မလေးရှားနိုင်ငံတွင် လက်ရှိ လုပ်ဆောင်နေသည့် တရားမဝင် နိုင်ငံခြားသား ဖမ်းဆီးမှု(အော်ပရာစီ)စစ်ဆင်ရေး အရ ဖမ်းဆီး ခံ နေရသည့် မြန်မာနိုင်ငံသားများကို အစိုးရ က စိစစ်၍ ပြန်လည် ခေါ်ယူမည်ဟု သိရသည်။
“ထိန်းသိမ်း ခံထားရသူတွေထဲက မြန်မာနိုင်ငံသားဆိုသူတွေကို မြန်မာသံရုံးက စိစစ်ပြီး နိုင်ငံသား ဖြစ်တဲ့သူတွေကို ပြန်ခေါ်ဖို့ ဆောင်ရွက်သွားဖို့ရှိပါတယ်၊ အစိုးရ တာဝန်ရှိသူတွေကို စေလွှတ်မယ်၊ မလွှတ်ဘူး ဆိုတာတော့ သေချာမသိရသေးပါဘူး”ဟု သမ္မတ၏ ပြောခွင့်ရသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ် က ဧရာဝတီ ကို ပြောသည်။
မလေးရောက် မြန်မာများအရေး ကူညီဆောင်ရွက်နိုင်ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို နိုင်ငံတော် သမ္မတ ၏ ညွှန်ကြားချက်အရ မကြာမီ စေလွှတ်မည်ဟုလည်း ပြည် တွင်း မီဒီယာတချို့၌ ဖော်ပြထားသည်။
ကွာလာလမ်ပူ မြို့ အပါအဝင် အနီးတဝိုက်ရှိ ပီနန်၊ ဂျိုဟိုး၊ ကပုန်း စသည့် နေရာများရှိ စက်မှုဇုန်များ၊ စက်ရုံ အလုပ်ရုံများ၌ စက်တင်ဘာလ ၁ ရက်နေ့ မှစတင်၍ ဖမ်းဆီးမှုများပြုလုပ်ရာ မြန်မာနိုင်ငံသား ၅၅၅ ဦး အပါအဝင် စုစုပေါင်း ၈၁၀၀ ကျော် အဖမ်းခံ ထားရကြောင်း မလေးရောက် မြန်မာများက ပြောသည်။
ဖမ်းဆီးထားသည့် နိုင်ငံခြားသား ၈၀၀၀ ကျော်တွင် နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးသူဦးရေ ၂၄၀၀ ကျော်ရှိကြောင်း၊ ထို ၂၄၀၀ ကျော်တွင် မြန်မာနိုင်ငံသား ၅၅၅ ဦး ပါဝင်ကြောင်း မြန်မာ့အလင်း သတင်းစာကလည်း ဖော်ပြသည်။
ဖမ်းဆီး ထိန်းသိမ်းထားသူများတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ နီပေါ ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီ ယက်နမ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံသားများ ပါဝင်ကြောင်းလည်း သိရသည်။
မကြာသေးခင်က ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသားများ အသတ်ခံရမှု နောက်ပိုင်း မြန်မာနိုင်ငံ ပြန်လိုသူများအား ကူညီပေးနေ သူ ဧရာဝတီ ဖောင်ဒေးရှင်း၏ တာဝန်ခံ ဦးသီဟမောင်မောင် က ယနေ့တွင် ဖမ်းဆီးမှု မတွေ့ရသေးကြောင်း ပြောသည်။
မကြာခင် ရက်ပိုင်းတွင် မြန်မာအလုပ်သမား ဝန်ကြီး ဦးဆောင်သည့် အဖွဲ့ လာမည်ဟု သိရကြောင်း၊ လက်ရှိ ဖမ်းဆီးခံ ထားရ သူများနှင့် တခြားမြန်မာ အလုပ်သမားများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် လာရောက်မည်ဟု သိရကြောင်း၊ လက်ရှိ ဖမ်းဆီး ခံထားရသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ မလေးရှား အာဏာပိုင်များက တစုံတရာ အကြောင်းကြားမှု မရှိသေးသည့်အတွက် မြန်မာသံရုံးအနေဖြင့် ကူညီဖြေရှင်းပေးနိုင်မှု မရှိသေးဟု သိရကြောင်းလည်း ဦးသီဟမောင်မောင်က ရှင်းပြ သည်။
မလေးရှား အာဏာပိုင်များသည် စက်ရုံအလုပ်ရုံများ တည်ရှိရာ မြို့နယ်များ၌ ဆက်တိုက် ဖမ်းဆီးလျက်ရှိရာ အထောက် အ ထားရှိသူ၊ မရှိသူများ အားလုံးကို ဖမ်းဆီး၍ ခိုင်လုံသည့် အထောက်အထားရှိသူ တချို့ကို ပြန်လည် လွှတ်ပေးကြောင်း သိရ သည်။
ကွာလာလမ်ပူမြို့ရှိ ကုန်တိုက်ကြီးတခုနှင့်နေရာတချို့တွင် လူအဝင်အထွက် အပေါက်များကို ပိတ်ဆို့၍ ယမန်နေ့က ဝင် ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ကပုန်းအရပ်တွင်လည်း ဖမ်းမည်ဟု ကြေညာထားကြောင်း ကပုန်းနာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။
မလေးရှား အာဏာပိုင်များ၏ ရုတ်တရက် ဖမ်းဆီးမှုကြောင့် စက်မှုဇုန်၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများသည် ရှောင်တိမ်းမည့် အချိန်မရကြောင်း၊ မည့်သည့်ရက်တွင် ဖမ်းဆီးမည်ဟု နေရာတချို့တွင် ကြိုတင်ကြေညာ သော်လည်း နေရာအများစုတွင် ကြေညာခြင်း မရှိသည့်အတွက် အခက်အခဲများ ပိုမိုကြုံတွေ့နေရသည်ဟု ဂျိုဟိုး အရပ် တွင် နေထိုင်သူ ကိုထွန်းထွန်း ကလည်း ပြောဆိုသည်။
“ဖမ်းဆီးမှုတွေ အရင်ကလည်းရှိခဲ့ပေမယ့် အခုလိုမျိုး ဖမ်းဆီးတာမျိုး တခါမှ မရှိခဲ့ဖူးဘူး၊ အခုလုပ်ရပ်က မလေးရှား အစိုးရကို တချို့ အတိုက်အခံ ပါတီတွေ၊ တရုတ်တွေက မထောက်ခံလို့ ဖမ်းဆီးတာလို့ ကျနော်ထင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စက် ရုံ အလုပ်ရုံ အများစုက တရုတ်တွေ ပိုင်ဆိုင်ထားတယ်”ဟု ၎င်းက ဆိုသည်။
မလေးရောက် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမှုများ လုပ်ဆောင်ရန် မလေးရှား အစိုးရက စီစဉ်မှုများကို ယခင်က အတိုက်အခံအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ NGO များက ကန့်ကွက်မှုများ ရှိခဲ့ကြောင်း၊ ယခု ဖမ်းဆီးမှုနှင့် ပတ်သက် ၍မူ မည်သည့် ပါတီ၊ အဖွဲ့အစည်းကမျှ ကန့်ကွက်မှု၊ ဝေဖန်ပြောဆိုမှု မရှိသည်မှာ ထူးခြားကြောင်း မလေးရောက် မြန်မာ များက ပြောသည်။
မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ကွာလာလမ်ပူရှိ မြန်မာသံရုံး အနေဖြင့် ထိထိရောက်ရောက် ကူညီပေးမှု မ ရှိကြောင်း၊ ပြီးခဲ့သည့်လအနည်းက ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့်ပတ်သက်၍ ကူညီမှုများသည် လည်း ၎င်းတို့ နာမည်ကောင်းယူရန် အတွက်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မလေးရောက် မြန်မာများက ပြောဆိုကြ သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၄ သိန်း ခန့် ရှိပြီး အများစုမှာ စက်ရုံ အလုပ်ရုံ၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေ ကြကြောင်း သိရှိ ရသည်။