သတင်း

`အစာ´ က `အဆိပ်´ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာပြည်မှာ အခြေခံ ဆင်းရဲသား လူတန်းစားတွေရဲ့ အဓိက စားဖွယ်လည်းဖြစ်၊ မြန်မာတွေ အများစုလည်း ခံတွင်းတွေ့လေ့ရှိကြတဲ့ ငါးပိရည်ကျိုမှာ ငါးအရိုးတွေ နူးလွယ်အောင် ယူရီးယား ဓာတ်မြေသြဇာတွေ ထည့်သွင်း အသုံးပြုတယ်လို့ မကြာသေးမီက သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာ အစားအသောက်နဲ့ ကျန်းမာရေး အန္တရာယ်အကြောင်း တစခန်းထလာပြန်ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်လောက်တုန်းကလည်း လက်ဖက်၊ ငရုတ်ဆီ၊ ငရုတ်သီးမှုန့် စတာတွေမှာ အရောင်ဆိုးတွေ ပါတယ်၊ တိုင်းရင်းဆေးဝါးတွေမှာ အနောက်တိုင်း ဆေးတွေ ရောတယ်ဆိုပြီး အစိုးရက သတင်းစာကနေ အမှတ်တံဆိပ်နဲ့တကွ ကြေညာတားမြစ်ခဲ့ဖူးပါတယ်။ အစားအသောက်၊ ဆေးဝါးတွေနဲ့ ပတ်သက်လို့ `မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)´ ဆိုပြီး ရှိပါတယ်။ ဈေးကွက်ထဲ ရောက်ပြီး စာသုံးသူတွေဆီ ရောက်နေမှ ဒီလိုကြေညာခဲ့လို့ အစကတည်းက FDA က အရည်အသွေးကို မစစ်ဆေးခဲ့ဘူးလားဆိုပြီး မေးခွန်းတွေလည်း ထွက်ပေးခဲ့ပါတယ်။ FDA ထောက်ခံချက်ပါတိုင်း ယုံလို့ မရဘူးဆိုပြီး စားသုံးသူတွေအကြား ပြောဆိုဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

လွတ်လပ်တဲ့ အာဆီယံ ကုန်သွယ်ရေး မူဝါဒအရ တရုတ်၊ ထိုင်းစတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ စစ်ဆေးရေး ဂိတ်တချို့ ဖယ်ရှားခဲ့ပြီးနောက်မှာ တရားမဝင် ကုန်ပစ္စည်းတွေ ဝင်ရောက်မှုနဲ့အတူ စားသုံးဖို့ မသင့်လျော်တဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေ ပါလာကြောင်း အစိုးရတာဝန်ရှိသူတွေက မနှစ်တုန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒါတွေကို ထိန်းချုပ်ဖို့ FDA ရုံးခွဲတွေ ဖွင့်မယ်လို့ ကြေညာခဲ့ပါတယ်။ နယ်စပ်က ဝင်တဲ့ စားသောက်ကုန်တွေ အပေါ် ထိန်းချုပ်မှုတွေ ဘယ်လောက် ထိရောက်တယ်ဆိုတာတော့ မသိရပါဘူး။

တခြားနိုင်ငံတွေမှာ စားသုံးသူတွေကို အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီး အဖွဲ့ပေါင်း ရာထောင်ချီ ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ အနည်းသာ စတင် ထွက်ပေါ်နေဆဲ ဖြစ်ပြီး လှုပ်ရှားမှုတွေ မကျယ်ပြန့်သေးတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံက အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တာများကြောင်း မီဒီယာတွေမှာ တတ်သိနားလည်သူတွေက ရေးသားနေကြပေမယ့် တကယ့် ပြည်သူလူထုကြားထဲကို အသိပညာ ပြန့်ပွားမှု အလွန် အားနည်းနေပါသေးတယ်။

၁၉၉၇ ခုနှစ်ကတည်းက အမျိုးသား အစားအသောက် အက်ဥပဒေဆိုပြီး ထုတ်ခဲ့ကာ ပြင်ဆင်ချက်တွေလည်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အက်ဥပဒေအရ ပြည်သူလူထု စားသုံးသော အစားအသောက်တွင် အဆိပ်ဖြစ်စေခြင်း၊ ဘေးဥပါဒ် ဖြစ်စေခြင်းများ ဖြစ်ပါက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ် ၃ သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ စီးပွားရေးသမားတွေ အတွက်ကတော့ ဒီထောင်ဒဏ်ကို အလွယ်တကူ ရှောင်လွှဲနိုင်သလို၊ ငွေဒဏ် ၃ သောင်းဆိုတာ မဆိုစလောက် ပမာဏမို့ ထိရောက်တဲ့ ဥပဒေလို့ မဆိုနိုင်ပါဘူး။ တရုတ်နိုင်ငံမှာဆိုရင် နို့မုန့်အတု ထုတ်လုပ်တဲ့သူတွေကို မိတုန်းက သေဒဏ်အထိတောင် ပေးခဲ့တာ ဖတ်ရပါတယ်။

ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ ဒီ အစားအသောက်တွေဟာ မြန်မာပြည်သူလူထု အများစုအတွက် ရေရှည်မှာ ကျန်းမာရေး ထိခိုက်စေပြီး နိုင်ငံရဲ့ ကျန်းမာရေး ဘတ်ဂျတ်အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

ထိန်းချုပ်မှုတွေ မထိရောက်တဲ့ လက်ရှိ အနေအထားအရ မြန်မာနိုင်ငံမှာ အစာလည်းဆေး၊ ဆေးလည်း အစာမဖြစ်ဘဲ အစာက အဆိပ်၊ အဆိပ်က အစာဖြစ်နေတဲ့ အနေအထားပါ။

စားသုံးသူတွေ အခွင့်အရေး အကာအကွယ်ပေးဖို့ အတွက် အဖွဲ့အစည်းတွေ ထပ်မံပေါ်ပေါက်လာအောင်၊ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်အောင် ဘယ်လို နှိုးဆော်ကြမလဲ …

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) အနေနဲ့ တကယ်တမ်း လက်တွေ့ကျပြီး ဒီ့ထက်ပို ထိရောက်အောင် ဘယ်လို လုပ်ဆောင်သင့်သလဲ …

အစားအသောက် ကျန်းမာရေး အန္တရာယ်နဲ့ ပတ်သက်လို့ အစိုးရ ဘယ်လို ထိရောက်တဲ့ ပညာပေးမှုတွေ လုပ်ဆောင်သင့်သလဲ …

ပြည်တွင်း ဈေးကွက်မှာ ရှိတဲ့ အစားအသောက်တွေကို ကျန်းမာရေးအတွက် ထိန်းချုပ်မှုအပြင် နယ်စပ်ဒေသတွေကနေ ဝင်လာတဲ့ တရားမဝင် စားသောက်ကုန်တွေကိုရော အစိုးရက ဘယ်လို ထိရောက်စွာ ထိန်းချုပ်သင့်သလဲ … စတာတွေကို ဒီတပတ် ဧရာဝတီဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading