အလုပ်ချိန် ၈ နာရီနှင့် အချိန်ပို ၃ နာရီထက် ပိုခိုင်းသည့် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများကို တိုင်ကြားပါက ဝန်ကြီးဌာနက စစ်ဆေးကာ တရားစွဲသွားမည် ဖြစ်ကြောင်း သိရသည်။
မည်သည့် အလုပ်သမားမဆို သတ်မှတ် အလုပ်ချိန်ထက် ကျော်လွန်အောင် ခိုင်းစေခြင်းခံရပါက အလုပ်သမား ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ အဆိုပါ တိုင်ကြားချက်ကို မူတည်ကာ စစ်ဆေးမည်ဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဘက် ညှိနှိုင်းပေးမည် ဖြစ်သော်လည်း မရပါက အလုပ်ရှင်ကို တရားစွဲမည်ဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ဒု ညွှန်ကြားရေး မှူးချုပ် ဦးစောနိုင်က ပြောသည်။
“ပုဂ္ဂလိကဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် ဘယ်အလုပ်သမားမဆို ဝန်ကြီးဌာနကို တိုင်မယ်ဆိုရင် ဖြေရှင်းပေးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်သမား အခွင့်အရေးအရ အိမ်ဖော် ဆိုရင်တောင် ၈ နာရီထက် ပိုလုပ်ရရင် တိုင်လို့ရတယ်၊ ဖြေရှင်းလို့ မရရင်တော့ အလုပ်ရှင်ကို တရားစွဲမှာပါ” ဟု ဒု ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်က ဧရာဝတီသို့ ပြောသည်။
ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်သည့် အစီအစဉ်ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး သာမန် တိုင်ကြားမှုမျိုးနှင့် ပစ်စာများအတွက် တိုင်ကြားသူ၏ အမည်ကို လျှို့ဝှက်ပေးထားမည် ဖြစ်ကြောင်း၊ ဝန်ထမ်း နစ်နာမှု တိုင်ကြားခြင်း အတွက်သာ အမည်ဖော်ပြပြီး ဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။
“ဝန်ထမ်းတွေ ဘက်က တိုင်ဖို့ဆိုတာ ခက်တယ်၊ စက်ရုံ အလုပ်ရုံတွေက အချိန်ပိုခိုင်းတယ် ဆိုတာကို ဌာနက ဝင်စစ်ပေါ့၊ အလုပ်သမားတွေ ဘက်က အချိန်ပို ဆင်းတယ်ဆိုတာ ဖိစီးမှု သိပ်ကိုကြီးတယ်လေ။ တိုင်ရင် အရေးယူပါမယ် ဆိုတာကတော့ ၁၀ စုနှစ် တခုလောက် ပြောလာတာပဲ၊ လက်တွေ့ကျကျ ကွင်းဆင်း ကျပ်မတ်ဖို့တော့ လိုတာပေါ့။ တိုင်တဲ့ အလုပ်သမားကို
ဥပဒေအရ ဘယ်လို အကာအကွယ် ပေးမလဲဆိုတာလည်း လိုသေးတယ်။ ဝန်ထမ်းကို တိုင်လို့ မဖြုတ်ပစ်ပေမယ့် နည်း အမျိုးမျိုး သုံးပြီး ဖြုတ်ချင်ရင် ရတာပဲလေ” ဟု အလုပ်သမား၊ အလုပ်ရှင် အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းရေး ခုံသမာဓိ ကောင်စီဝင် ဦးရဲနိုင်ဝင်းက ပြောသည်။
စက်ရုံ၊ အလုပ်ရုံများတွင် အချိန်ပိုနှင့် All Night (တညလုံး အလုပ်ချိန်ပို ဆင်းရခြင်း) များ ရှိခဲ့သည်မှာ ဆယ်စုနှစ် တစုပင် ကျော်ခဲ့ပြီဖြစ်ကြောင်း သူက ဆိုသည်။
“ကျမတို့က အလုပ်ချိန်ပို ဆင်းခိုင်းလို့ တိုင်ရမယ် ဆိုတာတော့ ခက်တယ်။ နာမည် မဖော်ဘူးပဲ ပြောပြော၊ တဆင့်စကားနဲ့ တိုင်တယ်ဆိုတာ ပေါ်သွားရင် ပြဿနာ ဖြစ်နိုင်တယ်လေ။ အော်ဒါထည် ပါးတဲ့ အချိန်တွေ ဆိုရင်တော့ အချိန်ပို သိပ် မဆင်းရဘူး၊ အထည်တွေပုံ လာပြီ ဆိုရင်တော့ တပတ်၊ နှစ်ပတ် ဆက်တိုက် ညလုံးပေါက် ဆင်းခိုင်းတာတွေ ရှိတယ်” ဟု မင်္ဂလာဒုံ စက်မှုဇုန်အတွင်းရှိ အထည်ချုပ် စက်ရုံတရုံမှ အလုပ်သမ မသဲစုမွန်က ပြောပြသည်။
မင်္ဂလာဒုံ စက်မှုဇုန်နှင့် အနီးတဝိုက်ရှိ အထည်ချုပ် စက်ရုံအများစုတွင် အလုပ်ချိန်ကို မနက် ၈ နာရီမှ ည ၉ နာရီအထိ ပျှမ်းမျှ သတ်မှတ်လေ့ရှိပြီး အလုပ်များသည့်အပေါ် မူတည်ကာ ည ၁၂ နာရီ အထိလည်းကောင်း၊ မနက် ၆ နာရီ အထိလည်းကောင်း ထပ်မံ အချိန်ပို ဆင်းရလေ့ရှိကြောင်း သိရသည်။
အချိန်ပိုကြေးကိုမူ တနာရီလျှင် ကျပ် ၃၀၀ မှ ၈၀၀ ကျပ် အကြား တွက်ကာ ပေးကြောင်း၊ ညလုံးပေါက် အလုပ် ဆင်းရသူများ ကို ညစာစားရန် အတွက် မုန့်ဖိုး ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အကြား ပေးကြောင်း အလုပ်သများများက ပြောကြသည်။
စက်ရုံ အလုပ်ရုံများအပြင်၊ ပုဂ္ဂလိက ကုမ္ပဏီတချို့တွင်လည်း အလုပ်ချိန် ပိုဆင်းရသော်လည်း အချိန်ပိုကြေး မရသည့် ပြဿနာများ ရှိကြောင်း၊ တခါတရံတွင် ဝန်ထမ်းလစာကို သတ်မှတ်ရက်ထက် တပတ်၊ ၂ ပတ် နောက်ကျပြီးမှ ထုတ်ပေးခြင်း၊ အလုပ်တက်ချိန် နောက်ကျသည်နှင့် နောက်ကျကြေးဟု ဆိုကာ ကျပ် ၁၀၀၀ မှ ၂၀၀၀ ကျပ် အထိ လစာငွေထဲမှ ဖြတ်ယူခြင်း၊ နေထိုင်မကောင်း၍ ခွင့်ယူပါကလည်း တရက်စာ ပျက်ရက်ကြေး အဖြစ် လစာဖြတ်ခြင်းများ ရှိကြောင်း သိရသည်။