မြစ်ဆုံစီမံကိန်း ရင်းနှီးငွေ ၆၀ ရာခိုင်နှုန်း ကြိုပေးထားဟု CPI ဆို
This article has been converted from Zawgyi One to Unicode
မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဆောက်လုပ်ခြင်းအတွက် ရင်းနှီးမြုပ်နှံမှုပမာဏ၏ ၆၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဘက်သို့ ပေးဆောင်ထားပြီးဖြစ်သည်ဟု စီမံကိန်းကိုဆောင်ရွက်နေသည့် CPI (Upstream Ayeyawady Confluence Basin Hydropower Co.,Ltd) မှ ဒါရိုက်တာ Wang Qiyue ဝမ်ကျိရိ က ယနေ့ ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်တွင် ကျင်းပပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတွင် ပြောကြားလိုက်သည်။
မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အနိမ့်ဆုံး အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရှိကြောင်းလည်း ပြောဆိုသည့်အတွက် ယခုမှ အများက ပထမဆုံးအကြိမ် သိရှိခွင့်ရခဲ့သော ဒေါ်လာသန်းနှင့်ချီရှိမည့်ငွေများမှာ မည်သူသို့ မည်သို့လွှဲပေးပြီး မည်သည့်နေရာတွင် သုံးစွဲခဲ့ကြောင်း မေးခွန်းများဖြစ်ပေါ်လာစေသည်။ ကနဦးရရှိသော နိုင်ငံတကာသတင်းများတွင်မူ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရှိကြောင်း ရေးသားဖော်ပြကြသည်။
ထို့ကြောင့် မည်သည့်အချိန်တွင် မည်သူ့ထံသို့ပေးဆောင်ခဲ့သနည်းဟု ဧရာဝတီမှမေးရာ ၎င်းက အစိုးရနှင့် ပြည်သူမှာ တသားတည်းသာမြင်ကြောင်း၊ အစိုးရအနေနဲ့ ပြည်သူ့အတွက် အဆိုပါစီမံကိန်းကို လက်ခံခြင်းဖြစ်ကြောင်း၊ ရလာသည့်ငွေကို ပြည်သူများအတွက် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းများ ဆောင်ရွက်ပေးခဲ့လိမ့်မည်ဟု ထင်မြင်ကြောင်းသာ ဝမ်ကျိရိက ဖြေဆိုသည်။
ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် မြန်မာနှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး၊ မေခမြစ်တလျှောက် ရေကာတာ ၅ ခုနှင့် မလိခမြစ်တွင် ၂ ခု တည်ဆောက်မည်ဟု ၂၀၀၇ ခုနှစ် မေလပိုင်းနိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ တွင်ဖော်ပြခဲ့ပြီး ၂၀၁၁ ခုနှစ် စီမံကိန်းကို အရပ်ဘက်လူမှုအဖွဲ့အစည်း အများအပြားက ကန့်ကွက်မှု အရှိန်မြင့်တက်လာ၍ သမ္မတသစ် ဦးသိန်းစိန်က ၎င်းလက်ထက်တွင် အကောင်အထည် မဖော်ဟု ရပ်ဆိုင်းထားခဲ့သည်။
မြစ်ဆုံစီမံကိန်း လုပ်ငန်းလည်ပတ်နေသေးသည်ဟူသော သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ မည်သည့်အလုပ်မျှ လုပ်ကိုင်ခြင်း မရှိကြောင်း၊ ပြန်လည် လုပ်ကိုင်လိုသော်လည်း မည်သည့် ညှိနှိုင်းမှုမျှ စတင်ခြင်း မရှိသေးကြောင်း၊ မြစ်ဆုံနေရာတဝိုက်တွင်လည်း ရွှေတူးခြင်း၊ ရွှေမှုံပါမြေသယ်ခြင်း၊ သစ်ခုတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခြင်း မရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် မည်သည့်ကိစ္စကိုမျှ ဆောင်ရွက်ခြင်း မရှိဟု ဝမ်ကျိရိက ဆိုသည်။
လက်ပံတောင်း ကြေးနီစီမံကိန်းကဲ့သို့ စုံစမ်းစစ်ဆေးပြီး စာချုပ်သစ် ပြန်လည်ချုပ်ဆိုမည်လောဟူသည့် မေးခွန်းကိုလည်း “ဘယ်နိုင်ငံကမဆို အမြတ်ခွဲဝေရေးအပေါ် လာရောက်စစ်ဆေးမယ်ဆို စစ်ဆေးလို့ ရတယ်။ ဘယ်နိုင်ငံကမဆို လာစစ်ပါ။ ခုလက်ရှိချိန်ထိ အမြတ်ထက် အရှုံးက ပိုပါတယ်။ ဘယ်နိုင်ငံမှ ဒီလောက် အမြတ်နည်းတဲ့အလုပ် မလုပ်နိုင်ဘူး။ စာချုပ်ပြန်ချုပ်မယ် အမြတ်ပြန်ခွဲမယ်ဆို မလုပ်နိုင်တော့ပါဘူး” ဟု ဒါရိုက်တာ ဝမ်ကျိရိက ပြောသည်။
ထို့ပြင် “နောက်တက်လာမယ့် မြန်မာအစိုးရအနေနဲ့ ဘယ်လိုပြန်စီစဉ်ပေးမလဲဆိုတာကို စောင့်ကြည့်နေပါတယ်။ သူတို့တွေအနေနဲ့ အကောင်းဆုံး လုပ်ပေးမှာပါ။ သူတို့ကို ဆွေးနွေးပြီး လုပ်မှာပါ။ အကောင်းဆုံး ဖြေရှင်းချက် ပေးမယ် ထင်ပါတယ်” ဟု ဝမ်ကျိရိက ဧရာဝတီသို့ ပြောသည်။
မြစ်ဆုံရေကာတာ ဆောက်ရန်အတွက် ရွှေ့ပြောင်းခံရသော တန်ဖဲရွာအပါအဝင် အခြား ရွာသူရွာသားများ၊ မြန်မာလူထု မည်သူ့ကိုမဆို မြစ်ဆုံရေကာတာ တည်ဆောက်ပါက ရလာမည့် အကျိုးအမြတ်များကို ပြောဆိုရှင်းပြရန် စီစဉ်ထားကြောင်းလည်း ပြောသည်။
“ပြည်သူလူထုတွေ ကန့်ကွက်တာက ရေအားလျှပ်စစ်အကြောင်း နားမလည်လို့ပါ။ သူတို့ကို သေချာ ရှင်းပြပေးမယ်။ ကောင်းတာ မကောင်းတာကို သူတို့ကိုပြပြီး သူတို့ဆုံးဖြတ်နိုင်အောင် ပြောပြပေးဖို့ စီစဉ်မယ်။ အရင်က ပြောလို့ မရခဲ့ဘူး။ ခုပြောလို့ရတဲ့အချိန်မှာ သေချာပြောပြမယ် ”ဟု ဒါရိုက်တာ ဝမ်ကျိရိက ပြောသည်။
CPI မှ လက်ရှိတွင် ဧရာဝတီမြစ်ဆုံအထက်ပိုင်းတွင် ချီဗွေ၊ အူဆောက်၊ ဖီဇော်၊ ခေါင်လာဖူ၊ လာဇာ၊ ယီနန်တို့တွင်လည်း ဆည်များ တည်ဆောက်ရန်စီစဉ်ထားရာ ချီဗွေငယ်ရေအားလျှပ် စစ်ထုတ်လုပ်ရေးကို ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ဓာတ်အား ထုတ်လွှတ်သွားရန်ရှိကြောင်း သိရသည်။
မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံရေးကော်ပိုရေးရှင်း CPI က ရင်းနှီးမြှုပ်နှံကာ ဦးဆောင်တည်ဆောက်ရန် စီစဉ်ထားပြီး မြန်မာနိုင်ငံဘက်မှ အစိုးရပိုင် မြန်မာ့လျှပ်စစ်လုပ်ငန်း MEPE၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့် မိသားစုပိုင် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်ခြင်း ဖြစ်သည်။