန်းသန်းစိုးမှ တာဝန်ကျရာ အခန်းတွင်းသို့ ဝင်ရောက်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် ဘယ်ဘက်နားထင်သို့ ပစ်ခတ်ရာ ကျည်ဆန်တုတ်ချင်းပေါက်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ပစ်သတ်ရသည့် အကြောင်းရင်း အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
တရားခံ ဒုရဲအုပ် သိန်းသန်းစိုးမှာ ယခင်က ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နင်းတိုက်ဖျက်ရေးဘက် ပြောင်းလာခဲ့ပြီး လက်ရှိတွင် မှုခင်းအကူဌာနစိတ်တွင် ဒုရဲအုပ်ဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
“ဆရာက သူ့ကို တာဝန်ချိန်မှာ ဘယ်သွားနေတာလဲဆိုပြီး ဖုန်းဆက်မေးလိုက်တာ ကျနော်ကြားတယ်။ နောက်ပိုင်း သူတို့ချင်း ဖုန်းနဲ့ ဘာတွေစကားများလည်းတော့ မသိဘူး။ သိန်းသန်းစိုး ညပိုင်းလာပြီး စာရေးပြီး ထိုင်နေတဲ့ ဆရာ့ခေါင်းကို သေနတ်နဲ့ ပစ်သွားတာပါ။ တကယ်တော့ ဆရာကော၊ သူကော အေးဆေးနေတတ်တဲ့ လူတွေပါ။ ဘာကနေ ဘယ်လို ဖြစ်သွားတာလဲ သေချာမသိဘူး။ သိန်းသန်းစိုးကတော့ ငယ်လည်း ငယ်တယ်။ ချောတော့ ကောင်မလေးတွေလည်း ကြည်တယ်။ ကြည့်ရတာ အဲဒီနေ့က ကောင်မလေးတွေနဲ့များ စကားများလာတာလား သေချာတော့ မသိဘူး” ဟု သေဆုံးသွားသည့် ရဲအုပ် ဦးမောင်တင့်၏ တပည့်ဖြစ်သူက ပြောသည်။
သေဆုံးသွားသည့် ရဲအုပ်တွင် သားသမီးနှစ်ဦးကျန်ရှိခဲ့ပြီး ရုပ်အလောင်းကို ယနေ့နေ့လည် ၂နာရီခွဲကျော်က ကြာနီကန်သုသာန်သို့ ပို့ဆောင် သဂြိုဟ်လိုက်ပြီ ဖြစ်သည်။
ပစ်ခတ်သည့် သေနတ်အမျိုးစားမှာ ခြောက်လုံးပြူးဖြစ်ပြီး စမစ်အမျိုးအစား V73918 ဖြစ်သည်။ တရားခံကို အမှတ် ၈ ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုတွဲများကို အခင်းဖြစ်စဉ်အပိုင် အမှတ် ၃ တွင် /၃၉၇- ၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။