ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA) နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် အစိုးရ စစ်တပ် အနေဖြင့် တာဝန်အရ ပြည်သူ လူထု ကို ကာကွယ်ခြင်းသာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် က ပြော ဆို လိုက်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ်(PNO) တို့နှင့် တောင်ကြီးမြို့၌ ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ RCSS/SSA ကိုယ်စားလှယ် ဦးစိုင်းဦး က ပြောသည်။
ထိုတွေ့ဆုံပွဲတွင် RCSS/SSA အဖွဲ့ ကိုယ်စားလှယ်တဦးက ၎င်းတို့နှင့် အစိုးရအကြား ပဏာမ အပစ်အခတ် ရပ်စဲထားသော်လည်း တိုက်ပွဲများ ဆက်ဖြစ်နေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ငြိမ်းချမ်းစွာ အဖြေရှာလိုသည့် အတွက် သူရ ဦးရွှေမန်း အနေဖြင့် ကူညီဆောင်ရွက်ပေးရန် တင်ပြရာတွင် အစိုးရ စစ်တပ်ဘက်မှ တက်ရောက်ခဲ့သူ ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် က ဝင်ရောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့က တင်ပြအပြီး ဦးရွှေမန်းက မပြောခင် ဗိုလ်ချုပ် အောင်သန်းထွဋ်က တပ်မတော်ဆိုတာ တရားဥပဒေ စိုးမိုးရေး နိုင်ငံ တော်အတွက် အထက်အမိန့်နဲ့ လုပ်နေတာ၊ RCSS/SSA ကတော့ လူသစ်ကောက်ခံတာတို့၊ အခွန်ကောက်တာတို့ လုပ်နေတဲ့ အတွက် လူထုဘက်က ကာကွယ်ပေးနေရင်းနဲ့ တိုက်ပွဲဖြစ်တာလို့ သူကပြောတယ်”ဟု ဦးစိုင်းဦး က ဧရာဝတီသို့ ပြောသည်။
သူရ ဦးရွှေမန်းကတော့ တိုက်ပွဲများဖြစ်ပွားနေခြင်းသည် အခြားနိုင်ငံနှင့် ဖြစ်ပွားနေခြင်းမဟုတ်ဘဲ ကိုယ့်တိုင်းရင်းသား အချင်းချင်း ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာ၌ စိတ်ရှည်ရှည် ထားကြရန်၊ တဖက်နှင့် တဖက် ရန်သူ ကဲ့သို သဘောမထားကြဘဲ နားလည်ခွင့်လွှတ်ကြရန် ပြောဆိုသွားခဲ့ကြောင်း၊ သို့သော်လည်း တွေ့ဆုံဆွေးနွေး အဖြေရှာရေး ကိစ္စကို ထိထိရောက်ရောက် ပြောဆိုခဲ့ခြင်း မရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် က ၎င်းတို့အစိုးရ စစ်တပ်ဘက်က နှစ်ဖက် သဘောတူညီချက်များကို လိုက်နာ ဆောင်ရွက်ကြောင်း၊ RCSS/SSA ဘက်ကလည်း လိုက်နာဆောင်ရွက်ရန် လိုကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
အစိုးရနှင့် SSA တောင်ပိုင်းတို့အကြား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၇၀ အထက်မှာရှိပြီး ဆွေးနွေးပွဲတွင် နှစ်ဘက် သဘောတူညီမှုများ ရှိထားသော်လည်း လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ပေးခြင်းမရှိကြောင်း ဦးစိုင်းဦး က ဆက်ပြောသည်။
“ဦးအောင်သန်းထွဋ် ပြောသွားပုံကို ကျနော်တို့အနေနဲ့ မေးစရာရှိတာက ဒီပြဿနာတွေကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ တခြားနည်း လမ်းတွေနဲ့ ဖြေရှင်းလို့ မရဘူးလား၊ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ မဖြေရှင်းလိုဘူးလား ပေါ့”ဟု ဦးစိုင်းဦး က ဆိုသည်။
သူရ ဦးရွှေမန်းသည် ထိုနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံ ရေး ပါတီများ၊ NGO အဖွဲ့များနှင့် လူထု အခြေပြု အဖွဲ့များ(CBO) လည်း တက်ရောက်ကြပြီး ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် နိုင်ငံရေး ပါတီတချို့က ပြောပြသည်။
ယင်းဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ကြသူများနှင့် နိုင်ငံရေးပါတီများက အစိုးရအနေနှင့် ပြည်နယ်များအပေါ် ဘတ်ဂျက် ခွဲဝေရေး၊ ခိုင်မာသည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက် ရေး၊ သိမ်းဆည်း လယ်ယာမြေများ ပြန်ပေးရေး၊ ရှမ်းပြည်နယ်အတွင်း၌ အစိုးရအဖွဲ့ဝင်များ၏ မတရား အနိုင်ကျင့်မှုများ အရေးယူ ဆောင်ရွက်ပေးရေး၊ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြခြင်းကို အရေးယူသည့် ပုဒ်မ ၁၈ တို့အား ဖျက်သိမ်းပေးရေး တို့ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒေသခံ များ၏ ယင်းသို့ တင်ပြဆွေးနွေးချက်များအပေါ် ဦးရွှေမန်း၏ တုန့်ပြန်ဖြေကြားမှုများသည် အားရကျေနပ်မှု မရှိကြောင်း၊ သို့သော် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တဦးအနေဖြင့် လွှတ်တော် အပြင်ဘက်သို့ ကွင်းဆင်းပြီး လူထု အသံကို နားထောင်ခြင်းပေါ် ဒေသခံနိုင်ငံရေး ပါတီများက အကောင်းမြင်ကြသည်ဟု ဆိုသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပွဲကို ဘယ်သူတွေက စီမံတယ်ဆိုတာတော့ မပြောတတ်ဘူး၊ မနေ့က တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးတော့ ကျေနပ်အားရမှု မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် တင်ပြချက်တွေ အားလုံးနဲ့ ပတ်သက်ပြီး အာမခံ ပြောဆိုသွားနိုင်တာ ကတိ ကဝတ် ပြုနိုင်တာတွေ မတွေ့ရဘူး၊ ဒါပေမယ့် ဒေသတွင်းက အဖြစ်အပျက်တွေကို ဒီမှာတိုက်ရိုက်ပြောခွင့် ဆွေးနွေးခွင့်ရတော့ ကျေးဇူး တင်ရမှာပါ”ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီ ဗဟို စည်းရုံးရေးမှူး ဦးစိုင်းခင်မောင်ညွှန့် က ဧရာဝတီ သို့ ပြောသည်။
သူရ ဦးရွှေမန်း၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် ဝ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) တို့နှင့်လည်း တွေ့ဆုံသွားရန် ရှိကြောင်း သိရသည်။