ထိုင်းက မြန်မာ အလုပ်သမားတွေ ပြန်လာရင် ဘာလုပ်မှာလဲ
This article has been converted from Zawgyi One to Unicode
ထိုင်းနိုင်ငံအတွင်းတွင် ဆက်လက် တိုးပွားလာနေသော ရွှေ့ပြောင်းလုပ်သားများ ပြဿနာကို နေပြည်တော်ရှိ အစိုးရက သံတမန်နည်းဖြင့် ဖြေရှင်းရန်ကြိုးစားနေရခြင်းသည် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုပြဿနာ အမှန်တကယ်ရှိနေသည်ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။
တသိန်းမျှရှိသော မြန်မာရွှေပြောင်းလုပ်သားများ ကိုင်ဆောင်ထားသည့် ၄ နှစ် သက်တမ်းရှိ အလုပ်ဗီဇာသည် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သလို အချို့မှာ သက်တမ်းကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ထိုင်းအစိုးရ၏ တုန့်ပြန်မှုတွေကလည်း အလုပ်သမားများ၏ ကံကြမ္မာကို မရေမရာဖြစ်စေသည်။ သောင်းနှင့်ချီသော အလုပ်ဗီဇာများ ၂၀၁၄ ခုနှစ်အတွင်းတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။
ဗီဇာများ ထုတ်ပေးခဲ့သော ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်များ အတွင်းက စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခြေအနေများကလည်း ရောရောထွေးထွေး ဖြစ်နေသည်။ ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီး ဌာနမှ တာဝန်ရှိသူများကလည်း ပြောင်းရွှေ့အလုပ်သမား အရေအတွက် မည်မျှ အကျုံးဝင်မည်ကို အတိအကျ မပြောနိုင် ဟု ဆိုကြသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ဥပဒေများအရ ဗီဇာသက်တမ်း ကုန်ဆုံးသွားသော အလုပ်သမားများသည် မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ၃ နှစ်အတွင်း ပြန်လာခွင့်မရှိဟု ထိုင်းနိုင်ငံ အခြေစိုက် ပြောင်းရွှေ့လုပ်သားများ အခွင့်အရေး ကွန်ယက် (MWRN) ကပြောသည်။
လေးနှစ်သက်တမ်း ဗီဇာကုန်ဆုံးရက် နီးကပ်လာသော အလုပ်သမားအရေအတွက် တိုးလာသည် ဟု ဒီမိုကရက်တစ် မြန်မာ့အသံ၏ ဝက်ဆိုက်တွင် ဘန်ကောက်မြို့ မြန်မာသံရုံးမှ အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင် ၏ ပြောကြား ချက်ကို ကိုးကား၍ ဖော်ပြထားသည်။ “ဒီနှစ်ကုန်မှာ ဗီဇာသက်တမ်းကုန်မယ့် အလုပ်သမား ၁၀၀၀၀၀ လောက်ရှိပါတယ်” ဟု ဦးကျော်ကျော်လွင်က ပြောသည်။
ဗီဇာသက်တမ်းကုန်ဆုံးခဲ့ပြီး ဖြစ်သော မြန်မာအလုပ်သမား အချို့ကတော့ ထိုင်းနိုင်ငံမှာ တရားမဝင်ဆက်လက်နေထိုင် သည့် နည်းလမ်းကို ရွေးချယ်ကြသည်။ အခြားသော မသိနားမလည်သည့် အလုပ်သမားများသည်လည်း ဗီဇာသက် တမ်း တိုးခွင့်ရရန် အတွက် ထိုင်းနှင့် မြန်မာ ကြားပွဲစားများ၊ အလုပ်အကိုင် အေဂျင်စီများကို ငွေပေးနေကြရသည်ဟု (MWRN) ကဆိုသည်။
သူတို့တွေ ဘာအတွက်ကြောင့် ထိုင်းနိုင်ငံတွင်နေချင်ရသည်ကို အဖြေရှာရန် မခက်ပါ။
မြန်မာနိုင်ငံကို အာရှ၏ နောက်ဆုံးဈေးကွက် နေရာဖြစ်လာနေပြီး ရင်းနှီးမြှုပ်နှံမှုများကြောင့် အလွန်တိုးတက်ဖွံ့ဖြိုးလာမည် ဟု နိုင်ငံတကာ မီဒီယာများအားလုံးက ရေးသားနေကြသော်လည်း “အလုပ်အကိုင် အခွင့်အလမ်းက နိုင်ငံခြားက ပြန်လာမယ့်သူတွေကို ထည့်မတွက်ဘဲ ပြည်တွင်းက လက်ရှိ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိသူတွေ အတွက်တောင် မလုံလောက်ပါဘူး” ဟု Burma Economic Watch မှ တွဲဖက်အယ်ဒီတာ နှင့် စီးပွားရေး ပညာရှင်ဖြစ်သူ ရှောင်တာနဲလ်က ဧရာဝတီသို့ပြောသည်။
အကယ်၍ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာပြီး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော တယ်လီဖုန်း ဆက်သွယ်ရေး၊ မော်တော်ယာဉ်နှင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဆိုလျှင် ရွှေ့ပြောင်းလုပ်သားများ ပြန် လည်ရောက်ရှိလာခြင်းကို ကြိုဆိုရမည် ဖြစ်သည်ဟုလည်း သူကပြောသည်။
“ပြန်လာတဲ့သူတွေက မြန်မာနိုင်ငံကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။ ထိုင်းနိုင်ငံက ဒီလိုမျိုး အလားတူ လုပ်ငန်းခွင် တွေမှာ သူတို့ လေ့လာသင်ယူခဲ့တဲ့ ကျွမ်းကျင်မှုတွေက မြန်မာနိုင်ငံရဲ့ အနာဂါတ်စီးပွားရေးမှာ အရေးပါပါတယ်” ဟု လည်း Turnell ကဆိုသည်။
သို့သော်လည်း လက်ရှိအနေအထားအတိုင်းဆိုလျှင် ပြန်ရောက်လာကြသည့် ရွှေ့ပြောင်းလုပ်သားများသည် အလုပ်လက်မဲ့ ဖြစ်ရန် သို့မဟုတ် ဘဝရပ်တည်မှုအတွက် လယ်ယာလုပ်ငန်းခွင်များတွင် ကုပ်ကပ်ပြီး လုပ်ကိုင်ကြရန်က အလားအလာများ နေသည်။ ထိုင်းနိုင်ငံတွင် လက်မှုလုပ်သားနှင့် စွမ်းရည်နိမ့်လုပ်သား ရှားပါးသည့် ပြဿနာကြီးမားသည့်အတွက် ထိုင်းနိုင်ငံ အာဏာပိုင်များက သောင်းနှင့်ချီသော မြန်မာအလုပ်သမားများကို နေရပ်သို့ အတင်းပြန်ပို့မည် မဟုတ်ဘဲ နောက်ဆုံးတွင် အပေးအယူညှိနှိုင်းမှုတွေ လုပ်လာမည်ဟု သံတမန် အသိုင်းအဝိုင်းမှ ယူဆမှုများလည်း ရှိနေသည်။
အင်အားကောင်းနေသည့် ထိုင်းစီးပွားရေးသည် အလုပ်သမားရှားပါးမှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား ၃ သန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ သူတို့ထဲမှ အများစုမှာ တရားမဝင် လာရောက်လုပ်ကိုင်သူများ ဖြစ်ပြီး အများဆုံးက မြန်မာတွေဖြစ်သည်။
ဇူလိုင်လ တလအတွင်းမှာပင် ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများတွင် အလုပ်လုပ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၅၀၀၀၀ ခန့် ရောက်ရှိလာသည်ကို တွေ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ အဆိုအရသိရသည်။
အခြားအလုပ်ရရှိရန် ခက်ခဲသော်လည်း လုပ်ငန်းခွင် အခြေအနေဆိုးရွားမှုကြောင့် ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းမှ မြန်မာ တရားမဝင် အလုပ်သမားများ ထွက်ခွာလာမှုက များလာနေသည်။ ထိုင်းငါးဖမ်းလုပ်ငန်းသည် ကမ္ဘာ့ စည်သွပ်ငါး လုပ်ငန်း ကြီးမား စွာထောက်ပံ့ပေးနေသည်။
ထိုင်းနိုင်ငံရှိ ပင်လယ်စာထုတ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြသော မြန်မာရွှေ့ပြောင်းလုပ်သားများသည် စက်ရုံပိုင်ရှင်များက နိုင်ငံသားမဟုတ်သည့် အလုပ်သမားများနှင့် လုပ်ကိုင်ဆက်ဆံရာတွင် ကြားလူ အဖြစ်အသုံးပြုသော တဆင့်ခံ ကန်ထရိုတ်များ ၏ မတရားခေါင်းပုံဖြတ် အနိုင်ကျင့်ခြင်းခံနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြသည်။
မြန်မာအလုပ်သမားများ နှင့် အလုပ်လုပ်သည့် အချို့သော ထိုင်းကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံအတွင်းတွင် စက်ရုံများ နှင့် အခြားစီးပွားရေးလုပ်ငန်းများ တည်ထောင်ရန် စီစဉ်နေကြသည်။ ထိုသို့ပြောင်းရွှေ့ရန် စီစဉ်ခြင်းသည် ၎င်းတို့၏ အသုံး စားရိတ်ကို ဖြတ်တောက်နိုင်ရန် နှင့် ထိုင်းနိုင်ငံအတွင်းတွင် ပိုမိုဆိုးဝါးလာနေသော အလုပ်သမားရှားပါးမှုကို ဖြေရှင်းနိုင်ရန် ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ယခုနှစ်အတွင်းတွင် ထိုင်းအစိုးရက တနိုင်ငံလုံးအတွက် အနိမ့်ဆုံးတနေ့လုပ်ခကို အမေရိကန် ၁၀ဒေါ်လာနီးပါးနှင့် ညီမျှ သည့် ပမာဏအထိတိုးမြှင့်ပေးလိုက်သော်လည်း တရားမဝင်မြန်မာ အလုပ်သမားများ၏ လုပ်ခလစာမှာ နည်းပါး နေဆဲ ဖြစ်သည်။
ယခုအပတ်အစောပိုင်းက MWRN မှ ဧရာတီသို့ပြောကြားရာတွင် ထိုင်းအစိုးရက ဗီဇာသက်တမ်းကုန်ဆုံးသွားသော ရွှေ့ပြောင်းအလုပ်သမားများ အိမ်ပြန်ရမည့် ကာလအတိုင်းအတာကို လျှော့ချနိုင်ရန် ၎င်း၏ ဥပဒေများကို ပြင်ဆင်တော့ မည်ဟု ဆိုသည်။
အလုပ်သမားအခွင့်အရေး အဖွဲ့တခုက ထိုင်းနိုင်ငံအလုပ်သမားဌာန၏ အဆိုကို ကိုးကား၍ ထွက်ခွာရမည့်ကာလကို ၃ နှစ်မှ ၁ လ အထိလျှော့ချမည်ဟု ပြောသည်။ သို့သော်လည်း ယခုအချိန်အထိ တရားဝင် အတည်ပြု၍မရသေးပေ။
မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို စောင့်ကြည့်နေရဆဲသာဖြစ်သည်။
မြန်မာနိုင်ငံသား အမြောက်အများကို အတင်းပြန်ပို့ခဲ့ပါလျှင် ထိုင်းနိုင်ငံသည်လည်း မြန်မာနိုင်ငံ ကဲ့သို့ပင် အဆင်မပြေမှု များ ဖြစ်ပေါ်လာလိမ့်မည်ဟု ရှောင်တာနဲလ်က ဆိုသည်။
“ဖြစ်နိုင်တာကတော့ ထိုင်းနိုင်ငံအတွက် တကယ်ကို ဆုံးရှုံးသွားပါလိမ့်မယ်။ မြန်မာ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားပို့ကုန် ကဏ္ဍမှာ အလွန်အရေးပါပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်” ဟု သြစတေးလျနိုင်ငံ ဆစ်ဒနီရှိ Macquarie တက္ကသိုလ်မှ ပါမောက္ခတဦးလည်း ဖြစ်သူ ရှောင်တာနဲလ်ကပြောသည်။
“တကယ်လို့ မြန်မာနိုင်ငံကသာ ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ခင်းကျင်းထားနိုင်မယ်ဆိုရင် အလုပ်သမားတွေ အမြောက် အများ ပြန်ရောက်လာတာဟာ တကယ်ကို အင်အားဖြစ်စေမှာပါ” ဟု ဆိုသော်လည်း “ မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ မူဝါဒနဲ့ အခြေခံ အဆောက် အဦးတွေ ရနိုင်မှာလား၊ ခေတ်မီစီးပွားရေးရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မြန်မာ အလုပ်သမားတွေ အတွက် လုံလောက်တဲ့ ပညာရေးတွေ မြှင့်တင်ပေးနိုင်မှာလား” ဟုလည်း ရှောင်တာနဲလ်က မေးခွန်း ထုတ်ခဲ့သည်။
( William Boot ၏ No Jobs at Home for Burmese Facing Expulsion From Thailand ကို နိုင်မင်းသွင် ဘာသာပြန်သည်)