အစိုးရနှင့် လွှတ်တော်အကြား အမြင်သဘောထား မတူညီမှုနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှိနေချိန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက သမ္မတဦးသိန်းစိန် ဘက်မှ ရပ်တည်နေသည်ကို သြဂုတ်လ ၂၃ ရက်နေ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးမှုတွင် ထင်သာမြင်သာ တွေ့မြင်ခဲ့ရသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်များက ယင်းဥပဒေကြမ်းကို ဆိုင်းငံ့ရန် တောင်းဆိုချိန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အတည်ပြုပြဋ္ဌာန်းရန် တောင်းဆိုပြီး ၂ ဘက် အပြန်အလှန် ဝေဖန် တိုက်ခိုက်ကြသည်အထိ ဆွေးနွေးမှု ပြင်းထန်ခဲ့သည်။ ယင်းဆွေးနွေးမှုတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဘက်မှ ဦးဆောင် ဆွေးနွေးခဲ့သူ ဗိုလ်မှူးကြီး မြင့်ကိုကိုအား ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ် စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးတုန်းက တပ်မတော်က အမျိုးသား နိုင်ငံရေးလုပ်နေတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေပါလို့ ပြောသွားတာနဲ့ ပတ်သက်လို့ အသေးစိတ် ရှင်းပြပေးပါလား။
ဖြေ။ ။ အမျိုးသား နိုင်ငံရေးလုပ်တယ် ဆိုတာက ဒို့တာဝန်အရေး ၃ ပါး တာဝန်ကို ထမ်းဆောင်နေကြတဲ့ ကျနော်တို့ စစ်သည်တွေပဲ။ ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်နေတာကလည်း အမျိုးသား နိုင်ငံရေးလုပ်တာပဲ။ အဲဒါကို ဆိုလိုတာပါ။ ဒီမိုကရေစီ ဆိုတာ အားလုံး လွတ်လွတ်လပ်လပ်နဲ့ သွားချင်ကြတာပဲ ။ ဒီမိုကရေစီကို သူများတွေ လိုချင်သလို တပ်မတော် ကလည်း စည်းကမ်းတကျနဲ့ သွားတဲ့ ဒီမိုကရေစီကို လိုလားတာပဲ။ စည်းကမ်းတကျနဲ့ သွားတဲ့ ဒီမိုကရေစီကို ကျနော်တို့လည်း လိုလားပါတယ်။
မေး။ ။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်းကို ပြဋ္ဌာန်းဖို့ တပ်မတော်က အဆိုပြုပေမယ့် ပြည်သူ့လွှတ်တော်က ဒီဥပဒေကြမ်းကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ တပ်မတော်သား ကိုယ်စားလှယ် တွေဘက်က ဒီဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ဖို့ ဘာတွေ ဆက်လုပ်ဖို့ ရှိပါသလဲ။
ဖြေ။ ။ လောလောဆယ် ကတော့ ပြင်ဆင်ဖို့တော့ မရှိပါဘူး။ အဲဒီနေ့က အများက ဆိုင်းငံ့တယ်ဆိုတော့ ကျနော်တို့ ကလည်း ဆိုင်းငံ့တာ သဘောတူ ပေးရတာပေါ့။ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေဆိုတာက ကျန်တဲ့သူတွေမှာ Right to Recall ဆိုတာ ရှိတာပဲ။ သမ္မတကိုလည်း Right to Recall လုပ်လို့ ရတယ်၊ ဝန်ကြီးတွေကိုလည်း လုပ်လို့ရတယ်။ ကျန်တဲ့ သူတွေကိုလည်း လုပ်လို့ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ကျမှ ဒီဟာ မရှိဘူး ဖြစ်နေတယ်လေ။ ဥပဒေ ပြုနေတဲ့ သူတွေကလည်း ဥပဒေထဲမှာ နေနိုင်ဖို့ လိုအပ်တာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း Right to Recall ဥပဒေ ရှိသင့်တာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးကို ဥပဒေ ပြဋ္ဌာန်းထားတာပဲလေ။ လွှတ်တော် ကိုယ်စားလှယ် အခွင့်အရေး ကျတော့ ရအောင် တောင်းထားတယ်၊ ကိုယ့်ကို ထိန်းချုပ်မယ့် ဥပဒေကျတော့ ခဏနေပါဦး ဆိုတော့ ဘယ်လောက် ကြာကြာ နေရမှာလဲ။ စည်းနဲ့ကမ်းနဲ့ နေရမယ့် ကာလ မကျန်တော့ဘူးလေ။ တခြား နယ်မြေတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြန်ခေါ်ချင်တာတို့၊ တိုင်တန်းတာတို့ ရှိနေပြီလေ။ ဒီအတိုင်းဆိုရင် ဥပဒေမရှိရင် မဖြစ်ဘူးလေ။
မေး။ ။ လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်း ဆိုင်းငံ့ဖို့ ကြံ့ခိုင်ရေး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးက တင်ပြ ဆွေးနွေးတဲ့နေရာမှာ လွှတ်တော်ဆိုတာ တပ်မတော် မဟုတ်ဘူးဆိုပြီး ပြောသွားပါတယ်။ လွှတ်တော် ဆိုတာ တပ်မတော်မဟုတ်ဘူးလို့ ပြောတဲ့စကားကို တပ်မတော်သား အမတ်တဦးအနေနဲ့ ဘယ်လို နားလည်ပါသလဲ။
ဖြေ။ ။ သူပြောသွားတဲ့ စကား အဓိပ္ပာယ်ကို သူပဲ နားလည်မှာပါ။ ကျနော်တို့ မသိဘူး။
မေး။ ။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်တဲ့ သူတွေ ဖြစ်တော့ လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရလား။ ဆွေးနွေးမယ်ဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်ကို နာခံရသေးတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ ကျနော်တို့က လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရပါတယ်။ တခါတလေ ကျတော့လည်း တယောက်ပြောတာက တဖွဲ့လုံး ပြောတာ ဖြစ်မှာစိုးလို့ မပြောတာပေါ့။ လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးလို့ ရပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားလို့ ကာကွယ်ရေးဦးစီးချုပ် အမိန့် လိုက်နာရမယ်လို့ ပြောဆိုတာတွေက သူတို့ ထင်မြင်တဲ့ အမြင်တွေကို ပြောဆိုကြတာမျိုး ဖြစ်ပါလိမ့်မယ်။
မေး။ ။ သြဂုတ် ၂၃ ရက်နေ့က လွှတ်တော်မှာ တပ်မတော်နဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေ အပြန်အလှန် ပြောဆို ဝေဖန်ကြတာ ကြည့်ပြီး တပ်မတော်နဲ့ ကြံ့ခိုင်ရေး ပါတီတို့ အကြားမှာ အကွဲအပြဲ ဖြစ်နေပြီဆိုပြီး ပြောဆိုနေကြပါပြီ။ အဲဒါနဲ့ ပတ်သက်လို့ သိချင်လို့ပါ။
ဖြေ။ ။ အကွဲအပြဲဆိုတာ မဟုတ်ပါဘူး။ ကွဲစရာ၊ ပြဲစရာလည်း မရှိပါဘူး။ ကျနော်တို့က တိုင်းပြည်အတွက် လုပ်တာပဲလေ။ သူတို့ ကောင်းတာလုပ်ရင် ကျနော်တို့က ကောင်းတာ မြင်တာပေါ့။ လိုအပ်တာ ဆိုရင်လည်း လိုအပ်တာတွေ ထောက်ပြတာ ပေါ့။ ကွဲလို့မှ မရတာ။ အကုန်လုံးက နိုင်ငံအတွက် လုပ်နေကြတာ။ တပ်မတော်ရော၊ ကျန်တဲ့ပါတီတွေကရော နိုင်ငံအတွက် လုပ်တာပဲလေ။ ဘယ်လိုလုပ် ကွဲလို့ရမလဲ။ အမြင်ဆိုတာက တယောက်နဲ့ တယောက် တူချင်မှ တူမှာပေါ့။ မိသားစု ထဲမှာတောင် တူတာမဟုတ်တာ။ အဲဒီလိုတော့ ရှိမှာပေါ့။ အကွဲအပြဲဆိုတာ မရှိပါဘူး။ ဘာကွဲစရာရှိလဲ။
မေး။ ။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မရှင်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး ပါဝင်ပါတယ်။ ဆိုတော့၊ တပ်မတော်က ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ဖို့ ဘာတွေလုပ်နေပြီလဲ။
ဖြေ။ ။ ကျနော်တို့ ဘာမှ မလုပ်သေးပါဘူး။
မေး။ ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိနေတာက ဒီမိုကရေစီစနစ်နဲ့ မညီဘူးဆိုပြီး နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆို သုံးသပ်နေပါတယ်။ အဲဒီအပေါ် အမြင် သိချင်ပါတယ်။
ဖြေ။ ။ ဒီမိုကရေစီနဲ့ ညီတယ်၊ မညီဘူးဆိုတာ မပြောလိုပါဘူး။ ကျနော်တို့ တပ်မတော်သားတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ၊ နိုင်ငံတော်ရဲ့ နိုင်ငံရေးတာဝန်အရ လွှတ်တော်ထဲ လာနေကြတာ။
မေး။ ။ အစိုးရဘက်က အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမယ့်ပွဲ၊ ငြိမ်းချမ်းရေး ပွဲကြီးတခုကို နေပြည်တော်မှာ လုပ်မယ်လို့ ပြောထားတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်ဖို့ ရှိပါသလဲ။
ဖြေ။ ။ အဲဒါ ကျနော်လည်း သေချာမသိဘူး။ အဲဒီတော့ မပြောလိုတော့ ပါဘူး။